စစ်ကောင်စီကိုအစိုးရဖြင့်အသိအမှတ်ပြုခြင်းသည့် အကျိူးဆက်တစ်ခုကိုရပ်တန့်နိူင်မှာမဟုတ်ကြောင်း ကုလပြော

အာဏာသိမ်းစစ်အုပ်စုကို မြန်မာ၏တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုလိုက်ခြင်းသည် လက်ရှိတိုးမြင့်ဖြစ်ပွားနေသော အကြမ်းဖက်မှုများကို မရပ်တန့်နိုင်သည့်အပြင် တိုင်းပြည်၏တည်ငြိမ်မှုကို ပျက်ပြားစေကာ ကျရှုံးနိုင်ငံတစ်ခုအဖြစ်သို့ တွန်းထိုးလိုက်ခြင်းပင်ဖြစ်ကြောင်း မြန်မာဆိုင်ရာ ကုလအထူးကိုယ်စားလှယ်က တနင်္လာနေ့ (အောက်တိုဘာ ၂၅) တွင် ဆိုခဲ့သည်။

“နိုင်ငံတကာအသိုင်းအဝိုင်းက လက်မလျော့ဘူးလို့ ကျွန်မ မျှော်လင့်ပါတယ်။ ကျွန်မတို့တွေ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ရပါမယ်” ဟု မြန်မာဆိုင်ရာ ကုလအထွေထွေအတွင်းရေးမှုးချုပ်၏ကိုယ်စားလှယ်အဖြစ် ၃ နှစ်ခွဲကြာ တာဝန်ထမ်းဆောင်ခဲ့သည့် ခရစ်စတင်း စကန်နာ ဘာဂနာ (Christine Schraner Burgener) က ရိုက်တာသတင်းဌာန သို့ပြောခဲ့သည်။

ဖေဖေါ်ဝါရီ တစ်ရက် အာဏာသိမ်းခြင်းကြောင့် ဖြစ်ပွားလာသည့် ဆန္ဒပြသပိတ်မှောက်မှုများနှင့် မတည်ငြိမ်မှုများသည် မြန်မာကိုဖက်ပေါင်းစုံတွင် ဆိုင်းရပ်လိုက်သကဲ့သို့ဖြစ်သွားစေခဲ့သည်။ အရပ်သားများအပေါ် အင်အားအလွန်အကျွံသုံးကာ ကြမ်းကြုတ်ရက်စက်ခဲ့သော အာဏာသိမ်းစစ်အုပ်စုက စင်ပြိုင်အစိုးရဖြစ်သည့် မညစ (အမျိုးသားညီညွတ်ရေးအစိုးရ) ကို အကြမ်းဖက်သမားအဖြစ် သတ်မှတ်ပြီး တိုင်းပြည်၌ဖြစ်ပွားနေသော မတည်ငြိမ်မှုများအတွက် အပြစ်တင်ပြောကြားခဲ့သည်။

မြန်မာသည် ပြည်တွင်းစစ်ဝဲကတော့ထဲသို့ ထိုးဆင်းနေကာ ဒီမိုကရေစီကိုပြန်လည်ရရှိနိုင်မည့် အခွင့်အရေးအရေးလည်း ပျောက်သုဉ်းနေကြောင်း၊ စစ်တပ်တွင်လည်း အပေးအယူလုပ်ညှိုနှိုင်းရန် (သို့) စားပွဲဝိုင်းဖွဲ့ဆွေးနွေးညှိုနှိုင်းရန် စိတ်ဝင်စားမှုလုံး၀မရှိကြောင်း ပြီးခဲ့သည့်အပတ်က ဘာဂနာ သည် ကုလတွင် ပြောခဲ့သည်။

ယင်းသို့သော ဘာဂနာ၏မှတ်ချက်များသည် လက်တွေ့ဖြစ်ပျက်နေသည်များနှင့်အလှမ်းကွာဝေးလျက်ရှိပြီး ကုလ၏ ဘက်လိုက်မှုကို ရောင်ပြန်ဟပ်စေကြောင်း အာဏာသိမ်းစစ်အုပ်စုက ပြန်လည်ချေပခဲ့သည်။

“တစ်ယောက်ယောက်က စကစ ကို မြန်မာရဲ့တရားဝင်အစိုးရအဖြစ်လက်ခံလိုက်မယ်ဆိုရင် ခုဖြစ်နေတဲ့အကြမ်းဖက်မှုတွေက ရပ်တန့်သွားမှာမဟုတ်ပါဘူး။ အကြမ်းဖက်မှုတွေက လုံး၀ကို မရပ်တန့်သွားပါဘူး” ဟု စကစ ကိုရည်ညွှန်းကာ ဘာဂနာက အလေးအနက်ပြောခဲ့သည်။

“မြန်မာ့နိုင်ငံရေးမှာ အခရာကျတဲ့သူတွေအားလုံးအကြား သဘောရိုး နဲ့ စစ်မှန်တဲ့ စားပွဲဝိုင်းဖွဲ့ဆွေးနွေးမှုတစ်ခု လိုအပ်နေပါတယ်။ သို့ပေမယ့်လည်း ထိုသို့ဖြစ်ပေါ်လာစေရန်အတွက် စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်ရဲ့နေရာမှာ ပိုပြီးအပြုသဘောဆောင်တဲ့သူတစ်ဦးကို အစားထိုးနိုင်ဖို့ အရင်လိုပါတယ်” ဟု ဆွစ်ဇလန်နိုင်ငံသူ ဘာဂနာ က ဆိုခဲ့သည်။

“စကစ ကို အစိုးရအဖြစ် အသိအမှတ်ပြုလို့လည်း ဒေသတွင်း ဘယ်နိုင်ငံကိုမှ အကျိုးစီးပွားဖြစ်လာစေမှာ မဟုတ်ပါဘူး။ ဘာလို့ဆို ဒီလိုအသိအမှတ်ပြုလိုက်ရင် မြန်မာက မတည်ငြိမ်မှုတွေနဲ့ ကျရှုံးနိုင်ငံဖြစ်လာရုံသာမက ဒေသတွင်းကိုလည်း ထိခိုက်စေမှာပါ” ဟု ယခုအပတ်အကုန်တွင် မြန်မာဆိုင်ရာ ကုလအထွေထွေအတွင်းရေးမှူးချုပ်၏အထူးကိုယ်စားလှယ်ရာထူးမှ အနားယူမည်ဖြစ်သော ဘာဂနာက ဆိုခဲ့သည်။

ကုလ ဆိုင်ရာ မြန်မာကိုယ်စားလှယ်နေရာအတွက် စကစ နှင့် မညစ (အမျိုးသားညီညွတ်ရေးအစိုးရ) ထံမှ ယှဉ်ပြိုင်တောင်းဆိုမှုကိုလည်း ကုလသည် ရင်ဆိုင်နေရသည်။

“ကုလအဖွဲ့ဝင်နိုင်ငံတွေရဲ့ဆုံးဖြတ်ချက်က သိပ်အရေးပါပါတယ်” ဟု ယခုနှစ်ကုန်ပိုင်းတွင် ဆုံးဖြတ်မည့် ကုလဆိုင်ရာမြန်မာကိုယ်စားလှယ်နေရာတွင် မည်သူကိုယ်စားပြုခွင့်ရမည်ကိုရည်ရွယ်၍ ဘာဂနာ က ဆိုခဲ့သည်။

ကုလအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက် (Antonio Guterres) သည် ကုလအကြီးတန်းအရာရှိဟောင်းတစ်ဦးဖြစ်သည့် စင်္ကာပူနိုင်ငံသူ နိုလင်း ဟေဇာ (Noeleen Heyzer) ကို ၎င်း၏မြန်မာဆိုင်ရာအထူးကိုယ်စားလှယ်အသစ်အဖြစ် တနင်္လာနေ့က ခန့်အပ်ခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *