အာဆီယံသဘောတူချက်များကို ပူပေါင်းဆောင်ရွက်သွားလိုကြောင်းစစ်ကောင်စီထုတ်ပြန်

တပ်မတော်က နိုင်ငံတော်တာဝန်ရယူခဲ့ရပြီနောက်ပိုင်းအခြေအနေများနှင့် အာဆီယံ အထူးကိုယ်စားလှယ်ကိစ္စနှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက်

တပ်မတော်က နိုင်ငံတော်တာဝန်ရယူခဲ့ရပြီးနောက်ပိုင်းအခြေအနေများနှင့် အာဆီယံ အထူးကိုယ်စားလှယ်ကိစ္စနှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက်

၁။             ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် နိုင်ငံတော်အား နိုင်ငံရေးအရ အရေးပေါ်အခြေအနေကြေညာ၍ တပ်မတော်မှ နိုင်ငံတော်တာဝန်ကို ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈ခုနှစ်)ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ထိန်းသိမ်းခဲ့သည်။ ၎င်းဖြစ်စဉ် ဖြစ်ပွားလာရသည့်အကြောင်းအရင်း(Root Case)မှာ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် ကျင်းပခဲ့သော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ နိုင်ငံရေးရည်မှန်းချက် ရှိရှိဖြင့် ဖြစ်ပွား/ဖန်တီးခဲ့သည့် မဲမသမာမှုများ၊ မဲမသမာမှုကိုဖြစ်စေသည့် ၎င်းကာလ တည်ဆဲအစိုးရ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် အာဏာရပါတီ(NLD)၏ လုပ်ဆောင်ချက်များကြောင့်ဖြစ်ကြောင်း ပွင့်လင်းမြင်သာသည့်အထောက်အထားများ၊ ကြေညာချက်များ၊ သတင်းစာရှင်းလင်းပွဲများဖြင့် ပြည်တွင်း၊ ပြည်ပသို့ အကြိမ်ကြိမ် သိသာထင်ရှားစေခဲ့ပြီးဖြစ်သည်။

၂။             တပ်မတော်က နိုင်ငံတော်တာဝန်မရယူမီကာလကတည်းကပင် မဲမသမာမှု များနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးနိုင်ရန်အတွက် ရွေးကောက်ပွဲကော်မရှင်၊ တည်ဆဲ အစိုးရ၊ ပြည်ထောင်စုလွှတ်တော်နှင့် ၎င်းအချိန်က နိုင်ငံရေးခေါင်းဆောင်များနှင့် နည်းလမ်းမျိုးစုံဖြင့်ဆောင်ရွက်ခဲ့သည်။ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲသည် တရားမျှတမှု၊ သန့်ရှင်းမှုနှင့် ရိုးသားမှုများရှိပါက သက်ဆိုင်ရာ အာဏာရအစိုးရအနေဖြင့် တရားဥပဒေနှင့်အညီဖြေရှင်းရမည်ဖြစ်သော်လည်း မဖြေရှင်း ခဲ့ကြောင်းတွေ့ရှိရသည်။

၃။             တပ်မတော်က နိုင်ငံတော်တာဝန်ရယူပြီးနောက်ပိုင်း၌လည်း ပထမ လုပ်ငန်းစဉ်ဖြစ်သည့် “ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ပြန်လည်ဖွဲ့စည်းပြီး မဲစာရင်းများစစ်ဆေးခြင်းကို ဥပဒေနှင့်အညီဆက်လက်ဆောင်ရွက်ခြင်း ” လုပ်ငန်းကို ဆောင်ရွက်ရာတွင်လည်း သက်ဆိုင်သူများက ဥပဒေနှင့်အညီ ရင်ဆိုင်ခြင်းမပြုဘဲ ဆူပူအကြမ်းဖက်ဆန္ဒပြမှုများ၊ လက်နက်ကိုင်ဆန့်ကျင်ရန်လှုံ့ဆော်မှုများကို ရွေးချယ် ဆောင်ရွက်ခဲ့ကြသည်။ တပ်မတော်အနေဖြင့် ၎င်းအချိန်ကနေပြည်တော်တွင် စုစည်း ရောက်ရှိနေသော လွှတ်တော်ကိုယ်စားလှယ်များကို ဆက်လက်ထိန်းသိမ်းထားရန် ဆောင်ရွက်နိုင်သော်လည်း စစ်မှန်စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ဖြင့် တိုင်းပြည်တည်ဆောက်နိုင်ရေး၊ ဥပဒေအရ ဖြေရှင်းနိုင်ရေးရည်ရွယ်လျက် ၎င်းတို့၏ နေရပ်ဒေသအသီးသီးသို့ ပြန်လည်စေလွှတ်/ပို့ဆောင်ပေးခဲ့သည်။ ၎င်းအဖွဲ့များ အနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် CRPH အမည်ခံ အကြမ်းဖက် အဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး နိုင်ငံတော်အစိုးရအား စတင်ဆန့်ကျင်ခဲ့သည်။ ၎င်းတို့အထဲမှ NLD ပါတီလွှတ်တော်ကိုယ်စားလှယ်ဟောင်းအများစုသည် ဥပဒေအရ ဖြေရှင်းမှု နည်းလမ်းကိုမရွေးချယ်ဘဲ လူထုအား အကြမ်းဖက်ဆန္ဒပြမှုနည်းလမ်း၊ လက်နက်ကိုင် ဆန့်ကျင်မှုနည်းလမ်းသို့ရောက်ရှိအောင် ဆောင်ရွက်ခဲ့သည်။

၄။             ဖေဖော်ဝါရီလ ၇ ရက်နေ့မှစတင်၍ ဆန္ဒပြ(Protests)မှုများစတင်ခဲ့ကာ နောက်ပိုင်းတွင် ဆူပူဆန္ဒပြမှု(Riot)အသွင်၊ လူစုလူဝေးဖြင့်ဆူပူအကြမ်းဖက်ဆန္ဒပြမှု (Anarchic Mob)အသွင်၊ လက်နက်ဖြင့်တိုက်ခိုက်ခြင်း(Insurrection)အသွင်၊ အကြမ်းဖက် တိုက်ခိုက်ခြင်း(Terrorism)အသွင် ပြုလုပ်ခဲ့သည်။ ဆူပူဆန္ဒပြမှုဖြစ်စဉ်များ၌ အရှိန် အမြင့်ဆုံးကာလမှာ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ဖြစ်ပြီး ဆန္ဒပြပွဲများ၌ လူဦးရေ ၄.၈ သန်း သာပါဝင်ခဲ့သည်။ နောက်ပိုင်း၌ လက်နက်ကိုင်အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရန် အတွက် ဒေသအလိုက် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များဖွဲ့စည်း၍ ၎င်းတို့အား မထောက်ခံသည့် ပြည်သူလူထုကို တိုက်ခိုက်သတ်ဖြတ်ခြင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင် များနှင့် နိုင်ငံ့ဝန်ထမ်းများအား တိုက်ခိုက်သတ်ဖြတ်ခြင်း၊ စာသင်ကျောင်း၊ ဆေးရုံနှင့် ဆေးခန်းများအပါအဝင် နိုင်ငံပိုင်အဆောက်အဦများအား မီးရှို့ခြင်း၊ မိုင်းထောင် ဖောက်ခွဲတိုက်ခိုက်ခြင်း၊ လမ်း၊ တံတားများကိုတိုက်ခိုက်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ ထို့ကြောင့် ၎င်းကိစ္စများကို ဦးဆောင် ပြုလုပ်နေသည့် NUG နှင့် CRPH အမည်ခံ အကြမ်းဖက်များအား အကြမ်းဖက်အဖွဲ့အဖြစ် နိုင်ငံတော်မှကြေညာခဲ့သည်။

၅။             ၎င်းအကြမ်းဖက်အဖွဲ့များက နိုင်ငံအဝှမ်း ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်နေ့အထိ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်ပေါင်း ၉၈၆ ကြိမ်၊ ဗုံးခွဲတိုက်ခိုက်မှု ၂၃၄၄ ကြိမ်၊ မီးရှို့ဖျက်ဆီးမှု ၃၁၂ ကြိမ်၊ စုစုပေါင်း ၃၆၄၂ ကြိမ်ပြုလုပ်ခဲ့သည်။ ၎င်းတို့၏အကြမ်းဖက်မှုလုပ်ရပ်များကြောင့် သာမန်အရပ်သားပြည်သူလူထု ၁၁၅၅ ဦး သေဆုံးပြီး ၇၆၅ ဦး ဒဏ်ရာရရှိခဲ့သည်။ လုံခြုံရေးတပ်ဖွဲ့ဝင် တပ်မတော်သား ၇၅ ဦး၊ ရဲတပ်ဖွဲ့ဝင် ၉၃ ဦးနှင့် အစိုးရဝန်ထမ်း ၁၄ ဦး၊ စုစုပေါင်း ၁၈၂ ဦးသေဆုံးကာ ၆၀၂ ဦး ဒဏ်ရာရရှိခဲ့သည်။ စာသင်ကျောင်းနှင့် ပညာရေးအဆောက်အဦ ၂၅၁ လုံး မီးရှို့/ ဗုံးခွဲ ခံခဲ့ရသည်။ ပြည်သူလူထုအသုံးပြုနေသည့် ဆက်သွယ်ရေးလမ်းကြောင်း များဖြစ်သည့် ကားလမ်း၊ ရထားလမ်းများအား ဖျက်ဆီးခဲ့မှု ၅၃၆ ကြိမ်ရှိခဲ့ပြီး တံတား ၇၆ စင်းအား ဖျက်ဆီးခဲ့သည်။ အုပ်ချုပ်မှုအဆောက်အဦ၊ ဘာသာရေး အဆောက် အဦ၊ စက်ရုံ၊ အလုပ်ရုံ၊ ဈေးနှင့် မြို့ပြအဆောက်အဦများအားလည်း တိုက်ခိုက် ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်။ ကမ္ဘာ့အကြမ်းဖက်မှုဖြစ်စဉ်များတွင် တွေ့ရခဲသည့် ကလေးငယ်များ ပညာသင်ကြားရာ စာသင်ကျောင်းများနှင့် ပညာရေး အဆောက် အဦပေါင်း ၂၅၁ လုံးကို မီးရှို့၊ ဗုံးခွဲခဲ့မှုဖြစ်စဉ်တစ်ခုတည်းကို ကြည့်လျှင်ပင် ၎င်း NUG၊ CRPH နှင့် PDF အဖွဲ့များ၏ ယုတ်မာသော အကြမ်းဖက်လုပ်ရပ်များကို ထင်ရှားစွာတွေ့ရှိနိုင် ပါသည်။ ၎င်းကဲ့သို့ အကြမ်းဖက်အဖွဲ့များကို အားပေး၊ ကူညီ၊ ပံ့ပိုးပေးနေသော အချို့နိုင်ငံများနှင့် အဖွဲ့အစည်းများ၏ ကျင့်ဝတ်အပေါ် မေးခွန်း ထုတ်စရာလည်း ဖြစ်ပါသည်။

၆။             နိုင်ငံတော်အနေဖြင့် ၎င်းဆူပူဆန္ဒပြမှုများ၊ အကြမ်းဖက်ဖြစ်စဉ်များ၌ လှုံ့ဆော်ခဲ့မှု၊ ပါဝင်ခဲ့မှုများကြောင့် ပြစ်ဒဏ်ကျခံနေရသူများ၊ တရားစွဲဆိုခံနေရသူများ၊ အရေးယူခံနေရသူများအား လူသားချင်းစာနာထောက်ထားမှုကို အလေးထားသော အားဖြင့်လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရန်နှင့် နိုင်ငံတော် တည်ဆောက်ရေးတွင် ပါဝင်နိုင်စေရန်အတွက်လည်းကောင်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုခြင်း၊ ကြားနာစစ်ဆေးဆဲပြစ်မှုဆိုင်ရာအမှုများပိတ်သိမ်းခြင်း၊ အရေးယူမှုများ ပိတ်သိမ်းခြင်းတို့ကိုဆောင်ရွက်ပေးခဲ့သည်။ မြန်မာ့ရိုးရာအစဉ်အလာအရ အလေးအမြတ် ထားကြသည့် မြန်မာနှစ်ဆန်းကာလ၊ သီတင်းကျွတ်လပြည့်နေ့ကာလနှင့် ပြည်ထောင်စုနေ့ တို့၌ ၎င်းကိစ္စများကိုဆောင်ရွက်ခဲ့ရာ ယနေ့အထိ အမျိုးသား ၄၅၆၆၈ ဦးနှင့် အမျိုးသမီး ၆၀၃၆ ဦး၊ စုစုပေါင်း ၅၁၇၀၄ ဦးတို့အား ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်၊ အမှုများ ပိတ်သိမ်းခွင့်ပြုခဲ့ပြီးဖြစ်ပါသည်။ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက်ရည်ရွယ်၍ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ(EAO)မှ ထိန်းသိမ်းခံထားရသူများအား ပြစ်ဒဏ်မှလွှတ်ပေးခြင်း၊ ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးအတွက် ထုတ်ပြန်ချက်ထုတ်ပြန်ကာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကာလကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှာ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလကုန်အထိ ၅ လတာ တိုးမြှင့်ဆောင်ရွက်ခဲ့ပါသည်။

၇။             နိုင်ငံတော်အစိုးရအနေဖြင့် သွေးထွက်သံယိုမှုအနည်းဆုံးဖြင့် အာဃာတ တရားများ ပိုမိုများပြားမလာစေရေးအတွက် အတတ်နိုင်ဆုံးထိန်းသိမ်းဆောင်ရွက်ခြင်း၊ ဘက်ပေါင်းစုံမှ ကျယ်ကျယ်ပြန့်ပြန့်စဉ်းစားသုံးသပ်၍ ဆောင်ရွက်လိုသည်များနှင့် ဆောင်ရွက်သင့်သည်များ ချင့်ချိန်ဆောင်ရွက်ခြင်းတို့ကို ပြုလုပ်ခဲ့သော်လည်း NUG အမည်ခံ အကြမ်းဖက်အဖွဲ့က ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့တွင် နိုင်ငံ အဝှမ်း၌ အကြမ်းဖက်မှုများ ပိုမိုများပြားလာစေရေး၊ လက်နက်ကိုင်တိုက်ခိုက်မှုများ အရှိန်မြင့်တက်လာစေရေး ကြေညာချက်ထုတ်၍လှုံ့ဆော်ခြင်း၊ ပြည်သူလူထုအား အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လာစေရေး သွေးထိုးမှုများပြုလုပ်ခြင်းတို့ကို ဆောင်ရွက်လာခဲ့ကြောင်း တွေ့ရသည်။

၈။                 မြန်မာနိုင်ငံ၌ ယခင်ကတည်းကဖြစ်ပွားလျက်ရှိသည့် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများနှင့်စပ်လျဉ်း၍လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ(EAO)များ နှင့် စေ့စပ်ညှိနှိုင်းဆွေးနွေးဆောင်ရွက်လျက်ရှိပြီး တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးပြီးဖြစ်သည့် EAO အဖွဲ့ ၁၀ ဖွဲ့နှင့် လက်မှတ် မရေးထိုးရသေးသည့်အဖွဲ့များလည်း ရှိနေဆဲဖြစ်ပါသည်။ ဆက်လက်၍ ညှိနှိုင်း ဆွေးနွေးရေးလမ်းစဉ်အား ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ၎င်းတို့အနက် NCA စာချုပ် နောက်ပိုင်းမှပေါ်ပေါက်လာသည့် AA အဖွဲ့၊ TNLA အဖွဲ့နှင့် MNDAA အဖွဲ့ တို့နှင့်မူ သီးခြားအစီအမံများဖြင့် ဆက်လက်ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ပါသည်။ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ နှင့်အစိုးရအနေဖြင့် အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးအတွက် NCA လက်မှတ် ရေးထိုးခြင်း (၆)နှစ်ပြည့်နှစ်ပတ်လည်နေ့  ၁၅-၁၀-၂၀၂၁ ရက်နေ့၌ EAO အဖွဲ့ အစည်းဝင်များနှင့်စပ်လျဉ်း၍ ကြားနာစစ်ဆေးဆဲပြစ်မှုဆိုင်ရာအမှုများကို ပိတ်သိမ်းခြင်း အမိန့်ကိုကြေညာ၍ EAO အဖွဲ့ ၇ ဖွဲ့မှာ အဖွဲ့ဝင် ၁၁၄ ဦးအား အမှုမှ ပိတ်သိမ်း လွတ်မြောက်စေခဲ့သည်။ ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်း EAO များနှင့် တွေ့ဆုံဆွေးနွေးမှု  ၁၅ ကြိမ်၊ နိုင်ငံ‌ရေးပါတီများနှင့် တွေ့ဆုံ ဆွေးနွေးမှု ၆ ကြိမ် ပြုလုပ်ခဲ့ပြီး ဆက်လက်၍လည်းပြုလုပ်သွားမည်ဖြစ်ပါသည်။ အလားတူ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကလည်း နိုင်ငံရေးပါတီများနှင့်တွေ့ဆုံမှု ၂ ကြိမ်ပြုလုပ် ခဲ့ပြီး ဖြစ်ပါသည်။ ရွေးကောက်ပွဲမသမာမှုအပေါ် ဥပဒေအရ ရင်ဆိုင်ဖြေရှင်းခြင်း နည်းလမ်းကိုပစ်ပယ်၍ လက်နက်ကိုင်အကြမ်းဖက်မှုလမ်းစဉ်ကို ရွေးချယ်ကျင့်သုံး နေသည့် NUG၊ CRPH နှင့် PDF အမည်ခံ အကြမ်းဖက်လက်နက်ကိုင်အုပ်စုနှင့် တွေ့ဆုံဆွေးနွေးညှိနှိုင်းရေးကိုမူ လက်ခံနိုင်မည်မဟုတ်ပါ။ နိုင်ငံတကာအစိုးရများ အနေဖြင့်လည်း လက်နက်ကိုင်အဖွဲ့အစည်းများနှင့်ပတ်သက်၍ တွေ့ဆုံညှိနှိုင်းရေး ဆောင်ရွက်ကြရာတွင် အစဉ်အလာနှင့်သမိုင်းကြောင်းအရ သိရှိခဲ့သော လက်နက်ကိုင် အဖွဲ့အစည်းများနှင့်သာ တွေ့ဆုံညှိနှိုင်းခဲ့ကြပြီး ရုတ်ချည်းဖြစ်ပေါ်လာသည့် အကြမ်းဖက် လက်နက်ကိုင်အဖွဲ့များကိုမူ နိုင်ငံတော်နှင့်ပြည်သူလူထု၏ လူမှုစီးပွားဘဝ တည်ငြိမ် အေးချမ်းရေးအတွက် လိုအပ်သည့်လုံခြုံရေးအရ အရေးယူတုံ့ပြန်ရမှုများ ပြုလုပ်ကြ ရသည်ကို သတိပြုမိစေလိုပါသည်။

၉။             တပ်မတော်မှ နိုင်ငံတော်၏တာဝန်အား ရယူလိုက်ရချိန်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု ဒုတိယလှိုင်းရှိနေသည့်အချိန်ဖြစ်ပါသည်။ အာဆီယံနိုင်ငံ့ ခေါင်းဆောင်များ အစည်းအဝေးအား အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့တွင် မြန်မာနိုင်ငံ၌ ရောဂါကူးစက်ခံရပြီးသူဦးရေ စုစုပေါင်း ၁၄၂,၇၁၂ ဦးရှိခဲ့ပါသည်။ ၎င်းကာလ၌ နိုင်ငံတော်အစိုးရအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုထိန်းချုပ်နိုင်ရေးအတွက် လူစုလူဝေးများပြုလုပ်ခြင်း၊ ဆူပူဆန္ဒပြမှုများ ပြုလုပ်ခြင်းတို့ကို တားမြစ်ခဲ့သော်လည်း သွေးထိုးလှုံ့ဆော်သူများက အကြမ်းဖက် အသွင်၊ မင်းမဲ့စရိုက်အသွင် လူစုလူဝေးဖြင့် ဆောင်ရွက်မှုများ ဆက်လက်ဆောင်ရွက် ခဲ့ပါသည်။ တာဝန်မဲ့၊ ကျင့်ဝတ်မဲ့ ကျန်းမာရေးဝန်ထမ်းများက CDM အမည်ခံ တာဝန် ပျက်ကွက်မှု၊ အလုပ်ခွင်မှပျက်ကွက်မှုများပြုလုပ်ခဲ့သည်။ အခြားသူများကိုလည်း ၎င်းတို့၏ တာဝန်မဲ့၊ ကျင့်ဝတ်မဲ့ ပြုကျင့်မှုအတိုင်းပြုလုပ်စေရန် နည်းမျိုးစုံဖြင့်လှုံ့ဆော်ခဲ့သည်။ ၎င်းကဲ့သို့ကိစ္စများကြောင့် ၂၀၂၁ ခုနှစ်၊ ဇွန်လ တတိယပတ်မှစတင်၍ နိုင်ငံအတွင်း၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ၁၀ ရာခိုင်နှုန်းကျော်ထိ မြင့်တက်လာခဲ့သည်။ ရောဂါ ကူးစက်ခံရမှုဆက်တိုက်မြင့်တက်လာခဲ့ပြီး ဇူလိုင်လဆန်းတွင် ရောဂါပိုးတွေ့ရှိသူ ၂၀ ရာခိုင်နှုန်းကျော်၊ ဇူလိုင်လ ဒုတိယပတ်တွင် ၃၀ ရာခိုင်နှုန်းကျော်၊ တတိယပတ်တွင် ၄၀ ရာခိုင်နှုန်းခန့်အထိ ဖြစ်ပွားခဲ့သည်။ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့၌ ရောဂါကူးစက်ခံရသူ ၅၅၀၆ ဦး(၄၀.၈၂ %)၊ သေဆုံးသူ ၃၂၆ ဦး(၅.၉၂ %) ရှိခဲ့သည်။ ဇူလိုင်လ ၂၆ ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၃၉၆ ဦး(၈.၅၅ %) ရှိခဲ့သည်။ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအား ထိရောက်စွာဆောင်ရွက်နိုင်ရေးအတွက် အခြေခံပညာကျောင်းများအား ပြန်လည်၍ ပိတ်ခြင်း၊ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့မှ စက်တင်ဘာလ ၁၀ ရက်နေ့အထိ       ၂ လကျော်ကြာ ရုံးပိတ်ရက်ရှည်များ ဆက်တိုက်ကြေညာခြင်း၊ မြို့နယ်ပေါင်း ၁၁၃ မြို့နယ်အား လက်ရှိအခြေအနေအထိ Stay At Home ကြေညာခြင်းတို့ကို ဆောင်ရွက် ခဲ့ရသည်။

၁၀။              နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ဦးဆောင်သည့် အစိုးရအနေဖြင့် “ လူ့အသက်ထက်အရေးကြီးတာဘာမှမရှိ ” ဆိုသည့် မူဝါဒချမှတ်ကာ ကိုဗစ်-၁၉ ရောဂါတတိယလှိုင်း ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကို ခက်ခက်ခဲခဲ အချိန်နှင့်အမျှ ရှိသမျှစွမ်းအားဖြင့်ဆောင်ရွက်ခဲ့ရသည်။ ယခင်ကတည်းက ကြိုတင် ပြင်ဆင်မှုအားနည်းချက်ကြောင့် ဖြစ်ပေါ်လာသည့် အောက်ဆီဂျင်လိုအပ်ချက်နှင့် အရေးပေါ်ကုသရေးလိုအပ်ချက်များ၊ တာဝန်မဲ့၊ ကျင့်ဝတ်မဲ့ ကျန်းမာရေးဝန်ထမ်း အချို့၏ ပျက်ကွက်မှုကြောင့်ဖြစ်လာသည့် လူ့စွမ်းအားအရင်းအမြစ်လိုအပ်ချက်၊ ကုသရန် နေရာများလိုအပ်ချက်တို့အား နည်းလမ်းမျိုးစုံဖြင့် ဖြေရှင်းပေးခဲ့ရသည်။ ကုသရေး အတွက် အရေးပေါ်လိုအပ်နေသည့် အောက်ဆီဂျင်ဓာတ်ငွေ့ရည်များကို အိမ်နီးချင်း နိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ အရေးပေါ်တင်သွင်းခဲ့ရသည်။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းစဉ်တွင် အဓိက အရေးပါသည့် ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းအတွက် ကိုဗစ်ကာကွယ်ဆေးရရှိရေးအား ဆောင်ရွက် ခဲ့ရသည်။ ယခင်အစိုးရလက်ထက်က ကာကွယ်ဆေးရရှိရေးအတွက် အိန္ဒိယနိုင်ငံမှ ကာကွယ်ဆေးဝယ်ယူမှုဆောင်ရွက်ခဲ့သော်လည်း အိန္ဒိယနိုင်ငံတွင်း ရောဂါဖြစ်ပွားမှု အခြေအနေများကြောင့် ကာကွယ်ဆေး ၂ သန်းသာ ရောက်ရှိပြီး ရပ်တန့်နေခဲ့သဖြင့် ကာကွယ်ဆေးရရှိရေးအား အစမှပြန်လည်ဆောင်ရွက်ခဲ့ရာ အိမ်နီးချင်းမိတ်ဆွေနိုင်ငံ ဖြစ်သည့် တရုတ်နိုင်ငံ၏ကူညီမှုကြောင့် ယနေ့အထိ ကာကွယ်ဆေးရောက်ရှိမှု ၂၆ သန်းကျော်ရရှိပြီးဖြစ်သည်။ မြန်မာနိုင်ငံ၌ ၎င်းကဲ့သို့ ကိုဗစ်ကာကွယ်ဆေးရရှိရန် ခက်ခဲနေသောအချိန်၌ နိုင်ငံတကာအဖွဲ့အစည်းများဖြစ်သည့် ကမ္ဘာ့ကုလသမဂ္ဂနှင့် ဆက်စပ်အဖွဲ့အစည်းများ၊ အာဆီယံအဖွဲ့အစည်းအနေဖြင့် ကိုဗစ်ကာကွယ်ဆေးများ ထောက်ပံ့ပေးမှုအစီအစဉ်များ ပြုလုပ်ပေးမှုမရှိ၊ ပျက်ကွက်ခဲ့ကြောင်းတွေ့ရသည်။ မိတ်ဆွေနိုင်ငံ ၃ နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံမှ ကိုဗစ်ကာကွယ်ဆေး ၄.၆ သန်း၊ အိန္ဒိယနိုင်ငံမှ ကာကွယ်ဆေး ၂.၅ သန်းနှင့် ရုရှားနိုင်ငံတို့မှသာ ကူညီလှူဒါန်းပေးခဲ့ သည်ကို တွေ့ရှိရပါသည်။ နိုင်ငံတော်အစိုးရအနေဖြင့် ဆက်လက်၍ ကိုဗစ် ကာကွယ်ဆေးထိုးနှံရန် အကျုံးဝင်သူလူဦးရေ၏ ၅၀ ရာခိုင်နှုန်းအား ယခုနှစ်ကုန်အပြီး ထိုးနှံနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။ ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးမှုလုပ်ငန်း များအား NUG၊ CRPH၊ PDF အမည်ခံအကြမ်းဖက်အဖွဲ့များက အကြမ်းဖက် တိုက်ခိုက်မှု နည်းလမ်း၊ သွေးထိုး လှုံ့ဆော်မှုနည်းလမ်းများသုံး၍ အကြမ်းဖက်ဇီဝ နှောင့်ယှက် တိုက်ခိုက်မှု (Bio Terrorism)ပုံစံဖြင့် အနှောင့်အယှက်ပေး ဆောင်ရွက်လျက် ရှိသော်လည်း ပြည်သူ၊ နိုင်ငံတော်အစိုးရ၊ တာဝန်သိကျန်းမာရေးဝန်ထမ်းများ၊ လူမှုအဖွဲ့အစည်းများ နှင့် တပ်မတော်တို့ပူးပေါင်းဆောင်ရွက်လျက်ရှိရာ တစ်ရက်လျှင် ပျမ်းမျှလူဦးရေ ၂၅၀,၀၀၀ ဦးကို ဆေးထိုးနှံပေးလျက်ရှိပြီး ၂၁-၁၀-၂၀၂၁ ရက်နေ့အထိ ကာကွယ်ဆေး နှစ်ကြိမ် အပြည့်ထိုးနှံပြီးစီးသူ ၅,၁၅၇,၀၄၈ ဦးနှင့် ပထမအကြိမ် ထိုးနှံပြီးစီးသူ ၆,၉၆၁,၅၉၉ ဦးရှိပြီး ရောဂါကာကွယ်ဆေးအကြိမ်ရေ စုစုပေါင်း ၁၇,၂၇၅,၆၉၅ ကြိမ် ထိုးနှံ နိုင်ခဲ့ပါသည်။ လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွား မှုနှုန်းမှာ အောက်တိုဘာလ ၂၂ ရက်နေ့စာရင်းအရ ၇.၁၉ ရာခိုင်နှုန်းရှိနေဆဲဖြစ်ပြီး ဆူပူဆန္ဒပြမှုများ နည်းပါးလျက်ရှိသော်လည်း အကြမ်းဖက် သတ်ဖြတ်မှုများ၊ ဗုံးခွဲမှု များ၊ မိုင်းထောင်မိုင်းခွဲမှုများ ရှိနေဆဲဖြစ်ကာစိန်ခေါ်မှု တစ်ရပ်အသွင်ရှိနေဆဲဖြစ် သည်။

၁၁။           ၎င်းကဲ့သို့အခြေအနေများသည် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေနှင့် အစိုးရ၏လုပ်ဆောင်ချက်ကို ထင်ဟပ်ပေါ်လွင်စေသည့် အခြေအနေများဖြစ်ပါသည်။ ၎င်းကဲ့သို့အခြေအနေများထဲ၌ အစိုးရအနေဖြင့် နိုင်ငံတော်သာယာဝပြောရေး၊ တည်ငြိမ် အေးချမ်းရေးနှင့် စစ်မှန်စည်းကမ်းပြည့်ဝသောပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရှင်သန်ရေး တို့ကို စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့်။ ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံနိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေး ၌လည်း နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊  နိုင်ငံတော် ဝန်ကြီးချုပ်အနေဖြင့် နိုင်ငံတော်၏ ၎င်းအချိန်က လက်ရှိအခြေအနေ၊ ရှေ့ဆက် လက်လုပ်ဆောင်မည့် လုပ်ငန်းများ၊ ရပ်တည်ချက်၊ သဘောထားများကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ပြီး ဖြစ်ပါသည်။ ၎င်းအစည်းအဝေး၌ပင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် အစည်းအဝေးသို့ တက်ရောက်လာခဲ့သည့် နိုင်ငံ့ခေါင်းဆောင်များနှင့် ကိုယ်စားပြုသူများအား ပြန်လည်ဆွေးနွေးရာတွင် အချက် ၃ ချက်ကို အလေးထားပြောကြားခဲ့ပါသည်။ ၎င်း အချက်များ၌ “ မိမိတို့နိုင်ငံအပေါ် ပေးအပ်ခဲ့သည့် အကြံပြုချက်များကို ပြည်တွင်း၌ လတ်တလောဖြစ်ပျက်နေသည့် အခြေအနေများနှင့်ဆက်စပ်၍ အလေးပေး ထည့်သွင်းစဉ်းစားသွားမည် ” ဟု လည်းကောင်း၊ “ မိမိတို့အနေဖြင့် ပြည်တွင်း တည်ငြိမ်မှုအပေါ်မူတည်ပြီး အာဆီယံ၏ အဆိုပြုချက်များ၊ ခရီးစဉ်များကို စဉ်းစား သွားပါမည် ”ဟုလည်းကောင်း၊ “  အာဆီယံ၏ အပြုသဘော ပါဝင်ကူညီပံ့ပိုး ပေးလိုမှု နှင့် စပ်လျဉ်း၍လည်း အာဆီယံပဋိဉာဉ်၊ အာဆီယံလမ်းစဉ်၊ အာဆီယံ စိတ်ဓာတ် အပေါ် အခြေခံမည်ဆိုပါက နိုင်ငံကောင်းကျိုး အတွက်စဉ်းစားပေးမည် ” ဖြစ် ကြောင်း ပြောကြားဆွေးနွေးခဲ့မှုအား ထပ်လောင်း သတိရစေလိုပါသည်။ အာဆီယံ အထူးကိုယ်စားလှယ်ခန့်အပ်ရေးနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံအနေဖြင့် အလေးထား ဆောင်ရွက်ခဲ့သော်လည်း အမျိုးမျိုးသောညှိနှိုင်းမှုများ၊ အပြောင်းအလဲများ ကြုံတွေ့ခဲ့ ရပါသည်။ အာဆီယံအထူးကိုယ်စားလှယ် လာရောက် ရေး၌  အထက်ပါကြုံတွေ့ နေဆဲ အခြေအနေများသည်လည်း ကန့်သတ်မှုများ ရှိခဲ့သည့်အပြင် တောင်းဆိုချက် ဆိုင်ရာ ကန့်သတ်ချက်များ၊ အာဆီယံပြင်ပနိုင်ငံ များ၏ ဝင်ရောက်စွက်ဖက်မှုများ ကိုလည်း ကြုံတွေ့ခဲ့ရသည်။

၁၂။           ၎င်းကိစ္စများနှင့်ပတ်သက်၍လည်း အာဆီယံအလှည့်ကျဥက္ကဋ္ဌ၊ ဘရူနိုင်း နိုင်ငံ၏ အောက်တိုဘာလ ၁၆ ရက်နေ့ ထုတ်ပြန်ချက်အပေါ် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံ ခြားရေးဝန်ကြီးဌာနက တုံ့ပြန်သဘောထားသတင်းထုတ်ပြန်ချက်ကို ထုတ်ပြန်ပြီး ဖြစ်ပါသည်။ အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ ကြေညာချက်သည် အာဆီယံ၏ ပဋိဉာဉ် အပိုဒ်၂၀(ခ)ဖြစ်သည့် “ ဆုံးဖြတ်ချက်များချမှတ်ရာတွင် ဆွေးနွေးတိုင်ပင် ခြင်းနှင့် တူညီဆန္ဒကိုအခြေခံရမည် ” ဆိုသည့်အချက်၊ အပိုဒ်၈(၂)(က)ပါ “ အာဆီယံ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီသည် ဖိတ်ကြားရေးကိစ္စ အပါအဝင် အာဆီယံထိပ်သီး အစည်းအဝေးကိစ္စများကို ပြင်ဆင်လုပ်ဆောင်ရမည် ” ဆိုသည့်အချက်၊ အပိုဒ်(၂) (က)၊ (င)နှင့် (စ)ပါ “ အဖွဲ့ဝင်နိုင်ငံများ၏ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုကို လေးစားရန်၊ ပြည်တွင်းရေးမစွက်ဖက်ရန်နှင့် အဖွဲ့ဝင်နိုင်ငံများ၏ အမျိုးသားရေး တည်ရှိမှုကို ပြင်ပမှမစွက်ဖက်ရေး ” စသည့်မူများနှင့် ဆန့်ကျင်နေကြောင်းတွေ့ရှိရ ပါသည်။

၁၃။              ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ နိုင်ငံတော်အစိုးရအနေဖြင့်-

                 (က)    နိုင်ငံတော်တာဝန်အား စတင်တာဝန်ယူသည့်ကာလမှစ၍ ချမှတ် ထားပြီး အာဆီယံနိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေး၌လည်း ရှင်းလင်းတင်ပြခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်အတိုင်း ခိုင်မာတိကျစွာဆောင်ရွက်သွား မည်ဖြစ်သည်။

                 (ခ)      အာဆီယံ၏ သဘောတူညီချက် ၅ ရပ်အတိုင်း လုပ်ငန်းစဉ် များအား အတတ်နိုင်ဆုံးပူးပေါင်းဆောင်ရွက်သွားမည်။

                 (ဂ)      ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ပါ “ နိုင်ငံတော်သည် လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးဝါဒကို ကျင့်သုံးသည်၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ် မပျက် ပေါင်းဖက်ဆက်ဆံရေးကို ရှေ့ရှုသည်၊ နိုင်ငံအချင်းချင်း ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကို စောင့်ထိန်းသည် ” ဆိုသည့် နိုင်ငံခြားရေးမူဝါဒအတိုင်း ဆက်လက်လိုက်နာ ဆောင်ရွက်မည် ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ဟု၍ န-စ-က မှ သတင်းထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *