မိတ္တီလာ မြို့ ပေါက်ကွဲမှုကြောင့် ရဲ ၂ ဦး သေဆုံး

မန္တလေးတိုင်း၊ မိတ္တီလာမြို့တွင် အကြမ်းဖက်စစ်တပ် ထောက်ခံပွဲ ပြုလုပ်အပြီး အမှတ် ၂ ရဲစခန်းရှေ့ ရပ်နားထားသော စစ်ကားပေါ်တွင် ယနေ့ နံနက် ၁၁ နာရီကျော်အချိန် ဗုံးပေါက်ကွဲရာ ရဲနှစ်ဦး သေဆုံးပြီး ဒဏ်ရာအပြင်းအထန် ရရှိသူ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။

“မိတ္ထီလာ တပ်ထောက်ခံပွဲဆောင်ရွက်ပြီးစီးချိန် ဈေးအနောက်ဘက် ဝင်းမာလာအထည်ဆိုင်အနီး အမှတ် ၂ ရဲစခန်းအရှေ့ ရပ်ထားသော ကင်းလှည့် စစ်ကားအပေါ် ပေါက်ကွဲမှုဖြစ်ပွားတယ်။ ရဲတစ်ဦး သေတယ်။ ရဲတပ်ရင်း ၃၅ မှ ရဲ (၃) ယောက် နှင့် စစ်သား (၁) ယောက် ဒဏ်ရာ ပြင်းထန်တယ်။

သေနတ်နှစ်လက် လမ်းပေါ် ကျန်ရစ်ခဲ့ပြီး စစ်တပ်မှ လမ်းပိတ်၍ သေနတ်ဖြင့် ဆက်တိုက်ပစ်ခတ်နေ၊ ရုံရှင်ရုံလမ်း၊ စူပါဖိုက် အရှေ့ တွေမှာလည်း သေနတ်ဆက်တိုက်ပစ်တယ်။ စစ်တပ်က ဗုံးများလည်းဆက်ဖောက်ခွဲတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုထားသည်။

ယနေ့ နံနက် ၁၁ နာရီ ၃၅ မိနစ်မှစတင်၍ မိတ္တီလာစျေးအနီးသို့ ဆက်တိုက်ပစ်ခတ်မှုများဖြစ်ပေါ်ခဲ့သဖြင့် ပြည်သူများ ၀ရုန်းသုန်းကား ထွက်ပြေးကြရကြောင်း သိရှိရသည်။

“ဘာကို ပစ်မှန်းမသိဘဲ ပစ်တာ။ အကုန်လုံး ပြေးကြ လွှားကြ ပုန်းကြပဲ။ အတော်ကို ၀ရုန်းသုန်းကားဖြစ်သွားတယ်။ သူတို့ စစ်ကား ဗုံးခွဲခံရတာ ရမ်းကားပစ်တယ်ပြောတယ်” ဟု မိတ္တီလာစျေးအနီး နေထိုင်သူတစ်ဦးက ပြောသည်။

ZeroArmy Brigade 1 တပ်ဖွဲ့ကမူ “ယနေ့ ထီလာ ပြည်သူ ပြည်သားများအနေဖြင့် သေရေး ရှင်ရေး အရေးအလွန်ကြီးသောကိစ္စမှ မဟုတ်လျှင် အပြင်မထွက်ခြင်းဖြင့်သော် လည်းကောင်း အမှတ်မထင် မြင်ခဲ့ သိခဲ့ ကြားခဲ့သည်များ ရှိပါလျှင်လည်း နှုတ်ဆိတ် နားပိတ်နေခြင်းဖြင့်သော် လည်းကောင်း ပြည်သူ့ဘက်တော်သား မြို့နေပြောက်ကျားတပ်ဖွဲ့များအား တစ်ဖက်တစ်လမ်းမှ ကူညီအားဖြည့်ပေးကြပါလို့ အနူးအညွတ် မေတ္တာရပ်ခံပါတယ်ဗျာ”ဟု ပြည်သူသို့ မေတ္တာရပ်ခံချက်တစ်ရပ် သတင်းထုတ်ပြန်သည်။

Photo Credit – CJ

Leave a Reply

Your email address will not be published. Required fields are marked *