ဆူဒန်အာဏာသိမ်းမှုကို ကုလရှုတ်ချ ၍ တံခါးပိတ်အစည်းအဝေးကျင်းပမည်

ဆူဒန်တွင် အာဏာသိမ်းမှုကို ကုလအတွင်းရေးမှူးချုပ် ရှုတ်ချ၊ ဆူဒန်အရေးကို တံခါးပိတ်အစည်းအဝေးကျင်းပဆွေးနွေးမည်

ဆူဒန်နိုင်ငံတွင် ယမန်နေ့က စစ်တပ်မှ အာဏာသိမ်းကာ ဝန်ကြီးချုပ်နှင့် အခြားဝန်ကြီးများအား ထိန်းသိမ်းထားခဲ့ခြင်းကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူးတားရက်စ်က ယနေ့တွင် ပြစ်တင်ရှုတ်ချလိုက်ပြီး၊ ဝန်ကြီးချုပ် အက်ဘ်ဒါလာဟမ်းဒေါ့နှင့် အခြားတာဝန်ရှိသူများကိုလည်း ချက်ခြင်းပြန်လွှတ်ပေးရန် ယနေ့တွင်တောင်းဆိုလိုက်ကြောင်း သတင်းထုတ်ပြန်သည်။

ထို့အပြင် ဒီမိုကရေစီရွေးကောက်ပွဲများကို ပြန်လည်ဖော်ဆောင်ပေးမည့် အစိုးရအဖွဲ့ကို ချက်ခြင်း ပြန်လည်ဖွဲ့စည်းပေးရန်ကိုလည်း သူက တောင်းဆိုလိုက်သည်။

ကုလသမဂ္ဂမှ နောက်ဆုံးသတင်းထုတ်ပြန်ချက်အရ ဆူဒန်အရေးကိစ္စကို အင်္ဂါနေ့ ဒေသစံတော်ချိန် မွန်းလွဲပိုင်းတွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အရေးပေါ် တံခါးပိတ်အစည်းအဝေးတစ်ခု ကျင်းပ၍ ဆွေးနွေးမည်ဖြစ်ကြောင်းသိရသည်။

ဆူဒန်နိုင်ငံ ဝန်ကြီးချုပ် အက်ဘ်ဒါလာဟမ်းဒေါ့ခ်နှင့် သူ၏အသွင်ကူးပြောင်းရေးအစိုးရအဖွဲ့ဝင် ဝန်ကြီးများကို စစ်တပ်ပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီဖြစ်ကြောင်း ဆူဒန်နိုင်ငံ သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ယမန်နေ့မွန်းလွဲပိုင်းက ထုတ်ပြန်ခဲ့သည်။

ဆူဒန်နိုင်ငံတွင် ၂၀၁၉ ခုနှစ် ဧပြီလအတွင်းက သမ္မတ အိုအာအယ်လ်ဘာရှီးယားကို ဖြုတ်ချခဲ့ပြီး၊ စစ်ဖက်နှင့် အရပ်ဖက်ပူးပေါင်းထားသည့် အသွင်ကူးပြောင်းရေးအစိုးရကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ယင်း အသွင်ကူးပြောင်းရေးအစိုးရကို အစိုးရသစ်တစ်ခုဖွဲ့စည်းရေးနှင့် ရွေးကောက်ပွဲကျင်းပရေးကို ဖော်ဆောင်သွားရန် ရည်ရွယ်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

သို့ရာတွင် ပြီးခဲ့သည် စက်တင်ဘာ ၂၁ ရက်နေ့က မအောင်မြင်သော အာဏာသိမ်းရန်ကြိုးပမ်းမှုတစ်ခုဖြစ်ပွားခဲ့ပြီးနောက်ဝယ် အစိုးရအဖွဲ့အတွင်း တင်းမာမှုများမြင့်မားလာခဲ့သည်။

 

Leave a Reply

Your email address will not be published.