ကျနော်တို့ရဲ့ တပ်မဟာမှူး ဆလိုင်း ထန်းတိတ်မာန် တိုက်ပွဲကျတာ ၃ လ ရှိသွားပြီ

ချစ်သော တပ်မဟာမှူး (၁)

မှတ်မှတ်ရရ ဇူလိုင်လ ၂၅ ရက်နေ့ နေ့လည်ပိုင်းမှာ မျက်ရည်စက်လက်နဲ့ အမောတကော လာပြောပြတဲ့ သတင်းဆိုးကြားရတာ။

CDF-Mindat ရဲ့ စတင် တည်ထောင်သူတစ်‌ယောက်လည်းဖြစ်၊ အားလုံး ယုံကြည်အားထားရတဲ့ ကျနော်တို့ရဲ့ တပ်မဟာမှူး ဆလိုင်း ထန်းတိတ်မာန် တိုက်ပွဲကျတာ ၃ လ ရှိသွားပြီ။ အတူတူရုန်းကန်ခဲ့ကြ၊ ပြုံးရွှင်ခဲ့ကြပြီး ခရီးကြမ်းကို လေးလေးစားစားလျှေက်လာခဲ့ကြတာ။ ကိုယ်တွေတော့ မပြီးသေးတဲ့ တော်လှန်ရေးခရီး ဆက်လျှောက်‌နေကြတုန်း…

ထန်းတိတ်မာန်ရဲ့ ဗွေဆော်ဦးတိုက်ပွဲတွေဟာ CDF-Mindat ရဲ့ တိုက်ပွဲအစလို့ပြောလို့ရတယ်။ ဧပြီ ၂၄ ရက်နေ့က စပြီးမြို့ထဲမှာ ပစ်ခတ်လာကြတာ။

CDF-Mindat က အခုလိုမိုက်မိုက်ကန်းကန်း တုန့်ပြန်လာလိမ့်မယ်လို့ လုံးဝထင်မှတ်မထားပုံပဲ။ သုံးရက်လောက် မင်းတပ်မြို့တွင်းက စကစတွေ၊ ရဲတွေ လုံးဝမလှုပ်ရဲဘူး၊ ရုံးတွေလုံးဝ မလည်ပတ်ဘူး။ နောက်တော့ ဧပြီ ၂၆ ရက်နေ့မှာ စစ်ကား ၆ စီးနဲ့ မြို့ကိုထိုးစစ်ဆင်လာတယ်။ ပထမ‌ဂေါက်ကွင်းတိုက်ပွဲ အဲဒီမှာ စတာပဲ။ ခါးချိုး ၄ လက် ၅ လက်၊ တူမီး အလက် ၆၀ ကျော်လောက်နဲ့ တိုက်ပွဲဖြစ်ကြတာပဲ။

CDF-Mindat ကလည်း အဲဒီတုန်းက အတွေ့အကြုံမရှိ၊ တက်လာတဲ့စကစတွေကလည်း ကပစ စစ်သားအများစု အူကြောင်ကြောင်တွေဆိုတော့ နှစ်ဖက်ကို အလုပ်ဖြစ်လို့။

အဲဒီတိုက်ပွဲမှာစပြီး ၆၀ မမ၊ ၄၀ မမ၊ ပုခုံးထမ်းလောင်ချာ (RPG) တွေ စတွေ့ကြုံဖူးတာပဲ။ ၂၇ ရက် မနက်မှာ ကျောက်ထုက ကထွက်လာတဲ့ စစ်ကား ၆ စီးနဲ့ စကစတွေဟာ နေ့လည်လောက်တော့ မင်းတပ်မြို့အဝင်က ညောင်ပင်ကွေ့နားရောက်နေပြီ။ အဲဒီအချိန်မှာ အင်အားမမျှလို့ဆိုပြီး ကိုယ့်ရှေ့ကင်းကလူတွေ အားလုံးပြန်ဆုတ်လာကြပြီ။

