ထန်တလန်မီးရှို့မှုများကို ကုလတွင် သံအမတ်ကြီးတင်ပြ

ထန်တလန်မြို့ မီးရှို့မှု အပါအဝင် စစ်ကောင်စီက ကျူးလွန်သော ရက်စက်ကြမ်းကြုတ်မှုများကို နိုင်ငံတကာက ချက်ချင်း အရေးယူရေး ကုလသမဂ္ဂအထွေထွေညီလာခံတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်း မိန့်ခွန်းပြော တင်ပြ

ရန်ကုန်၊ အောက်တိုဘာ ၃၀

ချင်းပြည်နယ်၊ ထန်တလန်မြို့တွင် အောက်တိုဘာလ ၂၉ ရက်နေ့ စစ်ကောင်စီက မီးရှို့မှုအပါအဝင် စစ်ကောင်စီက ကျူးလွန်သော ရက်စက်ကြမ်းကြုတ်မှုများနှင့်ပတ်သက်၍ နိုင်ငံတကာက ချက်ချင်းအရေးယူရန် ယနေ့ ကျင်းပသော ၇၆ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံတွင် သံအမတ်ကြီးဦးကျော်မိုးထွန်းက တင်ပြ ပြောဆိုကြောင်း သိရှိရသည်။

အောက်တိုဘာလ ၂၉ ရက် ( မြန်မာစံတော်ချိန် အောက်တိုဘာလ ၃၀ ရက်နေ့) အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် ကျင်းပသော ၇၆ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ မျက်နှာစုံညီအစည်းအဝေး၌ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ပြည်သူများအား စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများမှ အကာအကွယ်ပေးနိုင်ရေးအတွက် အမြန်ဆုံးအရေးယူဆောင်ရွက်ရန် သံအမတ်ကြီး ဦးကျော်မိုးထွန်းက မေတ္တာရပ်ခံလိုက်ခြင်းဖြစ်သည်။

သံအမတ်ကြီးဦးကျော်မိုးထွန်းက

(က) စစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် ကြီးလေးသော လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်လျက်ရှိကြောင်း၊ (၉) လအတွင်း ဥပဒေမဲ့ ဖမ်းဆီးခံရသူ (၉,၀၀၀) ကျော်နှင့် သတ်ဖြတ်ခံရသူ (၁,၂၀၀) ခန့် ရှိကြောင်း၊ မြန်မာနိုင်ငံ၏ အနောက်မြောက်ပိုင်းတွင် စစ်တပ်မှ နယ်မြေရှင်းလင်းခြင်းများ ဆောင်ရွက်လျက်ရှိပြီး၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကြောင့် လူပေါင်း (၈၀) ကျော် သေဆုံးခဲ့ရကြောင်း၊

(ခ) ပြည်သူများ၏ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်မှစ၍ အသက်ရှင်ရပ်တည်ခွင့်အထိ အခွင့် အရေးများအားလုံး ချိုးဖောက်ခံနေကြရကြောင်း၊ ရက်စက်ကြမ်းကြုတ်မှုများမှာလည်း ပိုမိုဆိုးရွားလျက်ရှိကြောင်း၊

(ဂ) စစ်တပ်အနေဖြင့် အင်အားကြီးမားသော စစ်ဆင်ရေးကို မုတ်သုန်ရာသီကုန်ဆုံးချိန်တွင် ဆောင်ရွက်ရန် စီစဉ်ထားကြောင်း၊ ယင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ဒေသခံ အမြောက်အများအား ပစ်မှတ်ထားကြောင်း၊ ထိုသို့ အင်အား အဆမတန် အသုံးပြုပြီး၊ အဆင်အခြင်မဲ့တိုက်ခိုက်ခြင်းများမှာ သွေးထွက်သံယိုမှုများ၊ ပိုမို စိုးရိမ်ဖွယ် လူ့အခွင့်အရေးအခြေအနေများနှင့် ဖြစ်ရပ်ဆိုးများကို ဖန်တီးလာဉီးမည် ဖြစ်ကြောင်း၊

(ဃ) မည်သို့ပင်ဆိုစေ ပြည်သူများအနေဖြင့် စစ်အာဏာရှင်စနစ် အဆုံးသတ်ရေး၊ တရားမျှတမှု ဖော်ဆောင်ရေးနှင့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး စံနှုန်းများနှင့်ညီသော တိုင်းပြည်ပြန်လည်တည်ဆောက်ရေးတို့အတွက် အရာအားလုံးပေးဆပ်ဆောင်ရွက်ရန် သန္နိဋ္ဌာန်ချထားကြောင်း၊

