ကိုရီးယားလွှတ်တော်အမတ် ၈၁ဦးက ၂၀၂၀ရွေးကောက်ပွဲရလာဒ်ကိုအသိအမှတ်ပြုကြောင်း ထုတ်ပြန်

ကိုရီးယားလွှတ်တော်အမတ် ၈၁ဦးက ၂၀၂၀ရွေးကောက်ပွဲရလာဒ်ကိုအသိအမှတ်ပြုကြောင်း ထုတ်ပြန်

၂၀၂၁ခုနှစ် နိုဝင်ဘာလ ၈ရက်နေ့တွင် ရွေးကောက်ပွဲတနှစ်ပြည့် အထိမ်းအမှတ်အဖြစ် မြန်မာပြည်ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ ပြန်လည်ရရှိရေးအတွက် ကိုရီးယားပြည်သူ့လွှတ်တော်အမတ်များအဖွဲ့တွင် ပါဝင်သော အာဏာရပါတီနှင့် အတိုက်အခံပါတီများမှ လွှတ်တော် အမတ်၈၁ဦးက စုပေါင်း၍ အောက်ပါအတိုင်း ထုတ်ပြန်ကြေညာချက်ထုတ်ကာ မြန်မာ့ဒီမိုကရေစီရေးအား ထောက်ခံလိုက်ပါသည်။

၁) မြန်မာနိုင်ငံ၏ ၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲရလာဒ်သည် မြန်မာပြည်သူလူထု၏ ဆန္ဒအမှန်ဖြစ်သဖြင့် အကြွင်းမဲ့ အသိအမှတ်ပြုသွားမည် ဖြစ်ကြောင်း

၂) မတရား ဖမ်းဆီးထိမ်းသိမ်း ခံထားရသည့် နိုင်ငံတော်၏ အတိုင်အပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်အပါအဝင် ရွေးကောက်ခံ ပြည်သူ့ကိုယ်စားလှယ်များနှင့်တကွ နိုင်ငံရေးအကျဉ်းသားများ အားလုံးကို ခြွင်းချက်မရှိ ချက်ချင်း ပြန်လွှတ် ပေးရန် တောင်းဆိုကြောင်း

၃) နိုင်ငံ၏အချုပ်အခြာအာဏာကို ဥပဒေမဲ့ မတရားရယူ သိမ်းပိုက်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့်တကွ အပေါင်းအပါ စစ်အုပ်စုကို ကန့်ကွက် ရှုတ်ချပြီး၊ ပြည်သူ့အစိုးရထံ ပြည်သူ့အာဏာကို အမြန်ဆုံး ပြန်လည်အပ်နှင်းရန် တောင်းဆိုကြောင်း

၄) မြန်မာပြည်သူလူထုတရပ်လုံး၏ မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုကို ထောက်ခံအားပေးနေပြီး အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)နှင့် တိုင်းရင်းသားများ၊ ဒီမိုကရေစီအရေးလှုပ်ရှားသူ အားလုံးနှင့် ပူးပေါင်း လက်တွဲကာ မြန်မာနိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ ပြန်လည် ရောက်ရှိနိုင်စေရေးအတွက် အတူတကွ ဝိုင်းဝန်း ကူညီ ဆောင်ရွက်သွားမည်ဟု ကတိပြုကြောင်း

အစရှိသဖြင့် ထုတ်ပြန်ကြေညာလိုက်ပြီး ရွေးကောက်ပွဲနှစ်ပတ်လည်နေ့ ဖြစ်သည့် နိုဝင်ဘာလ ၈ရက်နေ့ တနင်္လာနေ့ မနက်တွင်လည်း ကိုရီးယားလွှတ်တော်ရှေ့တွင် လွှတ်တော်အမတ် ၂၁ဦးမှ အဆိုပါ ထုတ်ပြန်ကြေညာချက်ကို ဖတ်ကြား၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားမည်ဖြစ်ပါသည်။

ဦးရန်နိုင်ထွန်း
ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ်
အမျိုးသားညီညွတ်ရေးအစိုးရ

Leave a Reply

Your email address will not be published. Required fields are marked *