ကျောင်းသန့်ရှင်းရေး ပြုလုပ်ရန် သျှမ်းပြည်သူများကို စစ်ကောင်စီမှ ဖိအားပေးခိုင်း

မေ ၂၄ရက် ၂၀၂၁

သျှမ်းပြည်တစ်ဝှမ်းရှိ မြို့ငယ်များတွင် စစ်ကောင်စီမှ ကျောင်းဖွင့်ရန်အတွက် ပြည်သူများကို ဖိအားပေးပြီး ကျောင်းသန့်ရှင်းရေး ပြုလုပ်ခိုင်းနေကြောင်း စုံစမ်းသိရသည်။

မေ ၂၂ရက် မှစတင်ကာ ယနေ့ချိန်ထိ သျှမ်းတောင်ပိုင်းတွင် စစ်ကောင်စီ မှ မိဘပြည်သူများကို ကျောင်းသန့်ရှင်းရေး လုပ်ရန် ခေါ်ဆောင်နေပြီး၊ ကျောင်းလာအပ်ရန်လည်း အတင်းအဓမ္မ ခေါ်ဆောင်နေကြောင်း သျှမ်းတောင် ပြည်သူများက သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ကျောင်းဖွင့်ဖို့ မိဘပြည်သူတွေကို ကျောင်းသန့်ရှင်းရေး လာလုပ်ခိုင်းတယ်။ ပြီးတော့ ကျောင်းတွေပြန်လာအပ်ခိုင်းသေးတယ် သွားအပ်တဲ့သူတွေက တပ်ထဲကလေးတွေနဲ့ မသိနားမလည်တဲ့မိဘတွေပဲ။။ သွားမအပ်တဲ့သူများတယ်” ဟု သျှမ်းတောင် ကျေးသီးမြို့ ဒေသခံတစ်ဦး က သျှမ်းသံတော်ဆင့် ကို ပြောသည်။

အလားတူ လင်းခေး၊ လဲချား၊ ပင်လုံ၊ စသည့်မြို့များတွင် စစ်ကောင်စီမှ ကျောင်းဖွင့်ရန်စီစဉ်နေကြောင်းသိရသည်။

စစ်ကောင်စီမှ ယနေ့ ( မေ ၂၄ ) ရက်မှစပြီး ကျောင်းကိုအပ်ခိုင်းပြီး လာမည့် ဇွန်လ ( ၁ ) ရက် တွင် ကျောင်းများ တက်ခိုင်းသွားမည်ဖြစ်ကြောင်းသိရသည်။

“ မနေ့က လင်းခေးမှာ အစည်းဝေးလုပ်တာ။ ၂၅ ရက်ကျောင်းအပ်ခိုင်းပြီး နောက်လ ၁ရက် မှ ကျောင်းပြန်တက်ခိုင်း မယ်လို့ပြောတယ်။ ကျောင်သားကောရှိပါမလားမသိဘူး။ ကလေးတွေ ကျောင်းမတက်ဖို့ များတယ်” ဟု လင်းခေးမြို့ ဒေသခံတစ်ဦးကပြောသည်။

လက်ရှိ ကျောင်းများ ပြန်ဖွင့်ရန် အတွက် စစ်ကောင်စီမှ ကျောင်းသားမိဘများကို သန့်ရှင်းရေးပြုလုပ်ရန် ခေါ်ခြင်း၊ ကျောင်းလာအပ်ရန် ခေါ်နေကြောင်း နှင့် ကျောင်းများတွင်လည်း လုံခြုံရေးအရ စစ်အင်အား အများအပြား စောင့်ဆိုင်း နေကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာတဝှမ်းလုံးရှိ ပညာရေးဝန်ထမ်းများ စစ်အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM)ပါဝင်နေကြသည်။

ထိုကြောင့် ကျောင်းဆရာ၊ဆရာမများ CDM ပြုလုပ်ထားသဖြင့် စာသင်ကြားပေးမည့် ဆရာ၊ဆရာမ များမရှိကာ စစ်ကောင်စီမှ CDM ပြုလုပ်ထားသည့် ပညာရေးဝန်ထမ်းများကို နည်းမျိုးစုံ ခြိမ်းခြောက်၊ ဖမ်းဆီးမှု ပြုလုပ်နေကြောင်း သိရသည်

စစ်ကောင်စီမှ ကျောင်းသန့်ရှင်းရေး ပြုလုပ်ရန်ဖိအားပေးခိုင်း

Leave a Reply

Your email address will not be published. Required fields are marked *