စားအုန်းဆီကို ထိန်းထိန်းသိမ်းသိမ်း စားသုံးရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံတော်မိန့်ခွန်းအတွင်း ထည့်ပြော
မိဘပြည်သူများအနေနဲ့ စားအုန်းဆီကို ထိန်းထိန်းသိမ်းသိမ်း စားသုံးဖို့ မေတ္တာရပ်ခံလိုတယ်လို့ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ ပြည်သူလူထုသို့ ပြောကြားခဲ့တဲ့ နိုင်ငံတော်မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
‘‘မိဘပြည်သူများအနေနဲ့ ဆီစားသုံးမှုကို ကျန်းမာရေးအမြင်အရသော်လည်ကောင်း၊ နိုင်ငံရဲ့ လိုအပ်ချက်အရသော်လည်ကောင်း ကြပ်ကြပ်မတ်မတ်နဲ့ ထိန်းသိမ်းစားသုံးဖို့အတွက် မေတ္တာရပ်ခံလိုပါတယ်’’ လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်းမှာ ပြည်ပက စားအုန်းဆီတန်ချိန် ၈ သိန်းကျော် တင်သွင်းခဲ့ရပြီး အမေရိကန်ဒေါ်လာ သန်း ၈၃၀ ကျော် သုံးစွဲခဲ့ရတယ်လို့ သူက ဆိုပါတယ်။
လူတစ်ယောက်ကို ၆ ပိဿာနှုန်း စားသုံးပါက ဆီလိုအပ်ချက်အဖြစ် တန်ချိန် ၅ သိန်းသာရှိပြီး ၇ ပိဿာနှုန်း စားသုံးပါက ဆီလိုအပ်ချက် ၅.၈ သိန်းနဲ့ ၈ ပိဿာနှုန်း သုံးစွဲပါက ဆီလိုအပ်ချက် ၆.၆ သိန်းသာ ရှိမယ်လို့ ပြောပါတယ်။
‘‘အခု ၈ သိန်းကျော် သွင်းထားတဲ့ အတွက်ကြောင့် ဆီစားသုံးမှုဟာ လွန်စာများပြားနေတယ်လို့ ပြောရမှာ ဖြစ်ပါတယ်’’ လို့ ယင်းက ဆက်ပြောပါတယ်။
လက်ရှိ နိုင်ငံအတွင်းမှာ ဆီထွက်သီးနှံများဖြစ်ကြတဲ့ မြေပဲ၊ နှမ်း၊ ပန်းနှမ်း၊ ပဲပုပ်၊ နေကြာ၊ ဆီအုန်းစိုက်ပျိုးမှုတွေကတစ်ဆင့် စားသုံးဆီထုတ်လုပ်မှုတွေ ရှိနေပြီး ပြည်ပက တင်သွင်းမှုများနဲ့ ပေါင်းစပ်လိုက်ပါက ဆီစားသုံးမှု အတော်များနေတယ်လို့ ပြောရမှာဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထည့်ပြောပါတယ်။
‘‘ဆီစားသုံးမှု လျှော့ချခြင်းအားဖြင့် တစ်ဖက်က ကျန်းမာရေးအတွက် များစွာအထောက်အကူများ ဖြစ်သလို ပြည်ပကနေ ဆီဝယ်ယူမှုအတွက် သုံးစွဲနေရတဲ့ နိုင်ငံခြားငွေလည်း များစွာလျှော့ချနိုင်မှာ ဖြစ်ပါတယ်’’လို့ ၎င်းက ဆိုပါတယ်။
သတင်း – BETV Business