အမျိုးသမီးနှင့်လူမျိုးစုငယ်များ အခွင့်အရေး ခေါင်းဆောင်မှု့မကောင်းရင် ဘာမှလုပ်မရဘူးဟုဆို

အမျိုးသမီးနှင့်လူမျိုးစုငယ်များ အခွင့်အရေး ခေါင်းဆောင်မှု့မကောင်းရင် ဘာမှလုပ်မရဘူးဟုဆို

နိုင်ငံတစ်ခုတွင် စနစ်များ၊ မူဝါဒများ မည်မျှပင် ကောင်းစေကာမှု နိုင်ငံခေါင်းဆောင်များ၏ လုပ်လိုသည့် ဆန္ဒမရှိပါက လူမျိုးစုငယ်များ၊ အမျိုးသမီးများအနေဖြင့် အခွင့်အရေး ရရှိမည်မဟုတ်ဟု ရန်ကုန်စောင့်ကြည့်အဖွဲ့မှ ဥက္ကဋ္ဌ ဒေါက်တာ ညိုညိုသင်းက ပြောသည်။

၎င်းက “စနစ်က ဘယ်လောက်ကောင်းကောင်း ပါတီတွေက ဘယ်လောက်ပဲ သူတို့ရဲ့ မူဝါဒအနေနဲ့ ကြေညာထား၊ ကြေညာ ထား တကယ်တမ်းကြတော့ နိုင်ငံရေးခေါင်းဆောင်တွေရဲ့ Willingness ပေါ့။ Willingness က အဓိကပဲ။ လူနည်းစုတွေကို နေရာ ပေးသလားတို့၊ အမျိုးသမီးတွေကို နေရာပေးသလားတို့ ဆိုတာတွေဟာ အဲဒီပါတီတွေကို ခေါင်းဆောင်တဲ့ အကြီးအကဲ တွေ အပေါ် အများကြီး မူတည်ပါတယ်။ ဘယ်လောက်ပဲ ပျံနေအောင် စည်းကမ်းတွေထားထား၊ နိုင်ငံရေးခေါင်းဆောင်တွေရဲ့ Willingness က သိပ်ပြီး အရေးကြီးတာပေါ့။ ဒါအန်တီတို့ ပြီးခဲ့တဲ့ သက်တမ်းနှစ်ခုကို ကြည့်လိုက်လို့ရှိရင် အထင်းသား မြင်နေ ရတယ်လေ” ဟု ပြောသည်။

ယခင်အစိုးရ သက်တမ်းနှစ်ခုကို ပြန်လည်လေ့လာကြည့်ပါက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လက်ထက်မှာ လွှတ်တော်အတွင်း အမျိုးသမီး ပါဝင်မှု များလာသော်လည်း ဆုံးဖြတ်ချက်ချမှတ်နိုင်သည့် အခွင့်အရေးမှာ နည်းပါးခဲ့ကြောင်း ဒေါက်တာညိုညိုသင်းက ပြောသည်။

“ဦးသိန်းစိန် လက်ထက်္မှာကြတော့ အမျိုးသမီးတွေ ပါဝင်နှုန်းက တော်တော်ကို နည်းခဲ့တာ။ တချို့လွှတ်တော်တွေဆိုရင် ၂ % လောက်ပဲရှိခဲ့တာ။ တစ်နိုင်ငံလုံးမှာမှ ၇ % လောက်ပဲ ရှိခဲ့တာ။ အဲ‌တော့ ဦးသိန်းစိန်လက်ထက်္မှာ အမျိုးသမီး အရေအတွက် အတော်နည်းခဲ့တယ်။ သို့သော်လည်းပဲ ဦးသိန်းစိန်လက်ထက်မှာ ဦးသိန်းစိန် အကြံပေးများရဲ့ ကောင်းမှုကြောင့် အစိုးရအဖွဲ့ထဲ မှာ အမျိုးသမီးအချို့ နေရာရတယ်။ NLD လက်ထက်မှာ ဆိုလို့ရှိရင် အမျိုးသမီးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည် တစ် ယောက်ပဲ ရှိခဲ့တာပေါ့နော်။ ဦးသိန်းစိန် ခေတ်မှာတောင်မှာ အမျိုးသမီးဝန်ကြီးတွေက NLD လက်ထက်စာရင် အများကြီးရှိခဲ့ တယ်” ဟု၎င်းက ပြောသည်။

၂၀၁၀ ခုနှစ် လွှတ်တော်သက်တမ်းတွင် အမျိုးသမီး ပါဝင်မှု ၄ ရာခိုင်နှုန်းသာရှိပြီး ၂၀၁၅ ခုနှစ် လွှတ် တော်သက်တမ်းတွင် အမျိုးသမီး ပါဝင်မှု ၁၃ ရာခိုင်နှုန်းရှိကြောင်း၊ ၂၀၂၀ ခုနှစ် လွှတ်တော်သက်တမ်းတွင် ၁၆ ရာခိုင်နှုန်းခန့်ရှိကြောင်း ISP Myanmar မှ သိရှိရပါသည်။

ရခိုင်ပြည်နယ် မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဦးဖေသန်းက စနစ်ကောင်းရန် ပိုအရေးကြီးကြောင်းနှင့် မိမိတို့ နိုင်ငံအနေဖြင့် မည်သည့်စနစ်မျိုး ကျင့်သုံးမည်ကို ရွေးချယ်ရန် လိုအပ်ကြောင်း ပြောသည်။

၎င်းက “စနစ်ကောင်းမကောင်းက ပိုအရေးကြီးတာပေါ့ဗျာ။ ‌ခေါင်းဆောင်ကောင်း ဆိုတာကတော့ သူ့ဟာနဲ့သူတော့ ရှိလာမှာ ပေါ့။ အရည်အချင်းနည်းတာ များတာနဲ့ပဲ ပြောလို့ရမယ်။ စနစ်ကောင်းဖို့က အရေးကြီးတာပေါ့။ ကျနော်တို့ ဒီမိုကရေစီစနစ်ကို တစ်ကမ္ဘာလုံးက အမှားအယွင်းနည်းတယ်၊ အား နည်းချက် နည်းတယ်ဆိုပြီး လက်ခံထားကြတာပဲ။ ဒီမိုကရေစီစနစ် ဖြစ်စရာ မလိုဘူး။ စစ်အာဏာ ရှင်စနစ်လည်း ခေါင်းဆောင်ကောင်းရင် တိုးတက်နိုင်တယ်ဆိုတဲ့ ပုံစံမျိုး ပြောလာရင်တော့ ကျ‌နော်တို့က ဒီမိုကရေစီကို မသိကျိုးကျွန်ပြုရာ ရောက်တာပေါ့။ ကျ‌နော်တို့နိုင်ငံက ဒီမိုကရေစီနဲ့သွားမလား၊ တစ်ပါတီစနစ်နဲ့ သွားမလား ဆုံးဖြတ်လေ။ တရုတ်လို ဆုံးဖြတ်မလား ဆိုရှယ်ဒီမိုကရေစီနဲ့ သွားမလား။ တစ်ပါတီစနစ်နဲ့ သွားမလား အဲတာ ဆုံးဖြတ်ပေါ့။ ပါတီစုံစနစ်နဲ့ သွားမယ်ဆိုပြီးမှတော့ ခေါင်း ဆောင်ညံ့တာ ဖျင်းတာက ပြဿနာမဟုတ်တော့ဘူး” ဟု ပြောပါသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)မှ ဥက္ကဋ္ဌ ဦးသိန်းစိုးက PR စနစ် ပြောင်းလဲကျင့်သုံးခဲ့ပါက လူမျိုးစုငယ်များ အပါအဝင်၊ တိုင်းရင်းသားများ၊ အမျိုးသမီးများနှင့် တစ်သီးပုဂ္ဂလများလည်း အခွင့် အရေး ရရှိလာမည်ဟု နိုဝင်ဘာ ၅ ရက်က နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးစဉ် ပြောကြားခဲ့သည်။

ဒေါက်တာ ညိုညိုသင်းက စစ်တပ်အနေဖြင့် လူ့အခွင့်အရေး လေးစားလိုက်နာမှုများ၊ ဒီမိုကရေစီစံနှုန်းများ ကျင့်သုံးနိုင်မှု မြှင့်တင်လိုပါက လုပ်ဆောင်ရန်လွယ်ကူသည့် အနေအထားတွင် ရှိကြောင်း ပြော သည်။

၎င်းက “နိုင်ငံရေး စိတ်စေတနာ တကယ်မှန်ကန် တယ်ဆိုလို့ရှိရင် စစ်တပ်လက်ထက်ဆို ပိုပြီးတောင် အကောင်အထည် ဖော်လို့ရ တယ်ပေါ့နော်။ ပြောချင်တာက စစ်တပ်ဆိုတာ အမိန့်ထုတ်လိုက်လို့ရှိရင် ဟိုးအောက်အထိ မဖြစ်မနေ လိုက်နာရ တယ်။ ဒီမိုကရေစီ အစိုးရခေတ်တို့၊ အရပ်သားအစိုးရခေတ်တို့ဆိုတာက ပြန်လှန်မေးခွန်းထုတ်တာတို့ ဘာတို့ရှိသေးတယ် လေ။ ရှိတော့ အမိန့်တစ်ခုကို အကောင် အထည် ဖော်ဖို့ဆိုတာက စစ်တပ်ထက်ပိုပြီး‌တော့ ခက်တယ်လေ။

တကယ်ကို စစ်တပ် ခေတ်မှာ လူ့အခွင့်အရေးလေးစား လိုက်နာမှုတွေ ဒီမိုကရေစီရဲ့ စံနှုန်းတွေကို ကျင့်သုံးနိုင်မှုတွေကို မြှင့်တင်ချင် တယ်ဆိုရင် လုပ်ချင် ရင် လုပ်လို့ရတဲ့ အနေအထားတွေ ရှိတယ်ပေါ့နော်”ဟု MCC သတင်းဌာနသို့ ပြောပါသည်။

လက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံရေးအခန်းကဏ္ဍများတွင် လူမျိုးစုငယ်များ၊ အမျိုးသမီးများ ပါဝင်လာရန် စိတ်စေတနာမှန်မှန်နှင့် ဖြေရှင်းပေးနိုင်သည့် နိုင်ငံရေးခေါင်းဆောင်များ၊ အုပ်ချုပ်ရေးခေါင်းဆောင်၊ တပ်ခေါင်းဆောင်များ များစွာလိုအပ်နေကြောင်း ဒေါက်တာညိုညိုသင်းက ပြောပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *