PDF လူငယ်ရဲဘော်လေး နှစ်ဦးကျဆုံး

ချင်းပြည်နယ်၊ ထန်တလန်မြို့၌ အောက်တိုဘာလ၂၃ရက်နေ့တွင် ဖြစ်ပွားခဲ့သောတိုက်ပွဲတစ်ခုအတွင်းတွင် ထန်တလန်ပြည်သူ့ကာကွယ်ရေးတပ်(Chinland defense Force-Thantlang)မှ ရဲဘော်နှစ်ဦးကျဆုံးခဲ့သည်။

ထန်တလန်မြို့တနေရာတွင် ဖြစ်ပွားခဲ့သည့် အဆိုပါတိုက်ပွဲတွင် ထန်တလန်ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်နှစ်ဦးဖြစ်သည့် ဆလိုင်းခမ့်ထောင်လျန်နှင့် ဆလိုင်းဟရန်းထီအိုလျန်တို့သည် ပြည်သူလူထုအတွက် အကြမ်းဖက်စစ်တပ်ကို တော်လှန်တိုက်ခိုက်ရင်း ကျဆုံးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

“တိုက်ပွဲဖြစ်ပွားတဲ့နေရာကိုတော့ ပြောပြလို့မရပါဘူး။ သူတို့နှစ်ဦးကျဆုံးခဲ့တာတော့ အတည်ပြုလို့ပါတယ် ” ဟု ချင်းပြည်နယ်မှ တော်လှန်ရေးသမားတစ်ဦးက အတည်ပြုပြောကြားသည်။

ထန်တလန်ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်၂ ဦးကျဆုံးခဲ့ရခြင်းနှင့်ပတ်သက်ပြီး ၎င်းတို့၂ဦး၏ ပေးဆပ်မှုအပေါ်တွင် ကျန်ရစ်သူမိသားစုဝင်များ၏ ဆုံးရှုံးမှုများကို မျှဝေခံစားရပါကြောင်းနှင့် ပေးဆပ်မှုများအပေါ်တွင် ဦးညွတ်ဂုဏ်ပြုမှတ်တမ်းတင်ကြောင်း (Chinland Defense Force-Thantlang)မှ သတင်းထုတ်ပြန်ထားသည်။

အကြမ်းဖက်စစ်တပ်ကို လက်နက်ဆွဲကိုင်တိုက်ခိုက်လျက်ရှိသော ချင်းပြည်နယ်တွင် မိုင်းဆွဲတိုက်ခိုက်ခံရခြင်း၊ ထိပ်တိုက်တိုက်ခိုက်ခံရခြင်းများကြောင့် အကြမ်းဖက်စစ်တပ်မှ စစ်သားအမြောက်အများ ကျဆုံးလျက်ရှိနေသည်။

အထိအခိုက်အကျအဆုံးများလျက်ရှိနေသော ချင်းပြည်နယ်တွင် အကြမ်းဖက်စစ်တပ်သည် အင်တာနက်လိုင်းများဖြတ်တောက်ခြင်း၊ မြန်နှုန်းလျှော့ခြင်းများပြုလုပ်ထားပြီး နည်းလမ်းအမျိုးမျိုးဖြင့် စစ်အင်အားတိုးချဲ့လျက်ရှိနေသည်။

Leave a Reply

Your email address will not be published. Required fields are marked *