NUG နှင့်အတူမြန်မာ့အရေးကိုစောင့်ကြည့်သွားမည်လို့အမေရိကန်ပြော

NUG နှင့်စေ့စပ်ဆောင်ရွက်ကာ မြန်မာ့အရေးတိုးတက်မှုဖြစ်စဉ်များကို ဆက်လက်စောင့်ကြည့်သွားမည်ဟု အမေရိကန်အကြီးတန်းအရာရှိဆို

မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရာတွင် စင်္ကာပူသည် အလွန်အရေးကြီးသည့်အခန်းကဏ္ဍ၌ ပါဝင်နေပြီး စင်္ကာပူတွင် မြန်မာစစ်တပ်ကို ဖိအားပေးရန် အရေးပါသည့် ငွေကြေးအင်အားလည်းရှိနေကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အကြီးတန်းအရာရှိတစ်ဦးက ၎င်း၏ ၃ ရက်ကြာ အရှေ့တောင်အာရှ သုံး နိုင်ငံ ခရီးစဉ်အတွင်း ကြာသပတေးနေ့ (အောက်တိုဘာ ၂၁) တွင် ဆိုခဲ့သည်။

ယခုအပတ်အစောပိုင်းတွင် ထိုင်း နိုင်ငံ နှင့် စင်္ကာပူနိုင်ငံကို အလည်ရောက်ရှိခဲ့သော အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အတိုင်ပင်ခံဖြစ်သူ ဒဲရက် ရှောလစ် (Derek Chollet) က အင်ဒိုနီးရှားနိုင်ငံ၊ မြို့တော်ဂျာကာတာ၌ တယ်လီဖုန်းဖြင့်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များကို ကြာသပတေးနေ့ (အာက်တိုဘာ ၂၁) တွင် ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

“စင်္ကာပူမှာ မြန်မာစစ်တပ်ကို ဖိအားပေးနိုင်မယ့် အရေးပါတဲ့ငွေကြေးအင်အား ရှိပါတယ်။ ပြီးတော့ ဒီငွေကြေးတွေကို ကျွန်တော်တို့ တွဲဖက်ပြီး ထိထိရောက်ရောက်ဘယ်လိုအသုံးပြုမယ်ဆိုတာကို ဆွေးနွေးခဲ့ပါတယ်” ဟု ၎င်းကဆိုခဲ့သည်။

မစ္စတာ ရှောလစ် သည် စင်္ကာပူငွေကြေးဆိုင်ရာအဖွဲ့၏ ဒု-ညွှန်ကြားရေးမှူး ဖြစ်သူ မစ္စ ဟိုဟန်းရှင် နှင့် တွေ့ဆုံခဲ့ကြောင်း ၎င်း၏ တွစ်တာ တွင် ဗုဒ္ဓဟူးနေ့ (အောက်တိုဘာ ၂၀) ရက်နေ့က ရေးတင်ခဲ့သည်။

“မြန်မာစစ်တပ်ရဲ့ ပြည်ပရှိငွေကြေးဆိုင်ရာပိုင်ဆိုင်မှုတွေကို ကန့်သတ်နိုင်မယ့်နည်းလမ်းတွေကို ကျွန်တော်တို့ဆွေးနွေးခဲ့ပါတယ်” ဟု မြန်မာ၏အမည်ဟောင်းဖြစ်သော ဗမာ (Burmese) ကိုသာ အသုံးပြု၍ ၎င်းက ရေးသားခဲ့သည်။

“စင်္ကာပူ က အလွန့်အလွန်ကို အရေးကြီးတဲ့ ကဏ္ဍကနေ ပါဝင်ဖို့ရှိပါတယ်။ ရှေ့လျှောက်ဆောင်ရွက်မယ့်နည်းလမ်းတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ရဲ့မိတ်ဖက်နိုင်ငံတွေနဲ့ ကောင်းမွန်တဲ့ဆွေးနွေးမှုတွေ ရှိခဲ့ပါတယ်” ဟု ၎င်းတို့နှစ်ဦးတွေ့ဆုံမှု၏ရလဒ်နှင့်ပတ်သက်ပြီး The Straits Times ၏ မေးမြန်းမှုကို မစ္စတာ ရှောလစ်က ဖြေခဲ့သည်။

မြန်မာတွင် အမေရိကန်ဒေါ်လာ ၂၄.၃ သန်း ကိုရင်းနှီးမြှုပ်နှံထားသည့် စင်္ကာပူသည် မြန်မာ၏အဓိကထိပ်တန်းရင်းနှီးမြုပ်နှံသည့်နိုင်ငံလည်း ဖြစ်သည်။

“အာဏာသိမ်းစစ်အုပ်စုကို ရင်ဆိုင်နိုင်မည့် ငွေကြေးအင်အား စင်္ကာပူတွင်ရှိသည်ဆိုသည်မှာ ပိုမိုခန့်မှန်းနေကြခြင်းဖြစ်ပါတယ်” ဟု စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘလာခရစ်နန် က ဩဂုတ်လ တွင်ဆိုခဲ့သည်။

မစ္စတာရှောလစ်သည် ၎င်း၏ စင်္ကာပူခရီးစဉ်အတွင်း စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘလာခရစ်နန်နှင့် ဗုဒ္ဓဟူးနေ့ (အောက်တိုဘာ ၂၀) တွင်တွေ့ဆုံခဲ့သေးသည်။

“မြန်မာမှာဖြစ်နေတဲ့ လူသားခြင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေတွေမှာ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့စုပေါင်းထောက်ပံ့ကူညီမှုတွေ လိုအပ်နေပါတယ်။ မြန်မာဆိုင်ရာအာဆီယံအထူးကိုယ်စားလှယ်နဲ့ လျင်လျင်မြန်မြန်ပူးပေါင်းပြီး ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖေါ်ပေးရန် မြန်မာစစ်အာဏာပိုင်များကို ကျွန်တော်တို့ ဆက်လက်တိုက်တွန်းသွားဖို့ အမေရိကန်ပြည်ထောင်စု နဲ့ စင်္ကာပူအကြား သဘောတူညီခဲ့ပါတယ်” ဟု မစ္စတာဗီဗီယန်က ၎င်း၏ fb စာမျက်နှာတွင် ရေးသားခဲ့သည်။

“အမေရိကန်ပြည်ထောင်စုရဲ့ အာဆီယံနှင့် အပြုသဘောဆောင်သည့် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်အားကောင်းစေမည်ဟူသောကတိကဝတ်ကို ကျွန်တော်တို့ ကြိုဆိုပါတယ်။ မြန်မာ အပါအဝင်ဒေသတွင်းပြဿနာများကို ဆွေးနွေးရာမှာ အာဆီယံထိပ်သီးအစည်းအဝေးသို့ နိုင်ငံရေးနယ်ပယ်မှမဟုတ်သည့် ကိုယ်စားလှယ်တစ်ဦးကိုသာ မြန်မာကိုယ်စားပြုတက်စေမည့် အာဆီယံ၏ဆုံးဖြတ်ချက်သည် ခက်ခဲစွာချခဲ့ရပေမယ့် ချဖို့လိုအပ်သည့်ဆုံံးဖြတ်ချက်ဖြစ်ကာ အမေရိကန်ကလည်း ယင်းဆုံးဖြတ်ချက်ကို ထက်လောင်းထောက်ခံကြောင်း မစ္စတာ ရှာလော့က ပြောခဲ့ပါတယ်” ဟု မစ္စတာ ဗီဗီယန်က ဆက်လက်ရေးသားခဲ့သည်။

အာဆီယံ၏ဆုံးဖြတ်ချက်သည် ပြည်ပစွက်ဖက်မှုများရှိနေကြောင်း စစ်အုပ်စု၏ ပြောခွင့်ရပုဂ္ဂိုလ်က မှတ်ချက်ပြုပြောကြားသည်ကို မစ္စတာ ရှောလစ်က “ဒီဆုံးဖြတ်ချက်ကို အမေရိကန်ပြည်ထောင်စုက ချခဲ့တာမဟုတ်ပါဘူး။ သို့ပေမယ့် လုံးဝကို မျှတမှန်ကန်တဲ့ဆုံးဖြတ်ချက်တစ်ခုပါ” ဟု ပြန်လည်တုန့်ပြန်ခဲ့သည်။

မြန်မာတွင် နိုင်ငံရေးဆိုင်ရာအကြမ်းဖက်မှုများရပ်စဲရန် နှင့် ပါတီအားလုံးပါဝင်သော အပြုသဘောဆောင်သည့် စားပွဲဝိုင်းဆွေးနွေးမှုပြုလုပ်ရန် အစရှိသည့်အချက်များ နှင့် ဘုံ သဘောတူညီချက် ၅ ချက်ကို လေးစားလိုက်နာပြီး ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်သွားရန်အတွက် မြန်မာစစ်တပ်ကို တွန်းအားပေးနိုင်မည့် ကျယ်ပြန့်သည့်သဘောတူညီချက်ကို မစ္စတာ ရှောလစ်၏ ထိုင်း၊ စင်္ကာပူ နှင့် အင်ဒိုနီးရှား ၃ နိုင်ငံသို့ ၃ ရက်ကြာခရီးစဉ်အတွင်း ဆိုင်ရာပုဂ္ဂိုလ်အသီးသီးနှင့် ပြောဆိုဆွေးနွေးရရှိခဲ့သည်ဟု သိရသည်။

“မြန်မာ့အရေးမှာ ရှေ့ဆက်လျှောက်ရမယ့်လမ်းစဉ်နဲ့ပတ်သက်ပြီး ကျွန်တော်တို့ အကြမ်းဖျင်းသဘောတူညီချက်တွေ ရရှိခဲ့ပါတယ်။ ကျွန်တော်တို့ အရောက်လှမ်းချင်တဲ့ပန်းတိုင်ကို ဘယ်လိုရောက်အောင်သွားမလဲ ဆိုတဲ့နည်းလမ်းတွေနဲ့ပတ်သက်ပြီး အမြင်တွေကတော့ အမျိုးမျိုးရှိကြပါတယ်။ မြန်မာ့အရေးမှာ တိုးတက်တဲ့ဖြစ်စဉ်တွေရှိလာဖို့အတွက် ရှေ့အပတ်တွေထဲမှာ အလွန့်အလွန်အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်သွားရမှာပါ” ဟု မစ္စတာ ရှောလစ်က ဆိုခဲ့သည်။

မြန်မာစစ်တပ်ပိုင်လုပ်ငန်းများ နှင့် အာဏာသိမ်းစစ်အုပ်စု၏အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးချင်းစီအပေါ်တွင် ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုများကို ချမှတ်ခဲ့သော အမေရိကန်ပြည်ထောင်စုသည် အာဆီယံရှိ၎င်း၏မိတ်ဖက်နိုင်ငံများနှင့် ဆွေးနွေးညှိုနှိုင်းကာ မြန်မာ့အကျပ်အတည်းကို ဆက်လက်ချည်းကပ် အဖြေရှာသွားမည်ဖြစ်ကြောင်း မစ္စတာ ရှောလစ်က ဆိုခဲ့သည်။

“ဝါရှင်တန် အနေနဲ့ လွတ်ငြိမ်းချမ်းသာမှုရဲ့စစ်မှန်မှုအပေါ် သံသယတွေရှိနေပါတယ်။ တိုးတက်မှုဖြစ်စဉ်တွေကို ကရုတစိုက်နဲ့ ကျွန်တော်တို့ စောင့်ကြည့်သွားမှာပါ” ဟု အာဏာသိမ်းစစ်အုပ်စု၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသူများကို ပြန်လွှတ်ပေးခြင်းနှင့်စပ်လျဉ်း၍မေးမြန်းမှုကို ၎င်းက ဖြေကြားခဲ့သည်။

အမေရိကန်အစိုးရအနေဖြင့် အာဏာသိမ်းစစ်အုပ်စု၏ စင်ပြိုင်အစိုးရဖြစ်သည့် အမျိုးသားညီညွတ်ရေးအစိုးရကို အသိအမှတ်ပြုရန် အစီအစဉ်ရှိသလားဆိုသည့်မေးခွန်းကို မစ္စတာ ရှောလစ်က “အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ကျွန်တော်တို့ စေ့စပ်ညှိုနှိုင်းဆောင်ရွက်သွားမယ်၊ ကျွန်တော်တို့ရဲ့အကောင်းဆုံးသော စိတ်ကူးအကြံအစည်တွေကို သူတို့ကို မျှဝေသွားမယ်၊ မြန်မာမှာဖြစ်နေတဲ့ အခြေအနေတွေ နဲ့ သူတို့ရဲ့လိုအပ်ချက်တွေကို သူတို့ဆီကနေ ကျွန်တော်တို့နားစွင့်မယ်၊ လှုပ်ရှားမှုတွေကို စည်းရုံးစွာနဲ့ဆောင်ရွက်နိုင်ဖို့ သူတို့ကို ကျွန်တော်တို့ ခွန်အားတွေပေးသွားမယ်ဆိုတာကို ကျွန်တော်တို့ လေးလေးနက်နက် ကတိကဝတ်ပြုပါတယ်” ဟု ဖြေကြားခဲ့သည်။

 

Leave a Reply

Your email address will not be published. Required fields are marked *