NUG အစိုးရနှင့်မပတ်သက်ဖို့ အာဆီယံအထူးသံအမတ်ကို စစ်ကောင်စီသတိပေးထား

အာဆီယံအထူးသံတမန်အနေနဲ့ စစ်တပ်က အကြမ်းဖက်အဖွဲ့အစည်းလို့ ကြေညာထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နဲ့ ထိတွေ့ပြောဆိုဆက်ဆံမှုမလုပ်ဖို့ စစ်ကောင်စီဘက်က သတိပေးခဲ့တယ်ဆိုပြီး အာဆီယံအထူးသံဘက်က ပြောလာပါတယ်။

ဘရူးနိုင်းနိုင်ငံခြားရေးဝန်ကြီး -၂ လည်းဖြစ် မြန်မာ့အရေး အာဆီယံအထူးသံတမန်လည်းဖြစ်တဲ့ အီရာဝမ်ယူဆွဖ်က သူ့အစီရင်ခံစာထဲမှာ အခုလိုရေးသားထားတာဆိုပြီး ဂျပန်သတင်းဌာန NHK က သတင်းဖော်ပြလာတာဖြစ်ပါတယ်။

အထူးသံတမန်ဟာ အာဆီယံခေါင်းဆောင်တွေကြား ရရှိထားတဲ့ မြန်မာ့အရေးဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်ရေးကို မြန်မာစစ်ခေါင်းဆောင်တွေနဲ့ ညှိနှိုင်းနေတာဖြစ်ပါတယ်။

အစီရင်ခံစာထဲမှာတော့ အထူးသံဟာ ထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့အပါအဝင် အခရာကျတဲ့လူပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံဖို့လိုတဲ့အကြောင်းကို အလေးပေးပြောထားပါတယ်။

ဒါပေမဲ့ စစ်ကောင်စီဘက်ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ဦးဝင်းမြင့်တို့ဟာ တရားရင်ဆိုင်နေရသူတွေဖြစ်တာကြောင့် တွေ့ဆုံခွင့်ပေးဖို့ ငြင်းဆိုတယ်လို့လည်း အထူးသံရဲ့အစီရင်ခံစာမှာပါတယ်လို့ဆိုပါတယ်။

ဘုံသဘောတူညီချက်တွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က ပူးပေါင်းဆောင်ရွက်မှုကို ထောက်ပြကာ အာဆီယံက လာမယ့်သီတင်းပတ်မှာ ကျင်းပမယ့်ထိပ်သီးဆွေးနွေးပွဲကို စစ်ခေါင်းဆောင်ကို မဖိတ်ကြားဖို့ ဆုံးဖြတ်ထားအပြီးမှာ အထူးကိုယ်စားလှယ်ရဲ့အစီရင်ခံစာ ထွက်လာတာဖြစ်ပါတယ်။စစ်ကောင်စီဘက်ကတော့ အာဆီယံရဲ့ဆုံးဖြတ်ချက်ကို ရှုတ်ချထားပါတယ်။

 

Leave a Reply

Your email address will not be published. Required fields are marked *