မြန်မာနိူင်ငံတွင်ပထမဆုံး အုပ်ချူပ်ရေးမှူးကင်းစင်တဲ့မြို့ဖြင့် ခရမ်းမြို့စံချိန်တင်နိူင်ခဲ့

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် မြို့ပေါ်နှင့် ကျေး ရွာအုပ်စု အားလုံးမှ အုပ်ချုပ်ရေးမှူးများ နုတ်ထွက်သွားပြီးနောက် ကြားကာလ ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ (ယာ ယီ) အား ဖွဲ့စည်းလိုက်ကြောင်း ဒေသခံတဦးက ပြော သည်။

ခရမ်းမြို့နယ်အတွင်း အုပ်ချုပ်ရေးမှူး ၆၅ ဦးရှိသည့်အနက် အားလုံးက နုတ်ထွက်သွားခဲ့ပြီဖြစ်သော်လည်း အာဏာသိမ်း စစ်ကောင်စီဘက်က မြို့ပေါ်ရပ်ကွက် ၅ ခုတွင် အုပ်ချုပ်ရေးမှူးများ အစားထိုး ခန့်အပ်မှုပြန်လည် ပြုလုပ်လာကြောင်းလည်း သိရသည်။

ဒေသခံအချို့၏ ပြောကြားချက်အရ လက်ရှိတွင် စစ်ကောင်စီဘက်ကမှ မြို့ပေါ် ရပ်ကွက် ၂၊ ၃၊ ၄၊ ၅၊ ၁၂ ရပ်ကွက်တို့ အုပ်ချုပ်ရေးမှူး အစားထိုး ခန့်ထားသော် လည်း မည်သည့် လုပ်ငန်းတာဝန်မှ ထမ်းဆောင်နိုင်ခြင်း မရှိသေးကြောင်းလည်း သိရသည်။

“ဒေသတွင်း အုပ်ချုပ်ရေးကတော့ လုံးဝ ရပ်ဆိုင်းနေပါပြီ။ ထောက်ခံစာတွေ ဧည့်စာရင်းတွေ ဘယ်အုပ်ကြီးမှ မလုပ်ပေးတော့ပါဘူး။ အစားထိုးထားတဲ့ အုပ်ကြီးတွေလည်း ယခုအချိန်အထိ သူတို့ တာဝန်ကို ဘာမှမလုပ်သေးပါဘူး။ အစားထိုးထားတာပဲ ရှိပါတယ်” ဟု ဒေသခံတဦးက ပြောသည်။

လတ်တလော ခရမ်းမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများအား ဝင်ရောက်ရှာဖွေဖမ်းဆီးခြင်းများ နည်းပါးနေသော်လည်း မြို့အဝင်/အထွက် စစ်ဆေးမှုများအား တင်းကျပ်ထားကြောင်းလည်းသိရသည်။

အုပ်ချုပ်ရေးမှူးများ အားလုံးနုတ်ထွက်ကာ ဒေသတွင်း အခြေခံအုပ်ချုပ်ရေးယန္တရား ပျက်ယွင်းနေချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် ငြိမ်သက်နေသော်လည်း ပြည်သူများအနေဖြင့် သတိထားဖို့လိုအပ်ကြောင်း ခရမ်းပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့နှင့် နီးစပ်သူတဦးကဆို သည်။

” ပြည်သူတွေသတိထားဖို့ပါပဲ၊ ဘာလို့လဲဆိုတော့ စစ်ကောင်စီဘက်က အကြောင်းမဲ့ငြိမ်နေတာမဟုတ်ပါဘူး၊ သူတို့မှာ လည်း လျှို့ဝှက်ချက်တွေ ရှိနိုင်ပါတယ်၊ ပြည်သူတွေကို မဲလာနိုင်တယ်” ဟု ၎င်းက ပြောသည်။

လက်ရှိ ဖွဲ့စည်းထားသည့် ခရမ်းမြို့နယ် ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ယာယီ)တွင် မြို့မိမြို့ဖအစုအဖွဲ့၊ လွှတ်တော် ကိုယ်စားလှယ်အစုအဖွဲ့၊ ပြည်သူ့ကာကွယ်ရေးအစုအဖွဲ့၊ ဌာနဆိုင်ရာ CDM ဝန်ထမ်းများအစုအဖွဲ့၊ တက်ကြွလှုပ်ရှားသူများ အစုအဖွဲ့နှင့် တရားရေးနှင့် ကျန်းမာရေးအစုအဖွဲ့တို့ ပါဝင်မည်ဖြစ်ကြောင်းလည်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထား သည်။

ယင်းပြင် ခရမ်းမြို့နှင့် ထိစပ်နေသည့် သုံးခွမြို့နယ်တွင်လည်း မြို့ပေါ် ၁၂ ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးအားလုံး နုတ်ထွက်ထားသည့်အပြင် စုစုပေါင်းကျေးရွာအုပ်စု ၆၄ ခုရှိသည့်အနက် အုပ်ချုပ်ရေးမှူး ၂၅ ဦး နုတ်ထွက်ထားကြောင်း သုံးခွမြို့နေ ပြည်သူတဦးက ပြောသည်။

 

Leave a Reply

Your email address will not be published. Required fields are marked *