PDF အားလုံးကုန်မှာ နေရပ်ပြန်လာဖို့ သန်းလှိုင်ကို စစ်ကောင်စီညွန်ကြားထား

ဒု-ဗိုလ်ချုပ်ကြီး သန်းလှိုင်အား PDF အားလုံးကုန်မှ နေပြည်တော် ပြန်လာခဲ့ဟု စစ်ကောင်စီ ညွှန်ကြားထား

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – PDF များ အင်အားကောင်းစွာ စစ်ကောင်စီကို ခုခံတိုက်ခိုက်နေသည့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ချင်းပြည်နယ်တို့တွင် PDF များ အားလုံးကုန်မှ နေပြည်တော်သို့ ပြန်လာခဲ့ရန် အာဏာသိမ်း စစ်ကောင်စီက ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) အမှတ် ၆ စစ်ဆင်ရေးအထူးအဖွဲ့မှူး (ကစထ – ၆ မှူး) ဒု – ဗိုလ်ချုပ်ကြီးသန်းလှိုင်အား ညွန်ကြားထားကြောင်း တပ်တွင်းသတင်းရင်းမြစ်များထံက သိရသည်။

ပြည်ထဲရေး ဒုဝန်ကြီးလည်းဖြစ်ပြီး ရဲချုပ်လည်းဖြစ်သူ ဒုတိယ ဗိုလ်ချုပ်ကြီး သန်းလှိုင်ကို စစ်ကောင်စီက စက်တင်ဘာလမှစတင်၍ PDF များ၏တိုက်ခိုက်မှုကြောင့် စစ်သားများစွာ သေဆုံးအထိနာနေသည့် စစ်ကိုင်း၊ မကွေးနှင့် ချင်းပြည်နယ်တို့ ပါဝင်သော အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နမခ) သို့ စေလွှတ်ကာ ကွပ်ကဲစေခဲ့ခြင်းဖြစ်သည်။

နမခ စစ်တိုင်းမှူးဟောင်းဖြစ်သည့် ဒုတိယ ဗိုလ်ချုပ်ကြီး သန်းလှိုင်မှာ
လက်ရှိတွင် မုံရွာမြို့အခြေစိုက် နမခတွင် အခြေစိုက်၍ ကွပ်ကဲမှုများ ပြုလုပ်နေပြီး PDF အားလုံးကုန်မှ နေပြည်တော်သို့ ပြန်လာခဲ့ရန် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ညွှန်ကြားထားခြင်း ဖြစ်သည်။

“ဒီ နမခနယ်မြေထဲက PDF တွေ အကုန်ကုန်အောင် ရှင်းလင်းရေးလုပ်ခဲ့ဖို့ ညွှန်ကြားထားတယ်။ အသေဖြစ်ဖြစ် အရှင်ဖမ်းမိတာဖြစ်ဖြစ် အားလုံးကုန်ပြီဆိုမှ ပြန်လာရမယ်။ ကြိုက်တဲ့တပ်ကို ထုတ်သုံးလို့ရတယ်။ မြေပြင်၊ ဝေဟင်၊ သံချပ်ကာ၊တင့်ကား ဘာတပ်ဖြစ်ဖြစ် အကုန်ခွင့်ပြု ထားတယ်”ဟု နေပြည်တော် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကက-ကြည်း)
၏တပ်တွင်းသတင်းရင်းမြစ်တဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဒု ဗိုလ်ချုပ်ကြီး သန်းလှိုင်၏ပူးတွဲတာဝန်များဖြစ်သည့် ပြည်ထဲရေးဒု-ဝန်ကြီးတာဝန်အား ၎င်း၏ကိုယ်စား ခေတ္တ တာဝန်လွှဲပြောင်း ထမ်းဆောင်နိုင်ရန် ပြည်ထဲရေးဒု-ဝန်ကြီး ရာထူးအား ၄င်းနှင့်အတူ ဗိုလ်ချုပ် စိုးတင့်နိုင်အား စစ်ကောင်စီက ပူးတွဲတာဝန်ပေးထားကြောင်း သိရသည်။

“အခုလက်ရှိ သူ့ကို အော်ပရေးရှင်းကို လုံးဝလွှဲထားတယ်။ နောက်က ရုံးကိစ္စနဲ့ပြည်ထဲရေးဒု-ဝန်ကြီး တာဝန်ဝတ္တရားတွေအတွက် နောက်ထပ်ဗိုလ်ချုပ်တဦးကို ခန့်ထားတယ်”ဟု နေပြည်တော် ရဲချုပ်ရုံးတွင် တာဝန်ထမ်းဆောင်နေသည့် ရဲဝန်ထမ်းတဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလကုန်မှစတင်၍ အဆိုပါ ဒု-ဗိုလ်ချုပ်ကြီး သန်းလှိုင် နမခသို့ ရောက်ရှိလာခဲ့ပြီးနောက် စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ မကွေး(ယောဒေသ) အတွင်းသို့ စစ်ကောင်စီတပ် အင်အားအများအပြား နေ့စဥ် ဖြည့်တင်းပို့ဆောင်နေပြီး သံချပ်ကာ၊တင့်ကားများလည်းပါဝင်ကြောင်း ဒေသခံများထံက သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလဒုတိယအပတ်အတွင်းက ဒုဗိုလ်ချုပ်ကြီး သန်းလှိုင်စီးနင်းလာသည့်ယာဥ်တန်း မြောင်မြို့နယ်အတွင်း မိုင်းဆွဲခံရ၍ သေဆုံးသည့်သတင်း မဟုတ်မှန်ကြောင်း ဧရာဝတီတိုင်းမ်သတင်းဌာနအနေဖြင့် အတည်ပြုနိုင်ခဲ့သည်။

စစ်ကောင်စီအနေဖြင့် အောက်တိုဘာလဆန်းပိုင်းက နိုင်ငံတဝန်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလအထိ ၅ လကြာအပစ်ရပ်မည်ဟု ကြေငြာခဲ့ပြီးနောက် အဆိုပါ PDF အင်အားကောင်းသည့် ဒေသများသို့ စစ်အင်အား အများအပြားပို့ဆောင်နေခြင်းဖြစ် ကြောင်း သိရသည်။

ထို့ပြင် စစ်ကောင်စီ၏ အနောက်မြောက်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ တပ်မများဖြစ်သည့် စစ်ကိုင်းမြို့ အခြေစိုက်တပ်မ(၃၃)၊ ပခုက္ကူမြို့အခြေ စိုက် တပ်မ (၁၀၁)စသည့်တပ်မများ ပို့ဆောင်နေသည့်အပြင် တပ်မများအတွင်း နာမည်ဆိုးဖြင့် ကျော်ကြားသည့် တပ်မ(၇၇)ကိုပါ နမခဒေသသို့ ထပ်မံပို့ဆောင် နေကြောင်း တပ်တွင်းသတင်းရင်းမြစ်များထံက သိရသည်။

စစ်ကောင်စီက အနော်ရထာစစ်ဆင်ရေးဟု အ မည်ပေးထားသည့် ယင်းအနောက်မြောက်ဒေသ သို့ စစ်ကောင်စီမှအကြမ်းဖက်နှိမ်နင်းရေးတပ်ဖွဲ့ ဟုခေါ်ဆိုသည့် အထူးတာဝန်တပ်ဖွဲ့(Special Operation Task Force-SOTF)တပ်ဖွဲ့များလည်း ပို့ဆောင်ထားသည်ဟု ဧရာဝတီတိုင်းမ်မှ စုံးစမ်းသိရှိထားသည်။

 

Leave a Reply

Your email address will not be published. Required fields are marked *