မင်းအောင်လှိုင်ကိုအာဆီယံအစည်းအဝေးမဖိတ်ကြားသည့်အပေါ်NUG အစိုးရကြိုဆိုတယ်လို့ပြော

နိုင်ငံရေးပိုင်းနဲ့မပတ်သက်သူကိုယ်စားလှယ်ကိုသာ ထိပ်သီးအစည်းအဝေးတက်ခွင့်ပေးမယ့် အာဆီယံဆုံးဖြတ်ချက်ကို ကြိုဆိုတယ်လို့ NUG ပြော

အခုလကုန်ပိုင်းမှာကျင်းပဖို့ရှိတဲ့ အာဆီယံထိပ်သီးအစည်းအဝေးတွေကို စစ်ကောင်စီဘက်ကို မတက်ခိုင်းဘဲ နိုင်ငံရေးပိုင်းနဲ့မပတ်သက်သူကိုယ်စားလှယ်တစ်ဦးကိုသာ တက်ခွင့်ပေးမယ်လို့ အာဆီဘက်က ဆုံးဖြတ်ခဲ့တာကို ကြိုဆိုတယ်ဆိုပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဒီနေ့ အောက်တိုဘာလ ၁၈ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။

မြန်မာ့အရေးဖြေရှင်းဖို့ အာဆီယံခေါင်းဆောင်တွေကြားရရှိထားခဲ့တဲ့ဘုံသဘောတူညီချက် ၅ ရပ်ကို စစ်ကောင်စီဘက်က အထမြောက်အောင်ဆောင်ရွက်ဖို့ သိသာတဲ့တိုးတက်မှုမရှိဘူး ဆိုတာကို အာဆီယံဘက်က အသိအမှတ်ပြုတဲ့အချက်ကိုလည်း ကြိုဆိုတယ်လို့ NUG က ပြောပါတယ်။

အထူးသဖြင့် စစ်ကောင်စီဘက်က အာဆီယံအထူးသံကို မြန်မာပြည်တွင်းက သက်ဆိုင်ရာပါဝင့်ပါဝင်ထိုက်သူတွေအားလုံးနဲ့ ထိတွေ့ခွင့် ပေးလိုမှုမရှိတာကို NUG က အဓိက ထောက်ပြပြောဆိုပါတယ်။

အာဆီယံအခုဆုံးဖြတ်ချက်ဟာ မြန်မာပြည်သူတွေအတွက် အာဆီယံရဲ့အပြုသဘောဆောင်တဲ့ခြေလှမ်းတစ်ရပ်ဖြစ်တယ်လို့ သိမှတ်တယ်လို့လည်း ဆိုပါတယ်။

တဖက်မှာလည်း နိုင်ငံရေးနဲ့မပတ်သက်တဲ့ကိုယ်စားလှယ်ရွေးချယ်ရာမှာ စစ်ကောင်စီအရာရှိတွေသာမက သူတို့နဲ့ဆက်စပ်တဲ့လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်း မဖြစ်ဖို့ အဲဒီကိုယ်စားလှယ်ဟာ မြန်မာပြည်သူတွေရဲ့အကျိုးစီးပွားကို ကိုယ်စားပြုနိုင်မယ့်သူဖြစ်ဖို့ စတဲ့အချက်တွေကို စဉ်းစားသုံးသပ်ဖို့ NUG က အာဆီယံကို တိုက်တွန်းပါတယ်။

ဒါ့အပြင် အာဆီယံဘက်က ကိုယ်စားလှယ်ရွေးချယ်ရေးအပိုင်းမှာ အထောက်အကူဖြစ်စေဖို့ NUG အနေနဲ့ ပူးပေါင်းဖို့ အသင့်လို့လည်း ဆိုပါတယ်။

ပုံစာ – စစ်ကောင်စီဥက္ကဋ္ဌကို ထိပ်သီးအစည်းအဝေးပွဲတက်ဖို့ မဖိတ်ဘဲ နိုင်ငံရေးနဲ့မပတ်သက်သူတစ်ဦးကိုသာ တက်ရောက်ခိုင်းမယ့် အာဆီယံဆုံးဖြတ်ချက်ဟာ ရှားရှားပါးပါးဆုံးဖြတ်ချက်တစ်ရပ်လို့ ရှုမြင်ခံထားရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *