ဒေါ်အောင်ဆန်းစုကြည်အမှုသက်သေထွက်ဆိုရန် ဦးဖြိုးမင်းသိန်း၏ဇနီးရုံးချိန်းရောက်မလာ

ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ အဂတိအမှုအတွက် သက်သေထွက်ဆိုဖို့ ဦးဖြိုးမင်းသိန်းဇနီး ရုံးချိန်းရောက်မလာ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ အဂတိလိုက်စားမှုပုဒ်မ နဲ့ပတ်သက်လို့သက်သေတစ်ဦးအဖြစ်ပါဝင်တဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းရဲ့ ဇနီး ဒေါ်ခင်မိမိကြွယ်ဟာ မနေ့အောက်တိုဘာ ၁၅ ရက်နေ့ရုံးချိန်းမှာ သက်သေ လာရောက် ထွက်ဆိုဖို့ ပျက်ကွက်ခဲ့တယ်လို့ တရားလွှတ်တော်ရှေ့နေဦးကြည်ဝင်းကပြောပါတယ်။

မနေ့ရုံးချိန်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ အဂတိလိုက်စားမှု ၄ မှုအတွက် ရုံးထုတ်စစ်ဆေးခဲ့ရာမှာ အဲဒီမှာ သက်သေတစ်ဦးဖြစ်တဲ့ ဦးဖြိုးမင်းသိန်းရဲ့ ဇနီးရုံးချိန်းကို ရောက်မလာတဲ့အတွက် ၃မှုကိုပဲစစ်ဆေးခဲ့တယ်လို့ ဦးကြည်ဝင်းကပြောပါတယ်။

“ဦးဖြိုးမင်းသိန်းရဲ့အမှုနဲ့ပတ်သက်တာတစ်ခုကလွဲရင် ကျန်တဲ့ ၃ခုကစစ်ဖြစ်ပါတယ်။ သက်သေနံပါတ် ၃ ဦးဖြိုးမင်းသိန်းရဲ့ဇနီးဒေါ်ခင်မိမိကြွယ်ကမလာဘူး။ ဘာကြောင့်မလာဘူးဆိုတာတော့ ရုံးတော်မှာမပြောပါဘူး။ သက်သေစာရင်းထဲမှာပါတယ်။ သက်သေကအကုန်ခေါ်တာပဲ၊ နောက်တပတ်မှာတော့လာနိုင်ပါတယ်” လို့ အမှုကိုလိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေဦးကြည်ဝင်းက ဘီဘီစီကိုပြောပါတယ်။

မနေ့ကရုံးချိန်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေတွေက တိုင်ကြားစာတွေမရှိဘဲ စုံစမ်း စစ်ဆေးတာတွေနဲ့ပတ်သက်ပြီး ပြန်လှန်မေးခွန်းမေးတာတွေ၊ ကန့်ကွက်တာတွေ လုပ်ခဲ့ကြပြီး တရားသူကြီးကတော့ ဒါတွေနဲ့ပတ်သက်လို့ နောက်တပတ်ရုံးချိန်းမှာ အမိန့်ချဖို့ရှိပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုထားတဲ့ ရုံးချိန်းတွေကို နှစ်ပတ်တခါ ချိန်းဆိုဖို့ တောင်းဆိုမှုနဲ့ပတ်သက်ပြီး အမှုလေးမှုဟာ သက်သေ ၇၀ ဝန်းကျင်လောက်ရှိနေတဲ့အတွက် အချိန်ကာလ ၈လောက်ကြာနိုင်တယ်လို့ ခန့်မှန်းတဲ့အတွက် အဆင်ပြေသလို ချိန်းဆိုပေးမယ်လို့ပြန်လည်ပြောဆိုခဲ့တယ်လို့ ရှေ့နေဦးကြည်ဝင်းကပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းထံကနေ ရွှေနဲ့ဒေါ်လာတွေ လက်ခံရယူတာတွေ၊ ရန်ကုန်တက္ကသိုလ်ရိပ်သာလမ်းမှာ ရှိတဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရုံး နဲ့လရောင်တောစီမံကိန်းအတွက် ထိုက်သင့်တဲ့ မြေယာတန်ဖိုးမပေးတာတွေနဲ့ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း အတွက် အလှူငွေ ကျပ် ၁.၆ ဘီလီယံကို သုံးပြီး နေအိမ်ဆောက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ စစ်ကောင်စီဘက်က အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ နဲ့ တရားစွဲဆိုထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပေါ်စွဲဆိုထားတဲ့ပုဒ်မတွေနဲ့ပတ်သက်လို့ဦးဖြိုးမင်းသိန်းရဲ့ထွက်ဆိုချက်တွေကိုတော့ မဟုတ်တမ်းတရမ်းတွေလို့အဓိပ္ပါယ်ရတဲ့ “all absurd “ဆိုတဲ့ အင်္ဂလိပ်စကားလုံးနဲ့ အောက်တိုဘာ ၄ရက်နေ့ရုံးချိန်းမတိုင် ရှေ့နေအဖွဲ့တွေနဲ့သီးသန့်တွေ့ဆုံချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကတုံ့ပြန်ပြောဆိုခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *