စက်ရုံတွေမှသည် ညမီးရောင်တွေဆီသို့ မဝံ့မရဲတိုးဝင်နေရသူတွေဘဝအကြောင်း

“ဆိုင်ကိုရောက်တာ ခြောက်လလောက်ရှိပြီ၊ စစရောက်ချင်းတုန်းကဆို ငိုတောင်ငိုတယ်၊ ထွက်ပြေးချင်တယ်”လို့ ခန္ဓာကိုယ် သေးသေးသွယ်သွယ်၊ အသားလတ်လတ်နဲ့ အသက် ၂၄နှစ်အရွယ်အမျိုးသမီးတစ်ဦးက တိုးညှင်းစွာဆိုပါသည်။

သူကတော့ ရန်ကုန်မှာနေထိုင်တဲ့ မဂျူးဂျူး(အမည်လွှဲ)ပါ။ မဂျူးဂျူးပြောတဲ့ ဆိုင်ဆိုတာ ကေတီဗီကို ဆိုလိုတာ ဖြစ်ပါတယ်။ မူလက လှိုင်သာယာက စက်ရုံတစ်ခုမှာ အလုပ်လုပ်နေသူဖြစ်ပြီး ဖေဖော်ဝါရီလလောက်က စက်ရုံက ဝန်ထမ်းလျှော့ချတဲ့ အထဲမှာပါသွားတာကြောင့် အခုကေတီဗီတစ်ခုမှာ အလုပ်ဝင်လုပ်နေတာဖြစ်ပါသည်။

ကိုဗစ်-၁၉ရောဂါရိုက်ခတ်မှုဒဏ်ကြောင့် စက်ရုံအလုပ်ရုံတွေယာယီပိတ်သိမ်းခဲ့သလို ဝန်ထမ်းလျော့ချမှုတွေလည်းရှိခဲ့ရာ စစ်အာဏာသိမ်းပြီးနောက်မှာတော့ ပိတ်သိမ်းလိုက်တဲ့စက်ရုံအရေအတွက်နဲ့ အလုပ်လက်မဲ့ဖြစ်သွားတဲ့ဝန်ထမ်းအရေ အတွက် ပိုတိုးလာခဲ့ပါတယ်။

အလုပ်သမားအဖွဲ့အစည်းတွေ ခန့်မှန်းထားချက်အရ ကိုဗစ်-၁၉ရောဂါရိုက်ခတ်မှုနဲ့ စစ်အာဏာသိမ်းမှုကြောင့် ယာယီနဲ့ အပြီးပိတ်သိမ်းတဲ့စက်ရုံအလုပ်ရုံရာကျော်ရှိနေပြီး အလုပ်လက်မဲ့ဦးရေ လေးသိန်းနီးပါးရှိနေပါတယ်။ စက်ရုံနဲ့အထည်ချုပ် လုပ်ငန်းတွေမှာ အမျိုးသမီးအလုပ်သမား အရေအတွက်ဟာ ၉၅ ရာခိုင်နှုန်းလောက်ရှိတာကြောင့် အမျိုးသမီးအလုပ် လက်မဲ့အရေအတွက်ဟာ သုံးသိန်းနီးပါးရှိတယ်လို့ ခန်းမှန်းထားကြပါတယ်။

 

ဒါကြောင့် အထည်ချုပ်လုပ်ငန်းနဲ့ စက်ရုံတွေမှာအလုပ်လုပ်ကိုင်ကြတဲ့အမျိုးသမီးတွေဟာ အလုပ်လက်မဲ့ပြဿနာနဲ့ ရင်ဆိုင် ကြရပြီး တချို့မှာ စားဝတ်နေရေးအတွက် မလွှဲမရှောင်သာဘဲ ဝန်ဆောင်မှုပေးတဲ့ ကေတီဗီ၊ အနှိပ်ခန်း၊ သီချင်းဆိုင် (စင်တင်) တွေမှာ ဝင်ရောက်လုပ်ကိုင်နေကြသလို တချို့ကတော့ လိင်အလုပ်သမအဖြစ် လုပ်ကိုင်နေကြပါတယ်။

 

“ နိုင်ငံရေးရော ကိုဗစ်ကော ဆက်စပ်နေတဲ့အခါကျတော့ ဒီလိင်ဖျော်ဖြေရေးလုပ်ငန်းလုပ်တဲ့အထဲကို ရောက်လာတာက တော့အများကြီးပဲပေါ့။

 

စီးပွားရေးခက်ခဲမယ်၊အိမ်ကမိသားစုတွေရဲ့ကျန်းမာရေးကြောင့်ဖြစ်မယ်၊ အကြောင်းအမျိုးမျိုးကြောင့် ဝင်ရောက်လာကြတာဖြစ်တယ်”လို့ တော်ဝင်ခရေကွန်ရက်ရဲ့ ဥက္ကဋ္ဌ ဖြစ်သူ ဒေါ်နှင်းနှင်းယုကပြောပါတယ်။

တော်ဝင်ခရေကွန်ရက်ဟာ HIV ဝေဒနာခံစားနေရတဲ့အမျိုးသမီးတွေ၊ ၁၉၄၉ ပြည့်တန်ဆာနှိပ်ကွပ်ရေး ဥပဒေအရ ဖမ်းဆီး ခံရတဲ့ အမျိုးသမီးတွေနဲ့ လိင်ဖျော်ဖြေရေးလုပ်ငန်းတွေမှာလုပ်ကိုင်နေတဲ့ အမျိုးသမီးတွေကို ကူညီပေးနေတဲ့ အဖွဲ့အစည်း တစ်ခုဖြစ်ပါတယ်။

 

လက်ရှိကာလမှာ အခက်အခဲဖြစ်နေတဲ့ လိင်ဖျော်ဖြေရေးမှာလုပ်ကိုင်နေတဲ့အမျိုးသမီးတွေကို ဆန်၊ဆီ၊ဆေးဝါး၊ ငွေကြေး စတာတွေကို အလှူရှင်တွေရဲ့အကူအညီနဲ့ထောက်ပံ့မှုတွေပြုလုပ်ပေးနေတယ်လို့ ဆိုပါတယ်။

National AIDS Program က ၂၀၁၈ ခုနှစ်ထုတ်ပြန်ထားတဲ့ စာရင်းများအရ တစ်နိုင်ငံလုံးမှာ လိင်အလုပ်သမအဖြစ် လုပ်ကိုင်သူ ခြောက်သောင်းခြောက်ထောင်ရှိတယ်လို့ ဖော်ပြထားပါတယ်။ လတ်တလော စစ်အာဏာသိမ်းပြီးနောက်ပိုင်း လိင်အလုပ်သမအလုပ်ကို လုပ်ကိုင်နေကြရတဲ့အမျိုးသမီးအရေအတွက်ကို ကောက်ယူဖို့ခက်ခဲတဲ့အတွက် အတိအကျ မပြောနိုင်ဘူးလို့ ဒေါ်နှင်းနှင်းယုကဆိုပါတယ်။

ညအထွက်ရ၊ လူမစုရဆိုတဲ့ အမိန့်တွေ အခြေအနေတွေကြောင့် အဖွဲ့အနေနဲ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဒီလုပ်ငန်း တွေထဲဝင်လာတဲ့ အမျိုးသမီးအရေအတွက်ကို ကောက်ယူဖို့ခက်ခဲနေတာဖြစ်တယ်လို့ သူကဆိုပါတယ်။

မလွှဲသာမရှောင်သာဘဲ ကေတီဗီမှာအလုပ်လုပ်နေရတဲ့ မဂျူးဂျူးဆိုရင် ပထမစက်ရုံကအလုပ်ပြုတ်သွားတဲ့အတွက် တခြား စက်ရုံတွေမှာအလုပ်လိုက်ရှာခဲ့ပေမယ့် လူခေါ်တဲ့စက်ရုံအရေအတွက်နဲ့ အလုပ်လျှောက်တဲ့လူဦးရေမမျှတာကြောင့် စက်ရုံ အလုပ်ရဖို့ခက်ခဲခဲ့ပါတယ်။

 

တခြားအလုပ်လုပ်ဖို့ကျတော့လည်း အတန်းပညာလုံလောက်အောင် မတက်ခဲ့ရတဲ့အတွက် မလွယ်ကူခဲ့ပါဘူး။ ရပ်ကွက်ထဲမှာ အဝတ်လျော်၊မီးပူတိုက်စတဲ့ တောက်တိုမယ်ရအလုပ်တွေလုပ်ကိုင်ခဲ့ပါသေးတယ်။ မိသားစု ခုနစ်ယောက်ရဲ့ စားဝတ် နေရေး၊အိမ်ငှားခတွေဟာ မဂျူးဂျူးရဲ့ဝင်ငွေတစ်ခုတည်းနဲ့သာ ဖြေရှင်းနေရတာကြောင့် တောက်တိုမယ်ရအလုပ်တွေကရတဲ့ ဝင်ငွေနဲ့မလောက်ငခဲ့ပါဘူး။

မဂျူးဂျူးမှာ မိဘနှစ်ဦး၊ မောင်နှမနှစ်ယောက်နဲ့ သားနှစ်ယောက်ရှိတာဖြစ်ပါတယ်။ အကိုဖြစ်သူကစိတ်ကျန်းမာရေး မကောင်းသူဖြစ်ပြီး ညီမဖြစ်သူအလုပ်လုပ်တဲ့ စက်ရုံကလည်းပိတ်သိမ်းလိုက်တာကြောင့် အလုပ်လက်မဲ့ဖြစ်နေတာပါ။ အမျိုးသားဖြစ်သူနဲ့လည်းကွဲနေပြီး သားနှစ်ယောက်ရဲ့စားဝတ်နေရေးအတွက်ပါ တာဝန်ယူနေရသူဖြစ်ပါတယ်။

မိသားစုရဲ့စားဝတ်နေရေးက မဂျူးဂျူးတခြားအလုပ်ရတဲ့အထိစောင့်ဖို့ အခြေအနေမပေးတာကြောင့် ရရာအလုပ်ဖြစ်တဲ့ ကေတီဗီမှာ ဝင်ရောက်လုပ်ကိုင်ခဲ့ပါတော့တယ်။

“ စလုပ်တုန်းကအရမ်းကြောက်ခဲ့တယ်။ လုပ်တော့မလုပ်ချင်ပါဘူး။ မိသားစုကအဆင်မပြေတော့လည်း လုပ်ရတာပဲ”လို့ မဂျူးဂျူးကဆိုပါတယ်။

စက်ရုံမှာလုပ်စဉ်က တစ်လလုပ်အားခနှစ်သိန်းခွဲရခဲ့ပြီး အခုအခါ နှစ်ဆက်ရှင်(နှစ်နာရီ)ကို ငွေကျပ်ငါးထောင်၊ ဧည့်သည် တွေရဲ့ မုန့်ဖိုးနဲ့ တစ်လကိုဝင်ငွေလေးသိန်းနီးပါးရပါတယ်။

ဝင်ငွေအနည်းငယ်တိုးလာပေမယ့်လည်း ကုန်ဈေးနှုန်းနဲ့ အကြွေးတွေရှိတာကြောင့် မချောင်လည်တဲ့ အနေအထားသာဖြစ် နေပါသေးတယ်။ ကေတီဗီမှာ အလုပ်လုပ်နေတဲ့အကြောင်းကို ဖခင်ဖြစ်သူကိုဖုံးကွယ်ထားပေမယ့် မိခင်ဖြစ်သူကိုတော့ အသိပေးထားတယ်လို့ဆိုပါတယ်။

“ ဒီအလုပ်က သူများတွေကြည့်ရင်လွယ်တယ်လို့ထင်လိမ့်မယ်။ တစ်ကယ်က အရမ်းစိတ်ညစ်ဖို့ကောင်းတယ်” လို့မဂျူးဂျူး က ခပ်ညည်းညည်း ပြောပါတယ်။

ဒါ့အပြင် ကိုဗစ်တတိယလှိုင်းနဲ့ နိုင်ငံရေးအခြေအနေကြောင့်လည်း ဝင်ငွေထင်သလောက်မရဘူးလို့ဆိုပါတယ်။

“ ကိုဗစ်နဲ့နိုင်ငံရေးဆိုတော့လူတွေက သိပ်မလာကြတော့ဘူး။ သူတို့စားဖို့နိုင်နိုင်ဆိုတော့ မလာတော့အခန်းမဝင်ရဘူး၊ ပိုက်ဆံမရဘူး” လို့ မဂျူးဂျူးကဖွင့်ဟပါတယ်။

စက်ရုံအလုပ်ကပြုတ်ပြီး လိင်အလုပ်သမအဖြစ် အသက်မွေးဝမ်းကျောင်းနေရတယ်လို့ ဆိုလာသူတစ်ဦးကတော့ အသက် ၃၂ နှစ်အရွယ် မဇူလိုင်(အမည်လွှဲ)ပါ။

ယခုနှစ် ဖေဖော်ဝါရီလက စက်ရုံအလုပ်ကပြုတ်ပြီး တခြားအလုပ်ရှာမရတာကြောင့် ဒီအလုပ်ကို မလွှဲမရှောင်သာဘဲ လုပ်ကိုင်နေရသူဖြစ်ပါတယ်။ စက်ရုံအလုပ်တွေလိုက်ရှာခဲ့ပေမယ့် ရောဂါနဲ့နိုင်ငံရေးအခြေအနေတွေကြောင့် မရခဲ့ပါဘူး။ ရပ်ကွက်ထဲမှာ အဝတ်လျှော်၊မီးပူတိုက်၊ဈေးဝယ်ပေးစတဲ့ တောက်တိုမယ်ရအလုပ်တွေလုပ်ပေမယ့် အမြဲတမ်း ဝင်ငွေရတဲ့ အလုပ်မဟုတ်တဲ့အတွက် မိသားစုစားဝတ်နေရေးအတွက်အဆင်မပြေခဲ့ပါဘူး။ ဒါကြောင့် မဇူလိုင်တစ်ယောက် ရွေးစရာ လမ်းမရှိဘဲ လိင်အလုပ်သမဘဝကိုသာ ရွေးချယ်ခဲ့ရပါတော့တယ်။

“ လုံးဝမသက်သာလို့လုပ်ဖြစ်ခဲ့ရတာ၊ အရမ်းကြောက်ခဲ့တယ်။ ကြောက်တဲ့စိတ်နဲ့ရှက်တဲ့စိတ်နဲ့ပဲရှိခဲ့တယ်။ တော်တော်လေး ခက်ခဲတယ်”လို့ မဇူလိုင်ကဖွင့်ဟပါတယ်။

မဇူလိုင်ဟာ အမျိုးသားဖြစ်သူနဲ့ကွဲနေပြီး သားတစ်ယောက်သမီးတစ်ယောက်ကို ရှာဖွေကျွေးမွေးနေသူလည်းဖြစ်ပါတယ်။

“ ကလေးတွေမျက်နှာကြည့်ပြီးလုပ်ရတယ်။ ဘာပဲဖြစ်ဖြစ်ငါရှာရမှာပဲ၊ ဘာပဲဖြစ်ဖြစ်ငါလုပ်ရမှာပဲ လုပ်မယ်ဟာ ခဏလေးပါပဲ ဆိုပြီးဖြေရှင်းလိုက်တာ” လို့ မဇူလိုင်က ဖွင့်ဟပါတယ်။

စက်ရုံမှာလုပ်စဉ်က လစာနှစ်သိန်းခွဲ၊ တောက်တိုမယ်ရအလုပ်တွေလုပ်ရာမှာ တစ်နေ့ နှစ်ထောင်သုံးထောင်ရခဲ့ပါတယ်။ လိင်အလုပ်သမအဖြစ် အလုပ်လုပ်တဲ့အခါမှာတော့ တစ်ရက်ကို တစ်ခါတစ်လေ ငါးထောင်၊ တစ်ခါတစ်လေ နှစ်သောင်း သုံးသောင်း လောက်ရတယ်လို့ သူက ပြောပါတယ်။

မဇူလိုင်ဟာ ဒီအလုပ်ကို မသက်သာလို့သာလုပ်ကိုင်ခဲ့ပေမယ့် အမြဲမလုပ်ဘဲ ပိုက်ဆံအရမ်းလိုအပ်တဲ့ အချိန်တွေမှသာ လုပ်ကိုင်ပါတယ်။

“ အဲ့အလုပ်ကပြန်လာရင် ဒီအလုပ်ကိုလုံးဝမလုပ်တော့ဘူး၊ လုံးဝမလုပ်တော့ဘူး စဉ်းစားရင်းစဉ်းစားရင်းနဲ့မပြေလည်ပြန် ဘူး။ ဖုန်းကလာတယ်၊ အချိတ်အဆက်ရတယ်ဆို တခါလောက်တော့သွားလိုက်ပါဦးမယ်လေ အဲ့လိုဖြစ်ဖြစ်သွားတယ်”လို့ မဇူလိုင်ကဆိုပါတယ်။

မဇူလိုင်နည်းတူ မတတ်သာတဲ့အခြေအနေကြောင့် လိင်အလုပ်သမအဖြစ် လုပ်ကိုင်နေရသူကတော့ အသက် ၃၅ နှစ် အရွယ် မယု(အမည်လွှဲ)ပါ။ မယုအလုပ်လုပ်တဲ့ စက်ရုံက ဖေဖော်ဝါရီလက ပိတ်သိမ်းလိုက်တဲ့အတွက် အလုပ်လက်မဲ့ ဖြစ်သွားတာပါ။

သူလည်း စက်ရုံအလုပ်တွေလိုက်ရှာပေမယ့်လည်း အဆင်မပြေခဲ့ပါဘူး။ တခြားအလုပ်လုပ်ဖို့အတွက် အတန်းပညာမတတ် မြောက်တာအပြင် ဈေးရောင်းဖို့အတွက်အရင်းအနှီးမရှိတာကလည်း မယုအတွက် ရွေးချယ်စရာနည်းခဲ့ပါတယ်။

ရပ်ကွက်ထဲမှာ အဝတ်လျှော်၊မီးပူတိုက်စတာတွေကို လုပ်ပေမယ့် စားဝတ်နေရေးအတွက် မလောက်ငတာကြောင့် လိင် အလုပ်သမအဖြစ် လုပ်ကိုင်ခဲ့ရပါတော့တယ်။ မယုမှာ မိသားစုငါးဦးရှိပြီး မယုရဲ့ဝင်ငွေတစ်ခုတည်းနဲ့သာ ရပ်တည်နေကြ ရတာဖြစ်ပါတယ်။

“ ဒီအလုပ်ကိုစစလုပ်လုပ်တုန်းကဆို ကြောက်တယ်၊ကြောက်ကြောက်နဲ့ပဲလုပ်ရတယ်”လို့မယုကဖွင့်ဟပါတယ်။

ကိုဗစ်-၁၉ရောဂါ နိုင်ငံရေးအခြေအနေနဲ့ ညမထွက်ရအမိန့်တွေကြောင့် အခက်အခဲတွေရှိတယ်လို့သူကဆိုပါတယ်။

တချို့ရက်တွေမှာ ငွေသောင်းဂဏန်းကျော်ရသလို တချို့ရက်တွေမှာတော့ ဈေးဦးမပေါက်တာမျိုးတွေလည်း မယုတစ် ယောက်ကြုံတွေ့ရပါတယ်။

“ ခေတ်ကာလမကောင်းဘူးဆိုပြီး တချို့လူတွေကအခွင့်အရေးယူတယ်၊ ပိုက်ဆံမပေးဘဲ လိမ်သွားတာမျိုးတွေလည်း ကြုံရတယ်”လို့မယုက သူ့အတွေ့အကြုံကိုပြောပါတယ်။

ကိုဗစ်-၁၉နဲ့ပတ်သက်တဲ့ ဥပဒေတွေ ညမထွက်ရအမိန့်စတာတွေကြောင့် လိင်အလုပ်သမအဖြစ် အလုပ်လုပ်ကိုင်တဲ့ အမျိုးသမီးတွေဟာ အချိန်မရွေးအဖမ်းခံရနိုင်ပြီး လတ်တလောအခြေအနေတွေကြောင့် သူတို့စားဝတ်နေရေးအတွက် ခက်ခဲတဲ့အခြေအနေတွေဖြစ်တယ်လို့ တော်ဝင်ခရေကွန်ရက်ရဲ့ ဥက္ကဋ္ဌ ဖြစ်သူ ဒေါ်နှင်းနှင်းယုကဆိုပါတယ်။

ဒါ့အပြင်တော်ဝင်ခရေအဖွဲ့အနေနဲ့ လိင်ဖျော်ဖြေရေးလုပ်ငန်းမှာလုပ်ကိုင်နေတဲ့ အမျိုးသမီးတွေကို ကူညီမှုတွေပြုလုပ်ရာမှာ လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေတွေဖြစ်တဲ့ ညမထွက်ရ၊လူမစုရဆိုတဲ့အမိန့်တွေကြောင့် အခက်အခဲဖြစ်သလို၊ ဘဏ်ကတစ်ဆင့်ငွေသွင်းငွေထုတ်လုပ်ငန်းတွေ အဆင်မပြေတာ၊ ကြန့်ကြာမှုရှိတာကြောင့် ကူညီရာမှာအခက်အခဲဖြစ်တာ၊ နေထိုင်မကောင်းတဲ့ အမျိုးသမီးတွေအတွက်လည်း ကျန်းမာရေးဝန်ဆောင်မှုရယူဖို့ ခက်ခဲတာ စတဲ့အခက်အခဲတွေရှိတယ် လို့ ဒေါ်နှင်းနှင်းယုကဆိုပါတယ်။

“ အဖွဲ့အနေနဲ့ အလှူရှင်တွေနဲ့ချိတ်ဆက်ပြီး သူတို့အတွက် ကျန်းမာရေးဝန်ဆောင်မှုတွေ အပြည့်အဝရဖို့၊ အကာ အကွယ် ပေးဖို့ ဒီအမျိုးသမီးတွေ လုပ်ငန်းတွေပြောင်းလဲလာပြီး တခြားအလုပ်အကိုင်တွေလုပ်ချင်တယ်ဆိုရင် တခြားအလုပ်အကိုင် တွေ လုပ်နိုင်ဖို့ ကူညီပေးသွားမယ်”လို့သူကပြောပါတယ်။

လတ်တလောမှာ အခြေအနေအရ မလွဲသာမရှောင်သာဘဲ ကေတီဗီ၊ အနှိပ်ခန်းနဲ့ လိင်အလုပ်သမအဖြစ် လုပ်ကိုင်နေကြ ရတဲ့အမျိုးသမီးတချို့ကတော့ အခြေအနေခဲ့ရင် တခြားအလုပ်ကိုသာလုပ်ကိုင်လိုကြတယ်လို့ ဆိုပါသည်။

မဇူလိုင်ကတော့ အရင်းအနှီးလေးရခဲ့မယ်ဆိုရင် ကွမ်းယာရောင်းချင်တယ်လို့သူ့ဆန္ဒကိုဖွင့်ဟပါတယ်။ မယုကလည်း ဒီလိင်အလုပ်သမားဘဝကနေ ခပ်မြန်မြန်ရုန်းထွက်ချင်ကြောင်း ယခုလိုဆိုပါတယ်။

“ တစ်နေ့ထမင်းပုံမှန်စားနေရမယ်။ အကြွေးကင်းကင်းနဲ့ အဲ့လိုဆိုရင်တော့ ဒီအလုပ်မလုပ်ချင်တော့ဘူး”ဟုဆိုခဲ့ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *