NUG သမ္မတရဲ့ သီတင်းကျွတ်ဆုတောင်းစကား

ယာယီသမ္မတ ဒူဝါလရှီးလ၏ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် သီတင်းကျွတ် လပြည့်နေ့ ဆုတောင်းစကား

ယနေ့ကျရောက်သည့် သီတင်းကျွတ်လပြည့်နေ့တွင် ပြည်သူအားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာရှိကြပါစေဟု ဦးစွာဆုမွန်ကောင်းတောင်းလိုပါသည်။

သီတင်းကျွတ်အခါသမယသည် ဗုဒ္ဓဘာသာဝင်များအတွက် မြတ်စွာ ဘုရား၏ ဂုဏ်ကျေးဇူးအထူးကို အောက်မေ့သတိရပူဇော်ကြသော ကာလဖြစ်သကဲ့သို့ တပြည်လုံးမှ မိသားစုဝင်များ၊ မိဘနှင့် သားသမီးများ၊ သက်ကြီးရွယ်အိုများကို ဂါရဝပြုကြလေ့ရှိသည့် ချစ်ခင်ကြင်နာမှု ထုံမွှန်းနေလေ့ရှိသော အချိန်အခါဖြစ်သော်လည်း

ယခုအချိန်တွင် စစ်အာဏာရှင် မင်းအောင်လှိုင် နှင့် စစ်အုပ်စုတို့၏ ဖိစီးနှိပ်စက်မှုတို့ကြောင့် မိသားစုများစွာမှာ တကွဲတပြား ဖြစ်နေကြရပြီဖြစ်သည်။ အကျဉ်းထောင် များထဲတွင် မတရားဖမ်းဆီးချုပ်နှောင်ခံထားရသူများ၊ တိုင်းပြည်၏

အာဏာရှင် စနစ်ဖျက်သိမ်းရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် နေရာကဏ္ဍအသီးသီးတွင် တိုက်ပွဲဝင်ပံ့ပိုးပေးနေသူများ၊ စစ်ဘေးရှောင်စခန်းများမှ ပြည်သူများအားလုံး မိသားစုအသီးသီးနှင့် အမြန်ဆုံးငြိမ်းချမ်းစွာ ဆုံစည်းကြစေရန် မိမိတို့ အမျိုးသားညီညွတ်ရေးအစိုးရမှ အစွမ်းကုန်ကြိုးပမ်းနေသည်ဟုလည်း ထပ်လောင်းပြောကြားလိုပါသည်။

စစ်အာဏာရှင်၏ ရမ်းကားသတ်ဖြတ်မှုများကြောင့် ပြန်လည်အစားထိုးမရနိုင်သော ဆုံးရှုံးမှုများနှင့် ကြုံတွေ့ခဲ့ရသော မိဘများနှင့် သားသမီးများ၏ ဝမ်းနည်းပူဆွေးမှုများကိုလည်း မိမိတို့ ထပ်တူခံစားမိပါသည်။ ပြည်သူလူထုတရပ်လုံးအနေဖြင့် ၎င်းတို့၏ စွန့်လွှတ်စွန့်စားမှုများကို သတိရလျှက် စာနာလေးစားစိတ်များဖြင့် ပြည်သူ့တော်လှန်ရေးကို တခဲနက် ဆက်လက်ပါဝင်အားဖြည့်ကြရန် မေတ္တာရပ်ခံတိုက်တွန်းလိုပါသည်။

အာဏာသိမ်း မင်းအောင်လှိုင် နှင့် စစ်အုပ်စုတို့၏ ကိုယ်ကျိုးအတွက် စတေးခံနေရသော တပ်မတော်သားများ၊ ရဲဝန်ထမ်းများနှင့် ဌာနအသီးသီးမှ လူပုဂ္ဂိုလ်များကိုလည်း သီတင်းကျွတ် အခါသမယတွင် မိမိတို့၏ လုပ်ရပ်များ ကို

ပြန်လည်စဉ်းစားဆင်ခြင်ကာ ပြည်သူနှင့်အတူ အမြန်ဆုံးပူးပေါင်းကြရန် ထပ်မံအလေးအနက်တိုက်တွန်း လိုက်ပါသည်။ တရားသော ပြည်သူ့ခုခံတော်လှန်ရေး မုချအောင်မြင်မည်ဖြစ်ကြောင်းကိုလည်း အလေးအနက် သစ္စာပြုပါသည်။

 

Leave a Reply

Your email address will not be published. Required fields are marked *