အာဆီယံကလူရာမသွင်းသည့်အစိုးရလက်အောက်တွင် ဗိုလ်လောင်းဝင်ခွင့်လျောက်ထားသူမရှိသလောက်နည်းပါးနေ

စစ်ကောင်စီက ယခုနှစ် စစ်တက္ကသိုလ် (DSA) ဗိုလ်လောင်းသင်တန်း အပတ်စဥ် (၆၇)အတွက် တက္ကသိုလ်ဝင်တန်းအောင် ဗိုလ်လောင်းအသစ်များခေါ်ယူခဲ့ပြီး ၄င်းတို့ထံ တနိုင်ငံလုံးအနေဖြင့် လာရောက်လျှောက် ထားသူ ၄၀၀ ကျော်သာရှိကြောင်း စစ်တပ်အသိုင်း အဝိုင်းထံက သိရသည်။

ယမန်နှစ်က စစ်တက္ကသိုလ်လျှောက်ထားသူ ၈ ထောင်ခန့်ရှိခဲ့ပြီး လက်ရှိကာလတွင် စစ်တပ်က အာဏာသိမ်းပြီးချိန်တွင် လျှောက်ထားသူအရေအတွက်မှာ ယမန်နှစ်ထက် အဆ ၂ဝ ခန့် လျော့ကျခဲ့ခြင်းဖြစ်သည်။

DSA ဝင်ခွင့် လျှောက်ထားသူ ၄ဝဝ ခန့်သာရှိသလို တပ်မတော်နည်းပညာတက္ကသိုလ် – DSTA နှင့် တပ်မတော်ဆေးတက္ကသိုလ် – DSMA တို့မှာလည်း လျှောက်ထားသူ ၄ဝဝ ခန့်သာရှိကြောင်း တပ်မ တော်ဗိုလ်ရွေးအဖွဲ့(OTT)နှင့် နီးစပ်သောအသိုင်းအဝိုင်းထံက သိရသည်။

စစ်တက္ကသိုလ်များ ဝင်ခွင့်လာရောက်လျှောက်ထားသူနည်းပါးသဖြင့် စစ်ကောင်စီဘက်မှ လျှောက်ထားချိန်အား ကိုဗစ်ရောဂါအကြောင်းပြ၍ ဝင်ခွင့်ဖောင်ပိတ်ချိန်ကို စက်တင်ဘာလ ၃၀ ရက်နေ့ထိ ၂ လတိတိ တိုးမြှင့်သတ်မှတ်ပေးခဲ့သည်။

စစ်ကောင်စီက လျှောက်လွှာဖောင်ပိတ်ချိန်တိုးပေးသော်လည်း လျှောက်ထားသူအရေအတွက်မှာ ယမန်နှစ်ထက် အဆ ၂ဝ ကျော် လျော့ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“တနိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင် ၄၀၀ ကျော် လောက်ဘဲရှိတယ်လို့ သိထားတယ်။ အရင်ထက်စာရင်တော့ အများကြီးကွာဟတာပေါ့။ အရင်ကဆို စစ်တိုင်း ၁၄ တိုင်း အပြိုင်အဆိုင်လျှောက်ကြ တာ။ နှစ်တိုင်းလိုလို တနိုင်ငံလုံးဆိုရင် စစ်တက္ကသိုလ်(DSA)တခုထဲကို ၇၀၀၀ နဲ့ ၈၀၀၀ ကြားမှာရှိတယ်။ ကျန်တဲ့ စစ်အင်ဂျင်နီယာတို့၊ စစ်ဆေးတက္ကသိုလ်တို့ မပါသေးဘူး။ ၄၀၀ ကျော်ဆိုတဲ့အရေ အတွက် က အ နည်းဆုံးစစ်တိုင်းတခု တောင်အဲ့ဒီလောက်မကဘူး”ဟု နေပြည်တော်အခြေစိုက် တပ်မ တော်ဗိုလ်ရွေးအဖွဲ့(OTT)နှင့်နီးစပ်သူတဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

လျှောက်ထားသူများအနေဖြင့် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များတွင် ဆယ်တန်းစာ ၂ ဘာသာ ပြန်ဖြေခိုင်းမည်ဖြစ်ပြီး ယင်းစာမေးပွဲအောင်မည်ဆိုပါက တပ်မတော်ဗိုလ်ရွေးအဖွဲ့(OTT)ဝင်ရောက် ရွေးချယ်ခံရမည်ဖြစ်ပြီး အဆိုပါစာမေးပွဲဖြေဆိုရမည့်ရက်အား စစ်ကောင်စီဘက်မှ ထုတ်ပြန်ကြေငြာခြင်းမရှိသေးကြောင်း သိရသည်။

တပ်မတော်ဗိုလ်ရွေးအဖွဲ့၏ရွေးချယ်ခံရပါက ပဏာမဗိုလ်လောင်းအဖြစ်သတ်မှတ်ပြီး ပြင်ဦးလွင်မြို့ စစ်တက္ကသိုလ်(DSA)ကျောင်း သို့သွားရောက်ကာ ဆေးစစ်ခံ၍ ဆေးအောင်ပါက ဗိုလ်လောင်းသင်တန်းသို့တက်ရောက်ခွင့်ရမည် ဖြစ်သည်။

“အခုက စပြီးဖောင်ထုတ်ပြီးလျှောက်တဲ့အဆင့်ပဲ ရှိသေးတာ။ ရေးဖြေတဆင့်ရှိမယ်။ ဗိုလ်ရွေးဝင်ရဦးမယ်။ နောက်ဆုံးအဆင့် ဆေးစစ်ရမယ်။ အရင်နှစ်တွေကတော့ ရွေးရတာပေါ့။ လျှောက်တဲ့သူကများတော့ ရေးဖြေမှာတခါဖြုတ်ချ။ ဗိုလ်ရွေးမှာတခါဖြုတ်ချ။ ပြီးရင် DSA ကျောင်းထဲ ဆေးကျရင်လဲပြုတ်တယ်။ အားလုံးပြီးရင် ၁၀၀၀ ကျော်လောက်ကျန်တယ်။ အခုက စလျှောက်ထဲက ၄၀၀ ကျော်လောက်ဆိုတော့ ကိုယ်လက်အဂ်ါစုံရင် အကုန်အအောင်ပေးမယ့်သဘောရှိတယ်” ဟု စစ်တက္ကသိုလ်ကျောင်းဆင်းအရာရှိ ဟောင်းတဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

အလားတူ ယခုနှစ်အတွက် စစ်နည်းပညာတက္ကသိုလ်(DSTA)၊ စစ်ဆေးတက္ကသိုလ်(DSMA) စစ် ဗိုလ်လောင်းများသို့ လာရောက်လျှောက်ထားသည့်အရေအတွက်မှာလည်း ၄၀၀ ဝန်းကျင်သာ ရှိကြောင်းသိရသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့တွင် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်မှ နိုင်ငံတော် အာဏာကို လက်နက်အားကိုးဖြင့် သိမ်းယူခဲ့ခြင်းအား ရဟန်းရှင်လူပုဂ္ဂိုလ် ပြည်သူအများစုမှ အာ ဏာရှင်စနစ်ကိုဆန့် ကျင်ကြောင်း နိုင်ငံတဝှမ်း ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြသည်။

အဆိုပါ ငြိမ်းချမ်းစွာဆန္ဒပြခဲ့သည့် ပြည်သူများအား စစ်ကောင်စီဘက်မှ ကျည်အစစ်ဖြင့် ပစ်ခတ်ဖြိုခွင်းမှုများကြောင့် လူပေါင်း ထောင်နှင့်ချီသေဆုံးခဲ့ရပြီးနောက် မြန်မာစစ်တပ်သည် ပြည်သူလူထုနှင့် ပိုမိုအလှမ်းဝေးလာခဲ့ပြီး ယခု ကဲ့သို့ စစ်တပ်အသိုင်းအဝိုင်းသို့ ဝင်ရောက်လို သူမရှိတော့ခြင်းဖြစ်ကြောင်း နိုင်ငံရေးအင်အားစုများက ပြောဆိုကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *