“NLD ပါတီဖျက်သိမ်းမယ့် အစီအစဉ် စစ်တပ်အာဏာ တည်မြဲရေး ကြိုးပမ်းမှုအဖြစ် ဒေါက်တာဆာဆာ ဝေဖန်”

NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို စစ်ကောင်စီက ၂၀၂၀ ရွေးကောက်ပွဲ မဲမသမာမှု ရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖျက်သိမ်းပစ်နိုင်ခြေရှိနေတယ် ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး ဒါဟာ စစ်ခေါင်းဆောင်တွေ မြန်မာနိုင်ငံကိုနှစ်ရှည်လများ အုပ်ချုပ်နိုင်ဖို့လုပ်နေတာ ဖြစ်ကြောင်း NUG အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ ပြောခွင့်ရဖြစ်တဲ့အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာက ပြောကြားလိုက်ပါတယ်။

စစ်ကောင်စီက ခန့်အပ်ထားတဲ့ ရွေးကောက်ပွဲကော်မရှင်က NLD ကို ရွေးကောက်ပွဲ ဝင်ခွင့် ပိတ်ပင်ကြောင်းကြေညာချက်ဟာ လူထုဆန္ဒကို ဆန့်ကျင်ပြီး စစ်အုပ်ချုပ်မှု သက်တမ်းရှည်အောင် ဒီမိုကရေစီကိုပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာ ဖြစ်ကြောင်း ဒေါက်တာဆာဆာက ရိုက်တာမေးမြန်းချက်ကို အီးမေးလ်ကနေ ပြန်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

နိုဝင်ဘာရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိခဲ့တဲ့အတွက် NLD ကို ဖျက်သိမ်းမလား၊ မဲမသာမှု ကျုးလွန်ခဲ့တဲ့သူတွေကို အရေးယူမလား ဆိုတာ စဉ်းစား ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း နေပြည်တော်မှာ သောကြာနေ့ကကျင်းပတဲ့ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံပွဲမှာ စစ်ကောင်စီက ခန့်အပ်ထားတဲ့ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုး ပြောကြားခဲ့ပါတယ်။

နိုင်ငံတဝှမ်းက NLD ပါတီရုံးတွေကို ၀င်ရောက်ရှာဖွေတာ၊ အဖွဲ့၀င်တွေကို ဖမ်းဆီးအရေးယူတာတွေ ရှိနေပေမဲ့ပါတီရုံးတွေပိတ်သိမ်း ပစ်တာမျိုးတော့ မရှိသေးပါဘူး။ စစ်တပ်အာဏာသိမ်းပြီးချိန် ကတည်းက နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်အပါအဝင် NLD ခေါင်းဆောင်ပိုင်းတွေကို ဖမ်းဆီးထားတာ ဖြစ်ပြီး ပါတီဝင် အတော်များများကတော့ ထွက်ပြေးတိမ်းရှောင် နေရတာပါ။

ဖေဖေါ်ဝါရီလ ရက် စစ်တပ်က အာဏာရယူရာမှာ အဓိက အကြောင်းပြချက်က ရွေးကောက်ပွဲအတွင်း မဲမသမာမှုရှိတယ်ဆိုတဲ့ စွပ်စွဲချက်ဖြစ်ပြီး နိုင်ငံတကာ အသိုင်းဝိုင်းကရော NLD ကပါ ဒီအကြောင်းပြချက်ကို လက်မခံကြပါဘူး။ စစ်တပ်ကတော့ နှစ်အတွင်း ရွေးကောက်ပွဲ အသစ် ကျင်းပပေးမယ်လို့ ကတိပေးထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *