အာဆီယံအနေဖြင့် မင်းအောင်လှိုင်ကို မြန်မာနိူင်ငံရဲ့အစိုးရဖြင့်အသိအမှတ်မပြုဘူး

အကြမ်းဖက်စစ်အုပ်စု ဘယ်လိုမှ မမျှော်လင့်ထားတဲ့ အာဆီယံခေါင်းဆောင်များရဲ့ ဆုံးဖြတ်ချက်နဲံအတူ အာဆီယံအနေနဲ့ အမေရိကန်၊ ဥရောပသမဂ္ဂ၊ တရုတ်နဲ့ ရုရှအပါအဝင် နိုင်ငံတကာကို ပါးလိုက်တဲ့ သတင်းစကားရှိပါတယ်။

(၁) လက်ရှိ မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အုပ်စုကို မြန်မာနိုင်ငံရဲ့ အစိုးရ အဖြစ် အသိအမှတ် မပြုဘူး။

(၂) မြန်မာနိုင်ငံကို ကိုယ်စားပြုတဲ့ နိုင်ငံ့ခေါင်းဆောင်တွေ အဖြစ် အာဆီယံနိုင်ငံရဲ့ အခြားခေါင်းဆောင်များနဲ့ တတန်းတည်း ထားပြီး မဆက်ဆံနိုင်ဘူး။

ဒီလို ပြတ်သားလှတဲ့ ရပ်တည်ချက်ကို အာဆီယံအဖွဲ့ကြီးရဲ့ သမိုင်းမှာ ပထမဦးဆုံးအကြိမ်အဖြစ် ထူးထူးခြားခြား ပေါ်ထွန်းလာတဲ့ ရဲရင့်မှု အဖြစ် ကြိုဆိုကြရမှာပါ။

ဒါကြောင့် အာဆီယံအဖွဲ့ကြီးရဲ့ ဆုံးဖြတ်ချက်အပေါ် စစ်အုပ်စုအနေနဲ့ စိတ်ပျက်တယ်လို့ သုံးနှုန်းပြီး ပြင်းပြင်းထန်ထန် ကန့်ကွက်ပြတာတာဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ စိတ်ဓါတ်ကျပြီး မျှော်လင့်ချက်မဲ့သွားတဲ့ အခြေအနေနဲ့ အမြတ်ဒေါသကို မဖုံးမဖိနိုင်တဲ့အထိ ဆိုးဆိုးဝါးဝါး ဝန်ခံပြရာ ရောက်ပါတယ်။

ပြီးတော့ အဖြစ်ကလည်း ကံဆိုးငပုသွားရာ မိုးကြိုးလိုက်ပစ်သလိုပါပဲ။

ပြည်တွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြားမှာလည်း အစိုးရ အဖြစ် အသိအမှတ်ပြု ခံရမှု လုံးဝ မရရှိတာကြောင့် NCA စာချုပ်ကို အားပြုပြီး လူရာဝင်နိုင်ရေး ကြိုးပမ်းနေချိန်မှာ ဒေသတွင်း အာဆီယံအဖွဲ့ကြီးကပါ ပြတ်ပြတ်သားသား ဆန့်ကျင်ကျောခိုင်းတာကို ထပ်ပြီး ခံလိုက်ရတာ ဖြစ်ပါတယ်။

ရှေးအရင် စစ်အစိုးရခေတ်တလျောက်တုန်းကလိုမျိုး အာဆီယံကို အရူးလုပ်ပြီး လိုသလို အသုံးချနိုင်ဖို့ ကစားကွက်အဟောင်းကြီးနဲ့ ကြိုးစားခဲ့သမျှဟာ အဆုံးမှာတော့ ခဲလေသမျှ သဲရေကျ ဖြစ်ခဲ့ရပါပြီ။

ဒါဟာ နိုင်ငံတော်သစ္စာဖောက် မင်းအောင်လှိုင်နဲ့ အုပ်စုကို ပြိုကွဲနေတဲ့ တပ်တွင်းမှာ ပိုပြီး ယုံကြည်မှုကင်းမဲ့သွားစေတာလည်း အမှန်ပါပဲ။

အာဆီယံရဲ့ ရပ်တည်ချက်ဟာ သူတို့ဆီ မူလပေးထားခဲ့တဲ့ ကတိကဝတ်(၅)ချက်အတိုင်း အကောင်အထည်ဖော်ရမယ်။

ကတိပေးပြီးမှ ထပ်မံညှိနှိုင်းတာမျိုးကို လုံး၀ လက်မခံနိုင်ဘူး ဆိုတာကိုပါ သတိပေးတဲ့အဆင့် ပြတ်ပြတ်သားသား လက်တွေ့ကျကျ ဆောင်ရွက်ပြီး အာဆီယံနိုင်ငံများရဲ့ စည်းလုံးညီညွတ်မှုနဲ့ တသဘောထားတည်း ရှိမှုကို မင်းအောင်လှိုင် ကောင်းကောင်းကြီး သဘောပေါက်အောင် တကွက်ပြလိုက်တာပါပဲ။

ဒါ့အပြင် စစ်အုပ်စုဘက်က ဆက်ပြီး ခေါင်းမာသယောင်ယောင်နဲ့ လှည့်ဖျားပြီး အချိန်ဆွဲနေဦးမယ်ဆိုရင် အာဆီယံအနေနဲ့ ရှေ့တဆင့်တိုးပြီး ဖိအားပေးလာနိုင်ပါသေးတယ်။

(၁) အမျိုးသားညီညွတ်ရေးအစိုးရ နဲ့ တိုက်ရိုက်ထိတွေ့အသိအမှတ်ပြုဆက်ဆံလာခြင်း

(၂) မြန်မာနိုင်ငံကို အာဆီယံမှ ထုတ်ပယ်ခြင်း တို့ ဖြစ်ပါတယ်။

ဒီနှစ်ခုအနက် ပထမဦးဆုံး(၁)ခုကတော့ အနှေးနဲ့ အမြန် ဖြစ်လာနိုင်စရာ ရှိပါတယ်။

အကြမ်းဖက် စစ်အုပ်စု အနေနဲ့ ဒါကို ရင်မဆိုင်ရဲရင်လည်း ဘုံသဘောတူညီမှု(၅)ချက်ထဲကအတိုင်း တဆင့်ပြီး တဆင့် အကောင်အထည်ဖော်ပြီး လုယူထားတဲ့ နိုင်ငံတော်အာဏာကို အာဆီယံရဲ့ ကြားဝင်စေ့စပ်မှုနဲံအတူ လက်လွှတ်လိုက်ရမှာ ဖြစ်ပါတယ်။

ယခုအချိန်မှာ မင်းအောင်လှိုင်နဲ့ အကြမ်းဖက်စစ်အုပ်စုဟာ ကုလသမဂ္ဂအပါအဝင် အာဆီယံ၊ နိုင်ငံတကာရဲ့ သိမ်မွေ့ပြင်းထန်တဲ့ဖိအားကို မရှုမလှ အရှုံးနဲ့ ရင်ဆိုင်နေရပြီဆိုတာလည်း ပေါ်လွင်ထင်ရှားလို့နေပါတယ်။

မင်းအောင်လှိုင်ရဲ့ နိုင်ငံတော်သစ္စာဖောက်ပြီး ကျူးလွန်လိုက်တဲ့ စစ်အာဏာသိမ်းမှုဟာ ဘယ်စာမျက်နှာမှာမှ လုံးဝ အဖတ်ဆယ်စရာ မရှိအောင် ကျရှုံးသွားပြီဆိုတာကို ကိုယ်တိုင်ဝန်ခံရတော့မယ့် အချိန်ကို ဆိုက်ရောက်လို့နေပါပြီ။

အာဆီယံအဖွဲ့ကြီးရဲ့ ကြိုဆိုစရာ ကောင်းလှတဲ့ ဆုံးဖြတ်ချက်နောက်မှာ ပြည်သူတွေရဲ့ နွေဦးတော်လှန်ရေး အတွက် သတင်းစကားလည်း ပါပြီးသား ဖြစ်နေပါတယ်။

အဲဒါကတော့ … “ပြည်သူများက အကြမ်းဖက် စစ်အုပ်စုကို အသိအမှတ်မပြုဘဲ ဆန့်ကျင်ကြသလို၊ ပြည်သူ့ဝန်ထမ်းများက CDM ပြုလုပ်ကြသလိုမျိုး အာဆီယံခေါင်းဆောင်များကပါ မင်းအောင်လှိုင်နဲ့ အကြမ်းဖက်စစ်အုပ်စုကို CDM လုပ်လိုက်တာပါပဲ”။

ပြည်သူ့တွေရဲ့ ထောင်ချီလှတဲ့ အသက်ပေါင်းများစွာရဲ့ သွေးတွေ စွန်းထင်းနေတဲ့ မင်းအောင်လှိုင်နဲ့ စစ်အုပ်စုကို လူစာရင်းမသွင်းနိုင်တော့ကြောင်း ပြသတဲ့အပြင် နိုင်ငံနဲ့အဝှမ်း ဆန့်ကျင်တော်လှန်နေကြတဲ့ ပြည်သူများရဲ့ စွန့်လွှတ်မှု၊ ပေးဆပ်မှု၊ တောင်းဆိုမှုအသံတွေကို အာဆီယံအဖွဲ့ကြီးက အလေးအနက် နားလည်သိရှိပြီး နိုင်ငံတကာနဲ့အတူ ထောက်ခံရပ်တည်သွားမယ်ဆိုတာကိုပါသိမ်မွေ့စွာ လှစ်ဟပြလိုက်တယ်လို့ မှတ်ယူထင်မြင်မိပါကြောင်း မျှဝေတင်ပြလိုက်ပါတယ်။

နိုင်သင့်မြတ်
(၁၇.၁၀.၂၁)

Leave a Reply

Your email address will not be published. Required fields are marked *