အာဆီယံအစည်းအဝေးကိုခွင့်မပြုသော်လည်း တတ်ရောက်ခွင့်ရနိူင်ရန် စောဒကတတ်နေ

အာဆီယံ ပဋိညာဉ်စာတမ်းအရ အာဆီယံထိပ်သီးအစည်းအဝေးကို နိုင်ငံ၏အကြီးအကဲ တယောက်အနေဖြင့် စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တက်ရောက်ရမည့် အခွင့်အရေး အပြည့်အဝ ရပိုင်ခွင့်ရှိကြောင်း၊ အာဆီယံနိုင်ငံများက မေးခွန်းထုတ်လာပါက ပြဋ္ဌာန်းချက်များနှင့်အညီ တိကျစွာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စစ်ကောင်စီက ယနေ့ညတွင် ထပ်မံထုတ်ပြန်လာသည်။

အာဆီယံထိပ်သီး အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများသို့ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အစား မြန်မာနိုင်ငံမှ နိုင်ငံရေးအရ ကိုယ်စားမပြုသူကို အစည်းအဝေးများ တက်ရောက်ရန် ဖိတ်ကြားခြင်းသည် ပြဋ္ဌာန်းချက်များနှင့် မကိုက်ညီသည့်အတွက် လိုက်နာဆောင်ရွက်ရန် ခက်ခဲသည်ဟုလည်း ဆိုသည်။

အာဆီယံထိပ်သီး အစည်းအဝေးတွင် မြန်မာနိုင်ငံ၏ ကိုယ်စားပြုအဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌကို ဖိတ်ကြားရန် သဘောတူညီချက် မရရှိသကဲ့သို့ မဖိတ်ကြားရန်လည်း တူညီဆန္ဒမရရှိခဲ့သည့်တိုင် အစည်းအဝေးအပြီး ကြေညာချက်တွင် အစည်းအဝေး တက်ရောက်ခွင့် မပြုဟု ဖော်ပြခဲ့မှုသည် အာဆီယံပဋိညာဉ်ပါ ပြဋ္ဌာန်းချက်နှင့် မကိုက်ညီကြောင်း စစ်ကောင်စီက တုန့်ပြန်သည်။

အာဆီယံပဋိညာဉ်၊ ပုဒ်မ ၂၀ (၁)အရ ဆုံးဖြတ်ချက်များကို တူညီဆန္ဒဖြင့်သာ ချမှတ်ရမည်ဖြစ်ပြီး ယခုကဲ့သို့ ဆုံးဖြတ်ခဲ့မှုသည် အာဆီယံ ပဋိညာဉ်ကို ချိုးဖောက်ခြင်း ဖြစ်သည်ဟုလည်း ပြောဆိုသည်။

အောက်တိုဘာ ၁၅ ရက်နေ့က ပြုလုပ်ခဲ့သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အရေးပေါ်အစည်းအဝေးတွင် မြန်မာနိုင်ငံ၏ ပြည်တွင်းရေး ကိစ္စများအား အကြောင်းပြုပြီး အောက်တိုဘာ ၂၆ မှ ၂၈ ရက်ထိ ကျင်းပပြုလုပ်မည့် အာဆီယံထိပ်သီး အစည်းအဝေးကို အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တက်ရောက်ခွင့်မပြုရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဆွေးနွေးဆုံးဖြတ်ချက်သည် ပြည်ပမှ ဝင်ရောက်စွက်ဖက်နေခြင်း ဖြစ်သည့်အတွက် အာဆီယံပဋိညာဉ်စာတမ်းပါ ပြဋ္ဌာန်းချက်ကို ထပ်မံ ချိုးဖောက်နေခြင်း ဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် အာဆီယံပဋိညာဉ် စာတမ်းပြဋ္ဌာန်းချက်ပါ အချက်များ၊ မူများ၊ ဦးတည်ချက်များနှင့် ဆန့်ကျင်ပြီး၊ မျှတမှုမရှိ မူဘောင်ကျော်လွန်ဆောင်ရွက်မှုများကို လက်ခံနိုင်ခြင်း မရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup

Leave a Reply

Your email address will not be published. Required fields are marked *