ရုံးချိန်းတတ်ရောက်ခဲ့ပေမယ် ပိုင်တံခွန်အမှုမစစ်ဆေးဖြစ်သေး

အင်းစိန်အကျဉ်းထောင်တွင် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က ဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရပြီး တရားရင်ဆိုင်နေရသည့် မော်ဒယ်သရုပ်ဆောင် ပိုင်တံခွန်အား အောက်တိုဘာ ၁၃ ရက်နေ့က အင်းစိန်အထူးတရားရုံး၌ ရုံးထုတ်ခဲ့သည်။

ရုံးချိန်းတွင် တရားလိုပြသက်သေအား စစ်ဆေးရန် ချိန်းဆိုထားခြင်း ဖြစ်သော်လည်း တရားလိုပြသက်သေဖြစ်သူ မြောက်ဒဂုံမြို့နယ် နယ်ထိန်းရဲအရာရှိ ပျက်ကွက်ခဲ့ခြင်းကြောင့် အမှုမစစ်ဆေးဖြစ်ခဲ့ကြောင်း ပိုင်တံခွန်၏ရှေ့နေ ဦးခင်မောင်မြင့်က ပြောသည်။

“ပိုင်တံခွန် ဒီနေ့ ရုံးချိန်းထွက်ပါတယ်။ ဒါပေမဲ့ မစစ်ဆေးဖြစ်ပါဘူး။ တရားလိုပြသက်သေ ထွက်ဆိုမယ့် ရဲအရာရှိက တာဝန်တွေ များပြားတဲ့အတွက် မလာရောက်နိုင်ဘူး ဆိုပြီးတော့ ရုံးချိန်း ပြန်ချိန်းပါတယ်။ ၂၇ ရက်နေ့မှာပဲ ဆက်လက် စစ်ဆေးဖြစ်ပါမယ်” ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ရက်ပိုင်းက ပိုင်တံခွန်သည် အကျဉ်းထောင်အတွင်း ရာသီတုပ်ကွေးရောဂါ ခံစားခဲ့ရပြီး လက်ရှိတွင် ပြန်လည် ကောင်းမွန်နေပြီ ဖြစ်ကြောင်း သိရသည်။

ပိုင်တံခွန်သည် ခံဝန်ဖြင့် လွတ်မြောက်သွားပြီဟူသော လူမှုကွန်ရက်စာမျက်နှာပေါ် ပြန့်နေသည့် သတင်းနှင့် ပတ်သက်၍ ဦးခင်မောင်မြင့်က “ကျနော်တို့ လက်ရှိ လုပ်နေတာနဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ကောလာဟလ ဖြစ်နေတာနဲ့က တခါတရံကျရင် နည်းနည်းကွဲလွဲတယ်။ တကယ်တမ်းကျတော့ အသနားခံစာပဲဖြစ်ဖြစ်၊ ခံဝန်ပဲဖြစ်ဖြစ် အဲဒါကို သက်ဆိုင်ရာ ကာယကံရှင်တွေက ရေးသားခွင့် မရှိဘူး။ အကျဉ်းထောင် တာဝန်ခံတွေကလည်း ပို့မပေးဘူး။ ပြင်ပမှာရှိတဲ့ သူတို့ရဲ့ မိသားစုဝင်တွေက ပို့ပေးမပေး ဆိုတာကတော့ သူတို့ဆန္ဒပေါ့” ဟု ပြောသည်။

သရုပ်ဆောင် မော်ဒယ် ပိုင်တံခွန်အား ဧပြီလ ၈ ရက်က ရန်ကုန်မြို့ မြောက်ဒဂုံနေအိမ်တွင် စစ်ကောင်စီအဖွဲ့က ဝင်ရောက် ဖမ်းဆီးခဲ့ပြီးနောက် ပုဒ်မ ၅၀၅-က ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

၎င်း၏ ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးမှုကို အင်းစိန်ထောင်တွင်း တရားရုံး၌ ဇွန်လ ၉ ရက်နေ့က ပြုလုပ်ခဲ့ပြီး တရားလိုဖြစ်သူ မြောက်ဒဂုံမြို့နယ် စခန်းမှူး ဒုရဲမှူး မျိုးမြင့်အောင်ကို စစ်ဆေးခဲ့ပြီးနောက် အင်းစိန်ထောင်တွင်း ကိုဗစ်ကူးစက်မှု အခြေအနေများကြောင့် ထောင်တွင်း ရုံးထုတ်စစ်ဆေးမှုများကို ဇူလိုင် ၈ ရက်မှ စတင်၍ ရပ်ဆိုင်းထားခဲ့ရာ စက်တင်ဘာ ၂၉ ရက်တွင်မှ ပြန်လည် ရုံးထုတ်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

 

Leave a Reply

Your email address will not be published. Required fields are marked *