ပုသိမ်မြို့တွင် ဧည့်စာရင်းဝင်စစ်ကာ ၁၉နှစ်အရွယ် လူငယ်တစ်ဦးအား ဖမ်းဆီးသွား

(ပုသိမ်)၊မေလ ၁၉ရက်။

ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်မြို့တွင် မေလ ၁၈ရက်နေ့ ညပိုင်းက အမှတ်(၈)ရပ်ကွက်၊အောင်မင်္ဂလာ(၄)လမ်းမှ အသက် ၁၉နှစ်အရွယ် ကိုကောင်းသန့်အား ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။

အောင်မင်္ဂလာရပ်ကွက်အတွင်း ဧည့်စာရင်းလိုက်လံစစ်ဆေးသည့်အဖွဲ့ထွက်ခွာသွားပြီးနောက်တစ်ဖွဲ့ရောက်ရှိလာကာ ရှာစရာရှိသည်ဟုဆိုကာ ဝင်ရောက်ရှာဖွေပြီးနောက် ကိုကောင်းသန့်အား စစ်ဆေးမေးမြန်းစရာရှိသည်ဟု ဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ​ဒေသခံတစ်ဦးထံမှသိရသည်။

“ညက ရပ်ကွက်ထဲမှာ ဧည့်စာရင်းလိုက်စစ်တယ်။ဧည့်စာရင်းစစ်တဲ့အဖွဲ့ ထွက်သွားပြီးတော့ ခဏကြာတော့ နောက်တစ်ဖွဲ့ရောက်လာပြီး အဲ့အိမ်ကို ရှာစရာရှိလို့ တံခါးဖွင့်ပေးဖို့ပြောသံကြားတယ်။ပြီးတော့အိမ်ထဲ ဝင်သွားတယ်။ပြန်ထွက်လာ​တော့ ကောင်လေးကိုလက်ထိတ်ခတ်ပြီးခေါ်သွားတယ်”ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ဖမ်းဆီးခံရသူ ကိုကောင်းသန့်အား အသည်ကြီးရဲစခန်း၌ချုပ်နှောင်ထားပြီး မိသားစုနှင့်လည်း တွေ့ခွင့်မရသေးကြောင်း မိသားစုနှင့်နီးစပ်သူတစ်ဦးထံမှသိရသည်။

“မနက်က အသည်ကြီးကို သွားတွေ့ကြတယ်။တွေ့ခွင့်မရဘူး။ညကတည်းကမေးစရာရှိတယ်ဆိုပြီးခေါ်သွားတာ ဘာကြောင့် အဖမ်းခံရတယ်ဆိုတာမသိရ​သေးဘူး”ဟု ၎င်း၏ မိသားစုနှင့် နီးစပ်သူတစ်ဦးကပြောသည်။

ပုသိမ်မြို့တွင် စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံထားရသူ ၆၀နီးပါး ရှိလာပြီးဖြစ်ကြောင်း ဒေသခံပြည်သူအချို့ထံမှသိရသည်။

 

Leave a Reply

Your email address will not be published. Required fields are marked *