(င) ကုလသမဂ္ဂနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှုနှင့် နိုင်ငံတကာရာဇဝတ်မှု ခုံရုံး (ICC) ၏ တရားစီရင်မှုကို လက်ခံခြင်းတို့မှာ အမျိုးသားညီညွတ်ရေးအစိုးရ၏ သိသာထင်ရှားသော ကြိုးပမ်းမှုများ ဖြစ်ကြောင်း၊ ထို့ပြင် ရိုဟင်ဂျာများအရေးကိစ္စ ဖြေရှင်းရေးအတွက် မူဝါဒတစ်ရပ်ကို ချမှတ်ကြေညာထားပြီးဖြစ်ကြောင်း၊

(စ) ယခုကဲ့သို့ နိုင်ငံအတွက်သမိုင်းတွင်မည့် အလှည့်အပြောင်းကာလတွင် ပြည်သူများအနေဖြင့် နိုင်ငံတကာအသိုက်အဝန်း၏ ခိုင်မာသော အားပေးထောက်ခံမှုကိုလိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတို့ အပြည့်အဝပြန်လည်ရရှိချိန်အထိ မြန်မာနိုင်ငံ အရေးကိစ္စအား လူ့အခွင့်အရေးကောင်စီ၏ အာဂျင်ဒါတွင် ထိပ်ဆုံး၌ ဆက်လက်ထားရှိပေးရန်နှင့် နိုင်ငံအသီးသီးနှင့် ကုလသမဂ္ဂအနေဖြင့် ပြည်သူများနှင့်အတူရပ်တည်ကြရန် မေတ္တာရပ်ခံပါကြောင်း၊

(ဆ) ယင်းသို့ဆောင်ရွက်ရာတွင် အမျိုးသားညီညွတ်ရေးအစိုးရမှ ကိုယ်စားလှယ်များအား လူ့အခွင့်အရေးကောင်စီကဲ့သို့ နိုင်ငံတကာအစည်းအဝေးပွဲများတွင် ပါဝင်စေခြင်းအားဖြင့် နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် ပြည်သူ့အသံကို ပိုမုကြားသိနိုင်ပြီး၊ ပြည်တွင်းကြိုးပမ်းအားထုတ်မှုများကို ထိရောက်စွာ ပံ့ပိုးနိုင်မည်ဖြစ်ကြောင်း၊

(ဇ) ဖေဖေါ်ဝါရီလ (၁) ရက်နေ့ ဖြစ်စဉ်သည် အာဏာသိမ်းမှုဖြစ်ကြောင်း၊ အာဏာသိမ်းမှုဟု ကိုးကားပြောဆိုစေလိုကြောင်း၊ မြန်မာနိုင်ငံရှိ ပြည်သူများအားလုံးမှာ အချိန်နှင့်အမျှ စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သောပြစ်မှုများကို ခံစားနေရကြောင်း၊ ယနေ့တစ်နေ့တည်းတွင် ချင်းပြည်နယ်၊ ထန်တလန်မြို့၌ စစ်တပ်မှ ဘုရားကျောင်း (၂) ကျောင်း အပါအဝင် အိမ်ခြေတစ်ရာကျော် မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊

(ဈ) ပြည်သူများအား ရက်စက်ကြမ်းကြုတ်မှုများမှ ကာကွယ်ရန် နိုင်ငံတကာ၏ အလေးအနက် အာရုံစိုက်မှုနှင့် အရေးယူဆောင်ရွက်မှုတို့အား အလွန်အမင်း လိုအပ်လျက်ရှိကြောင်း၊ ကုလ သမဂ္ဂ၊ အထူးသဖြင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ပြတ်သားသောအချိန်နှင့် တပြေးညီ အရေးယူဆောင်ရွက်မှုအတွက် လွန်စွာအချိန်နှောင်းနေပြီဖြစ်ကြောင်း၊ အမြန်ဆုံးအရေးယူ ဆောင်ရွက်ပေးရန် မေတ္တာရပ်ခံပါကြောင်း ကုလသမဂ္ဂအထွေထွေညီလာခံသို့ တင်ပြသွားသည်။

Leave a Reply

Your email address will not be published. Required fields are marked *