ထန်းတိတ်မာန်တစ်ယောက်တည်း ကျန်ခဲ့တယ်။ နောက်မှ သူပြန်ပြောပြတာက ဒီညောင်ပင်ကွေ့က နေရာကောင်းလွန်းတယ် စကစတွေ ဒီနေရာရသွားလို့ မဖြစ်ဘူးဆိုပြီး ကျန်နေခဲ့တာ။ အဲဒီမှာ တစ်တပ်ရင်းနဲ့ တစ်ယောက်တွေ့ကြတာပဲ။ ထန်းတိတ်မာန်က အဲ့တုန်းက ခါးချိုးကိုင်တယ်။ ညောင်ပင်ကွေ့ကနေပြီး တစ်ယောက်တည်းခံပစ်နေတာ။ ဟိုဘက်က လက်နက်ကြီးတွေနဲ့ပစ်။ နောက်ဆုံးကျည်ကုန်သွားတော့ တစ်ယောက်တည်း တောင်ကုန်းပေါ်ကနေ ဟိုပြေး၊ ဒီပြေး အော်ဆဲနေတာ။ “မင်းတို့ကောင်တွေ သတ္တိရှိတဲ့အောင် တက်ခဲ့” “ခွေးမသားတွေ” “အွီဝီယိုး” “နမိလိန်ငုန် လောဝိုး” စသည်ဖြင့် CDF တွေ အများကြီးရှိနေတယ်လို့ စကစတွေ ထင်အောင် ဗမာလိုတမျိုး၊ ချင်းလိုတမျိုး အမျိုးမျိုးဆဲနေတာ။ အော်ဆဲပြီး ရွေ့ပြီဆိုတာနဲ့ ခုဏကနေခဲ့တဲ့နေရာကို လက်နက်ကြီးကျတာပဲ။ အဲဒါ ဟိုဘက်က ပြန်အော်ဆဲပြီး နေရာရွှေ့တာ။ အော်ဆဲခဲ့တဲ့နေရာ လက်နက်ကြီး ပြန်ကျတာပဲ။ ဒီလိုနဲ့ ကျည်ဆံမရှိတော့ဘဲ ပါးစပ်သေနတ်ပစ်ပြီး တပ်ရင်းတစ်ခုလုံးကို တက်မလာနိုင်အောင် တားထားတာ။
သူက အဲဒီနေရာမှာတင် စကစတပ်ရင်းက နာရီ ၂ ချက်နီးပါးကြာသွားတော့ စကစတွေ မြို့ကိုမဝင်နိုင်တော့ပဲ ထွဋ်ခေါင်ကြီး ဟိုတယ်ပဲ ဝင်ရတော့တာ။ ဒါကြောင့်ပဲ မြို့အထိမနာခဲ့ဘဲ အနောက်ဘက်ခြမ်း ၃၂ မိုင်မှာလည်း AA နဲ့ချခဲ့ပြီး ပြန်လှည့်လာတဲ့ တပ်မ (၁၁) ကို ဝိုင်းမိပြီး ဗျူဟာမှူးပါ ပါတဲ့အတွက် စကစဘက်က အဖမ်းခံရသူတွေကို ပြန်လွှတ်ပြီး အပစ်ခတ်ရပ်စဲလုပ်ခဲ့တာ။

အဲဒီကနေနောက်ပိုင်း ဒုတိယ ‌ဂေါက်ကွင်းတိုက်ပွဲ၊ မိုင် ၄၀ တိုက်ပွဲ၊ ချောင်းဆုံတိုက်ပွဲ၊ ရွှေအောင်သာတိုက်ပွဲ၊ ယှက်တိုက်ပွဲ တောက်လျှေက်ပါဝင်ခဲ့တယ်။ နောက်ပိုင်း CDF-Mindat တဖြည်းဖြည်း တပ်ရင်းတပ်ဖွဲ့ စနစ်ကျလာပြီး အားလုံးက တညီတညွှတ်တင်မြှောက်လို့ တပ်မဟာမှူးဖြစ်လာခဲ့တယ်။

ခုဆို သူတော့ “ခရီးမတ်တတ် လမ်းခုလတ်မှာ ကိုယ်လွတ်ရှောင်ခွာခဲ့ရလို့ အားနာခဲ့ကြောင်း” ပြောနေမလား။

Leave a Reply

Your email address will not be published. Required fields are marked *