အာဆီယံကိုယ်စားလှယ်၏တောင်းဆိုချက်သည် တည်ဆဲဥပဒေများနှင့်မညီဘူးလို့ စစ်ကောင်စီဒုဥက္ကဌပြော

ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံခွင့်လိုကြောင်း အာဆီယံအထူး ကိုယ်စားလှယ်၏ တောင်းဆိုချက် တည်ဆဲတရားဥပဒေနှင့်ကိုက်ညီမှုမရှိ၍ ခွင့်မပြုခဲ့ဟု အာဆီယံဆက်စပ်အစည်းအဝေးတွင် နစကဒုဥက္ကဋ္ဌဖွင့်ဟပြော

အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများ အဖွဲ့၏(၆)ကြိမ်မြောက် ထိပ်သီးအစည်းအဝေးနှင့် ဉက္ကဋ္ဌတာဝန်လွှဲပြောင်းသည့် အခမ်းအနားသို့ အထူး ဧည့်သည်တော်အဖြစ် နစကဒုဥက္ကဋ္ဌတက်ရောက်ခဲ့ရာတွင် အာဆီယံအထူး ကိုယ်စားလှယ်၏ တောင်းဆိုချက်များထဲမှ တစ်ချက်အား ထုတ်ဖော်ပြောဆိုသွားသည်။

အထူး ဧည့်သည်တော်အဖြစ် ဗီဒီယိုမက်ဆေ့ပေးပို့၍ အဖွင့်မိန့်ခွန်း ပြောကြားစဉ် အထက်ပါအကြောင်းအရာအား ထည့်သွင်းပြောဆိုသွားခြင်းဖြစ်သည်။

“အာဆီယံအထူးကိုယ်စားလှယ် လာရောက်ရေးနှင့် ပတ်သက်၍လည်း အမျိုးမျိုးသော ညှိနှိုင်းမှု၊ တောင်းဆိုမှုနှင့် အပြောင်းအလဲများအပြင် တည်ဆဲဥပဒေအရ တရားရင်ဆိုင်ဆဲ ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ကို မည်သည့်ပုဂ္ဂိုလ်အဖွဲ့အစည်းကမျှ တွေ့ခွင့်မရှိသည့် ဥပဒေလုပ်ထုံးလုပ်နည်းများကို ကျော်လွန်လျက် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်တောင်းဆိုချက်များ ကြုံတွေ့ ခဲ့ပါတယ်။ မည်သည့်နိုင်ငံမဆို ယခုလိုပဲ တည်ဆဲတရားဥပဒေကို မည်သူကမျှ ကျော်လွန်ခွင့်ပြုပေးနိုင်မည် မဟုတ်ဟု ယုံကြည်ပါတယ်”ဟု နစကဒုဥက္ကဋ္ဌကပြောသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်မပေးသည့် ကိစ္စအပါအဝင် အခြားသော ညှိနှိုင်းမရသော ကိစ္စများကြောင့် အာဆီယံအထူးကိုယ်စားလှယ်၏ မြန်မာခရီးစဉ် ပျက်သွားသလို နောက်ဆက်တွဲအနေဖြင့် အာဆီယံထိပ်သီးအစည်းအဝေးသို့ နစကဥက္ကဋ္ဌတက်ရောက်ခွင့် မရခဲ့ဘဲချန်လှပ်ခြင်းခံထားလိုက်ရသည်။

ယင်းကိစ္စအား နစကဒုဥက္ကဋ္ဌက “နိုင်ငံတော်ပိုင်းကလည်း တည်ဆဲဥပဒေ ကန့်သတ်ချက်မှလွဲ၍ ကျန်လိုက်လျောနိုင်သမျှ လိုက်လျောခဲ့သော်လည်း အာဆီယံအထူး ကိုယ်စားလှယ်ဝင်ခွင့် မရမှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံကို အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်ထိပ်သီး အစည်းအဝေးများမှာ ချန်လှပ်ခဲ့တာဟာ အာဆီယံရဲ့ ပဋိညာဉ်အပိုဒ် ၂၀(၁)၊ အပိုဒ်၈ (၂)(က) နှင့် အပိုဒ် ၂(၂)(က)၊ (င)၊ (စ)တို့နှင့် ဆန့်ကျင်နေတာကိုလည်း ဝမ်းနည်းစိတ်မကောင်းဖွယ် ကြုံတွေ့ရပါတယ်”ဟု မှတ်ချက်ပြုခဲ့ပြီး “ယခုလို ASEAN Centrality, UNITY, WAY တွေအပေါ် ကျော်လွန် ဆောင်ရွက်လာတာဟာ မြန်မာနိုင်ငံတစ်ခုတည်းပေါ်မှာသာ သက်ရောက်မှာ မဟုတ်ဘဲ ကျန်အဖွဲ့ဝင်နိုင်ငံများအပေါ်မှာလည်း အချိန်ကာလတစ်ခု၊ အခြေအနေ တစ်ခုခုတို့တွင် ယခုလိုပဲ အာဆီယံ ပြင်ပအသိုက်အဝန်းတွေရဲ့ လိုရာဆွဲစီမံ ဆောင်ရွက်ခံရမှု၊ တွန်းအားပေးခံရမှုနဲ့ သပ်လျှိုမှုများကိုလည်း စည်းလုံး ညီညွတ်သော အာဆီယံနိုင်ငံများအတွင်း ရောက်ရှိလာနိုင်ပါကြောင်း၊ တစ်နည်းအားဖြင့် အာဆီယံနိုင်ငံများ အချင်းချင်း မျက်နှာထက်ကျော်လွန်ကြည့်ရတဲ့ သက်ရောက်မှုများ ရှိလာနိုင်ကြောင်း သတိပြုစေလိုပါတယ်”ဟု အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများ အဖွဲ့၏(၆)ကြိမ်မြောက် ထိပ်သီးအစည်းအဝေးနှင့်
ဉက္ကဋ္ဌတာဝန်လွှဲပြောင်းသည့် အခမ်းအနားတွင်ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *