မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်သစ် စင်ကာပူနိုင်ငံက နိုလင်းဟေဇာကို ခန့်အပ်
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် အသစ်အဖြစ် စင်္ကာပူနိုင်ငံသူ နိုလင်းဟေဇာ ကို ခန့်အပ်လိုက် တယ်လို့ ကုလ အတွင်းရေးမှုးချုပ် အန်တီနီယိုဂူးတားယက်စ်က အောက်တိုဘာ ၂၅ ရက်ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
အသက်၇၃နှစ်ရှိပြီဖြစ်တဲ့ ဒေါက်တာဟေဇာဟာ ရာထူးသက်တမ်းကုန်ဆုံးသွားသူ ဆွစ်ဇာလန်က ခရစ်စတင်းဘာဂနာ နေရာမှာ အစားထိုးတာဝန်ယူရမှာ ဖြစ်ပြီး မစ္စဘာဂနာရဲ့ မြန်မာလူထုအပေါ် ကြိုးစား ဆောင်ရွက်ခဲ့တာ တွေအတွက်လည်း ကျေးဇူးတင်တယ်လို့ပြောခဲ့ပါတယ်။
၂၀၀၇ ကနေ ၂၀၁၄ ခုနှစ်အထိ ကုလသမဂ္ဂ အာရှ ပစိဖိတ်ဒေသဆိုင်ရာ စီးပွါးရေးနဲ့ လူမှုရေး ကော်မရှင်မှာ ပထမဆုံး အမျိုးသမီး အမှုဆောင်အတွင်းရေးမှုးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ နာဂစ်ဆိုင်ကလုံး ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာလည်း ၂၀၀၈- ၂၀၀၉ က အာဆီယံ၊ မြန်မာအစိုးရနဲ့ ကုလသမဂ္ဂတို့နဲ့ လက်တွဲပြီး မြန်မာနိုင်ငံဖွံ့ဖြိုးရေး၊ ဆင်းရဲမှု လျှော့ချရေး ဆွေးနွေးပွဲတွေကို ဦးဆောင်ခဲ့သူ တဦးဖြစ် ကြောင်း ကြေညာချက်ထဲမှာ ဖေါ်ပြထားပါတယ်။
၂၀၁၃ကကနေ ၂၀၁၅ခုနှစ်အတွင်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ရဲ့ တီမောနိုင်ငံဆိုင်ရာ အထူးအကြံပေးအဖြစ်ဆောင်ရွက်ခဲ့ပြီး တီမောနိင်ငံရဲ့ ငြိမ်းချမ်းမှုတည်ဆောက်ရေး၊ နိုင်ငံ တည်ဆောက်ရေးနဲ့ ရေရှည်ဖွံ့ဖြိုးမှုလုပ်ငန်းတွေမှာပါဝင် ကူညီပေးခဲ့ပါတယ်။
၁၉၉၄ ခုနှစ်ကနေ ၂၀၀၇ ခုနှစ်အထိ ကုလသမဂ္ဂ UNIFEM အဖွဲ့ အမှုဆောင်အကြီးအကဲအဖြစ်တာဝန်ယူခဲ့ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အမျိုးသမီးထု၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံမှုရှိရေးဆိုင်ရာ ဆုံးဖြတ်ချက်အမှတ် ၁၃၂၅ ကို ချမှတ်နိုင်ဖို့ ပြုစု အကောင်ထည်ဖေါ်တဲ့ကိစ္စမှာ အဓိနေရာက ပါဝင်ခဲ့ ပါတယ်။
ပဋိပက္ခဖြစ်ပွါးနေတဲ့နေရာတွေမှာရှိတဲ့ ကမ္ဘာတလွှားက အမျိုးသမီးတွေနဲ့ လူမှုအဖွဲ့အစည်း အသီးသီးက သက်ဆိုင်သူ အားလုံးနဲ့ တွေ့ဆုံညှိနှိုင်းမှုတွေကိုလည်း လုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။
မစ္စ ဟေဇာဟာ စင်ကာ ပူတက္ကသိုလ် လီကွမ်ယု မူဝါဒရေးရာကျောင်းနဲ့ စင်ကာပူ the S. Rajaratnam School of International Studies နိုင်ငံတကာရေးရာကျောင်း တွေမှာ အုပ်ချုပ်ရေးအဖွဲ့ဝင် တစ်ဦးအဖြစ်တာဝန်ယူခဲ့သလို စင်ကာပူတက္ကသိုလ်က BA နဲ့ MSc ဘွဲ့တွေ အပြင် ကိန်းဘရစ်ချ် တက္ကသိုလ် က လူမှုသိပ္ပံ ပါရဂူဘွဲ့ ပါ ရထားသူ ဖြစ်ပါတယ်။