အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် သွားရောက်မည့် ပူတာအိုတွင် တိုက်ပွဲဝင်ရန် အဆင်သင့်ဖြစ်နေပြီဟု PDF ကြေငြာ
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သွားရောက်ရန်စီစဥ်နေသည့် ကချင်ပြည်နယ်၊ပူတာအိုမြို့တွင် PDFအဖွဲ့ မှ တိုက်ပွဲဝင်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ယနေ့ရက်စွဲဖြင့် ထုတ်ပြန်ကြေငြာလိုက်ပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှာ ပူတာအို၊ နောင်မွန်နှင့် ခေါင်လန်ဖူးဒေသများသို့ ယခု စက်တင်ဘာလကုန်ပိုင်းနှင့် အောက်တိုဘာလဆန်းပိုင်းတွင် သွားရောက်ရန်စီစဥ်နေပြီး ၎င်းဒေသများမှ ပြည်သူ့စစ်အဖွဲ့နှင့် ရပ်မိရပ်ဖများအား သွားရောက်တွေ့ဆုံမည်ဖြစ်ကြောင်း မပခနှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။
လက်ရှိတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လာရောက်မည့် ပူတာအိုမြို့နယ်တွင် လုံခြုံရေးကြိုတင်ပြင်ဆင်မှုများပြုလုပ်ထားကြောင်း သိရသည်။
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်မှာ ပူတာအိုမြို့နယ်သို့ စက်တင်ဘာလ (၁၉) ရက်နေ့ကတည်းကသွားရောက်ရန်စီစဥ်ထားသော်လည်း ၎င်း၏လုံခြုံရေးတပ်ဖွဲ့များအား KIA မှ ဖြတ်သန်းခွင့်မပြုသဖြင့် ခရီးစဉ်ဖျက်သိမ်းခဲ့ရကြောင်း မပခနှင့် နီးစပ်သူအချို့ထံမှ သိရသည်။
ဒီးမော့ဆိုမှာ စစ်ရှောင် ရွာသားတဦး မိုင်းထိ
ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် သေးဆူလဲကျေးရွာက စစ်ရှောင် ရွာသားတဦး နေအိမ်ကို ရိက္ခာပြန်ယူရင်းလမ်းမှာ မိုင်းနင်းမိပြီး အပြင်းအထန်ဒဏ်ရာရသွားကြောင်းသိရပါတယ်။ ဒီးမော့ဆိုပြည်သူ့ ကာကွယ်ရေးတပ်ကတော့ စစ်ရှောင်တွေ အနေနဲ့ နယ်မြေရှင်းလင်းရေးကာလအတွင်း အန္တရာယ်များတဲ့ အတွက်နေအိမ်တွေကို ပြန်မလာကြသေးရန် တိုက်တွန်းထားပါတယ်။
ဒိုက်ဦးမြို့နယ်တွင် မိုင်တဲလ်တာဝါတိုင် ပထမအကြိမ် ဗုံးခွဲခံရ
ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်မှာ စက်တင်ဘာလ ၂၈ ရက် ည ၈ နာရီခွဲက စစ်တပ်ပိုင် မိုင်တဲလ်တာဝါတိုင် တတိုင် ဗုံးခွဲခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဟိုပုံးမြို့မစျေးကို စက်တင်ဘာ ၃၀ရက်မှစတင်ကာ ငါးရက်တစ်ခါ အချိန် ကန့်သတ်ချက်ဖြင့် ပြန်ဖွင့်ခွင့်ပြုမည်
ဟိုပုံးမြို့ရှိ မြို့မဈေးအား စက်တင်ဘာလ ၃၀ ရက်မှ စတင်ကာ ငါးရက်တစ်ခါ အချိန် ကန့်သတ်ချက်ဖြင့် ဖွင့်ခွင့်ပြုမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးဌာန၏ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဟိုပုံးဈေးနေ့ (၅ ရက်လျှင် ၁ ရက်) တွင်သာ နံနက် ၅ နာရီမှ ညနေ ၄ နာရီထိ ရောင်းချခွင့် ရမည် ဖြစ်ပြီး ကျန်ဈေးနေ့ မဟုတ်သည့် ၄ ရက်တွင် ဈေးအား ဆက်လက်ပိတ်ထားမည် ဖြစ်ကြောင်း သိရပါတယ်။
စျေးရောင်းချမည့် စျေးသူစျေးသားများအနေဖြင့် ကိုဗစ်ရောဂါ ရှိမရှိ စစ်ဆေးပြီး ရောဂါပိုးကင်းစင်မှသာရောင်းချခွင့်ပြုမည်ဖြစ်ပြီး တစ်ဆိုင်လျှင် နှစ်ဉီးသာ ရောင်းချရန်၊ စျေးရောင်းချမည့်သူများအနေဖြင့်ကာကွယ်ဆေးထိုးနှံ့ပြီးမှ ရောင်းချရန် စသည့် စည်းကမ်းချက်များ ထုတ်ပြန်ထားပါတယ်။
ကျွဲ၊နွားပွဲဈေး၌ ရောင်းချနေသည့် ပျံကျဈေးသည်များအနေဖြင့် ယင်းနေရာတွင်သာ ဆက်လက် ရောင်းချရန်နှင့်မြို့မစျေးအတွင်းရောင်းချနေသော စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များကိုလည်း ပါဆယ်စနစ်ဖြင့်သာရောင်းချရန် အသိပေးကြေညာချက်မှာ ဖော်ပြထားပါတယ်။
ထို့အတူ ဟိုပုံးမြို့မစျေးဖွင့်ချိန်တွင် ဟိုပုံးမြို့ပြင်ပမှ ရပ်ဝေးစျေးသည်များအား လာရောက်ရောင်းချခွင့်မပြုသလိုစည်းကမ်းချက်များ တိကျစွာ မလိုက်နာသည့် စျေးသည်များကို လာရောက် ရောင်းချခွင့်ပြုမည်မဟုတ်ကြောင်းကြေညာထားပါတယ်။
ဟိုပုံးမြို့မဈေးကို ဇူလိုင်လ ၂၂ ရက်မှ စတင်ကာ ယာယီပိတ်ထားခြင်း ဖြစ်ပြီး ၂ လအကြာတွင် ကန့်သတ်ချက်များဖြင့် ပြန်လည် ဖွင့်လှစ်ရန် စီစဉ်နေခြင်း ဖြစ်ကြောင်း သိရပါတယ်။