အများပြည်သူများရုန်းရင်းဆန်ခတ်ဖြစ်စေတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်အကြောင်းကိုမပြောရန်တားမြစ်ခဲ့ကြောင်းစစ်ကောင်စီဆို

အများပြည်သူကိုရုန်းရင်းဆန်ခတ်ဖြစ်စေတဲ့အတွက် ရှေ့နေဦးခင်မောင်ဇော်ကို မီဒီယာဖြင့်စကားမပြောရန်တားမြစ်ခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီပြန်ကြားရေးခေါင်းဆောင်ပြော

နေပြည်တော်မှာ တရားရင်ဆိုင်နေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေဦးခင်မောင်ဇော်ကို ပြည်တွင်းပြည်ပ မီဒီယာတွေနဲ့မဆက်သွယ်ဖို့ ပြီးခဲ့တဲ့ ၁၄ ရက်နေ့မှာ စစ်ကောင်စီက တားမြစ်ခဲ့ပါတယ်။

ဦးဖြိုးမင်းသိန်းက ဒေါ်အောင်ဆန်းစုကြည်ကို လာဘ်ပေးခဲ့တယ်ဆိုတဲ့ ထွက်ဆိုချက်အပေါ်မှာ “All Absurd” “ဘာတစ်ခုမှ အခြေအမြစ်မရှိဘူး” လို့ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှတ်ချက်စကား၊ ဖေဖော်ဝါရီ ၁ ရက် မနက်ခင်းမှာ စစ်တပ်အရာရှိတွေက ကျန်းမာရေးအရနှုတ်ထွက်ဖို့ ဖိအားပေးခံရပြီး နှုတ်ထွက်မယ့်အစား အသေခံလိုက်မယ်ဆိုတဲ့ သမ္မတကြီး ဦးဝင်းမြင့်ရဲ့ တရားခွင်ထွက်ဆိုချက် တွေကို ရှေ့နေဦးခင်မောင်ဇော်က မီဒီယာတွေကို ပြောပြခဲ့ပြီးနောက် စစ်ကောင်စီရဲ့ တားမြစ်ပိတ်ပင်ခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။

စစ်ကောင်စီကတော့ ရှေ့နေဦးခင်မောင်ဇော်ရဲ့ ပြောစကားတွေဟာ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေပြီး အများပြည်သူကို ရုန်းရင်းဆန်ခတ်မှုတွေဖြစ်ပေါ်စေတယ်လို့ စစ်ကောင်စီရဲ့ ပြန်ကြားရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက MRTV ကို ပြောဆိုခဲ့ပါတယ်။

“ရှေ့နေဦးခင်မောင်ဇော်ကို မီဒီယာနဲ့ စကားပြောခွင့် ကန့်သတ်လိုက်ရတဲ့အချက်နှစ်ချက်ရှိပါတယ်။ နံပါတ် ၁ အချက်ကတော့ သူ့အနေနဲ့ ပြည်တွင်းပြည်ပက သတင်းဌာနတွေ တရားမဝင်ထုတ်လွှင့်နေတဲ့ သတင်းဌာနတွေကို နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေတဲ့ သတင်းမှားနဲ့ လှုံ့ဆော်မှုတွေပြုလုပ်ချက်ရှိတယ်။ ဒီသတင်းဌာနတွေနဲ့ ဆက်သွယ်ပြီးတော့ သက်သေများရဲ့ တရားခွင်ထွက်ဆိုချက်တွေကို ထုတ်ပြန်ပြောဆိုလျက်ရှိတယ်။ ဒါကြောင့်မို့ ပိတ်ပင်ရခြင်းဖြစ်ပါတယ်။” လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုပါတယ်။

၎င်းက ဆက်လက်ပြီး “ဒီလိုထုတ်ပြန်ပြောဆိုတဲ့နေရာမှာ ဘာဖြစ်လဲဆိုတော့ တရားဥပဒေနဲ့အညီဆောင်ရွက်ရတဲ့ပုဂ္ဂိုလ်တစ်ဦးကို နှောင့်ယှက်မှု သို့မဟုတ် ထိခိုက်နာကျင်စေမှု အများပြည်သူကို ရုန်းရင်းဆန်ခတ်မှုတွေဖြစ်ပေါ်စေတဲ့အတွက် ကျွန်တော်တို့က ပုဒ်မ ၁၄၄ အရ တားဆီးရခြင်းဖြစ်ပါတယ်။

ကျွန်တော်တို့နိုင်ငံက အခုအချိန်မှာ တည်ငြိမ်အေးချမ်းရေးလိုအပ်လျက်ရှိတယ်။ ဒီလိုအချိန်မှာ သူပြောဆိုနေတဲ့ စကားတွေကို မှန်ခြင်းမှားခြင်းနဲ့ပတ်သက်ပြီး ကျွန်တော်မဝေဖန်လိုပါဘူး။ သက်သေအထောက်အထားတွေလည်း ရှိပြီးဖြစ်ပြီးတော့ တစ်နေ့နေ့မှာ အမှန်တရားကို သိလာလိမ့်မယ်။ သို့သော် အခုချိန်မှာတော့ ဒီစကားတွေဟာ နိုင်ငံတော်မှာ အဓိက လိုအပ်နေတဲ့ တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေနိုင်တဲ့အတွက် ပုဒ်မ ၁၄၄ အရ တားမြစ်လိုက်ခြင်းဖြစ်ပါတယ်။” လို့ ဆိုပါတယ်။

ရှေ့နေဦးခင်မောင်ဇော်ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီးဦးဝင်းမြင့်တို့ရဲ့ တရားခွင်အခြေအနေ ပြည်သူများထံပါးလိုက်သော အမှာစကားများကို မီဒီယာများကနေတစ်ဆင့် ပြည်သူများကို ပြောပြနေသူဖြစ်ပါတယ်။

ပြည်တွင်းကရှေ့နေအသိုင်းအဝိုင်းကတော့ ဦးခင်မောင်ဇော်ဟာ ဥပဒေဘောင်အတွင်းကနေသာ မီဒီယာများကိုဖြေဆိုနေခြင်းဖြစ်ပြီး ရုံးချိန်းအခြေအနေများကို ပြည်သူများမသိနိုင်အောင် စစ်ကောသ်စီက ပိတ်ပင်နေခြင်းဖြစ်ကြောင်း ပြောဆိုကြပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လအတွင်းကလည်း စစ်ကောင်စီအဖွဲ့ဝင်တွေဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ရှေ့နေဒေါ်စန်းမာလာညွန့်ရဲ့ နေအိမ်ကိုရောက်လာပြီး မီဒီယာတွေကိုမဖြေကြားဖို့ ခံဝန်ကတိထိုးခိုင်းခဲ့ပါတယ်။

Burma Associated Press

Leave a Reply

Your email address will not be published. Required fields are marked *