အခက်အခဲတွေကြား CDM ပြုလုပ်ခဲ့ကြသည့် ချစ်သူစုံတွဲအကြောင်း

မိုးရေကြားထဲက ရေစက်ရေပေါက်တွေကျလာတာကိုကြည့်ပြီး ဒီယူနီဖောင်းဝတ်နိုင်တဲ့ဘဝကို စစ်သမီး ကျေနပ်နေမိခဲ့တာ အကြိမ်ကြိမ်ပါစစ်သမီးက သူမရဲ့ယူနီဖောင်းကိုသိပ်သဘောကျတယ် .. ဒါလေးဝတ်ပြီးသွားလာနေရတာကိုက စစ်သမီးဘဝကိုပြည့်စုံပျော်ရွှင်စေတယ် .. စစ်သမီးက သူမ စစ်သမီး ဖြစ်ရတာကို သိပ်ဂုဏ်ယူတာ .. ဒီယူနီဖောင်းဝတ်ထားရတာတော်ရုံမိန်းကလေးတွေနဲ့မတူဘူးလို့လည်း အမြဲကျေနပ်နေမိ..

စစ်ယူနီဖောင်းတွေကို အားကျမိတာ စစ်သမီး ငယ်ငယ်လေးကတည်းကပါ..။စစ်သမီးက  ငယ်ငယ်လေးကတည်းက အရွယ်ရောက်တဲ့အထိ အဘွားနဲ့ အတူနေခဲ့တာ..

စစ်သမီးရဲ့ အဘွားက စစ်တပ် အသိုင်းအဝိုင်းလေ.. စစ်တပ်က ရတဲ့ ပင်စင်လစာနဲ့ ကြီးပြင်းလာခဲ့တာပေါ့..။ယူနီဖောင်းဝတ်ထားတဲ့ လူတစ်စုဟာ သူမကိုကျွေးထားခဲ့တဲ့ ကျေးဇူးရှင်လို့ စစ်သမီး အမြဲမှတ်ယူထားခဲ့တယ်..

စစ်သမီး တပ်ထဲကို စဝင်တော့ ၂၀၁၆ ခုနှစ် ၁၁လပိုင်း.. စစ်သမီး ချစ်သူရလာတယ်။စစ်သမီး  ချစ်သူကလည်း စစ်ယူနီဖောင်းဝတ်တဲ့ တပ်ထဲကပဲလေ.. ရာထူးလည်း အတူတူပဲ ..

စစ်သမီးက ချစ်သူကို အရမ်းချစ်တာ.. မိဘလဲသဘောတူပြီးသား .. တစ်တပ်လုံးလည်းသိတယ် စိတ်တူကိုယ်တူ သူမ ချစ်သူပေါ့..။တပ်မိသားစုဘဝတစ်ခုကို တည်ဆောက်ဖို့ဆိုတာကလည်း စစ်သမီးရဲ့ အိပ်မက်တွေထဲကတစ်ခုဖြစ်လာခဲ့တယ်..

၂၀၂၁ ဖေဖေါ်ဝါရီ ရက်တုန်းက အာဏာသိမ်းတယ်ဆိုတဲ့သတင်းကို စစ်သမီးကြားခဲ့ရတယ်.. စစ်တပ်ထဲမှာတော့ အာဏာ ခဏ ထိန်းတယ်လို့ ပြောကြပြန်တယ်။ စစ်သမီးဟာ နိုင်ငံရေးကို နားမလည်ပါဘူး.. အကြောင်းတော့ရှိမှာပဲလေလို့တွေးမိပေမယ့် ဘဝင်တော့ သိပ်မကျခဲ့ပါ။

စစ်တပ်မှာနေ၊ စစ်တပ်မှာကြီး၊ စစ်တပ်ကကျွေးတဲ့ ထမင်းစားခဲ့တဲ့စစ်သမီး။စစ်တပ်က ချစ်သူနဲ့ ချစ်ခဲ့တာမို့သူမ ဘဝရဲ့ ခြေလှမ်းတိုင်းဟာ စစ်တပ်ထဲမှာဖြစ်ခဲ့တာ..။စစ်တပ်ကို ဆန့်ကျင်ဖို့၊ စစ်တပ်ကို မုန်းတီးဖို့ဆိုတာ စစ်သမီး ယောင်လို့တောင် မတွေးခဲ့ပါ..

မကြာပါဘူး စစ်တပ်က ပြည်သူတွေ ဆန္ဒပြတာတွေကို အကြမ်းဖက်တဲ့နည်း ဖမ်းဆီးတာတွေလုပ်လာကြတယ်။စစ်တပ်က ၂၈ရက်နေ့ကစပြီး ပြည်သူတွေကို သတ်တော့တာပဲ..။ဒီသတင်းတွေက စစ်သမီးရဲ့ စိတ်ကိုရူးသွပ်စေတယ်။  သူမချစ်တဲ့ စစ်ယူနီဖောင်းတွေ ပြည်သူ့သွေး စွန်းလေပြီ..

စစ်သမီး  ဂုဏ်ယူခဲ့တဲ့ ယူနီဖောင်းဟာ

အကြမ်းဖက်အဖွဲ့အစည်းကို ကိုယ်စားပြုပြီဆိုတာ စစ်သမီး သိလိုက်ရတဲ့အခါ.. သူမ ယူနီဖောင်းကို ချွတ်ပစ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်..။စစ်သမီးနဲ့ သူမ ချစ်သူဟာ စစ်တပ်ထဲက ထွက်ပြေးဖို့ အမျိုးမျိုးကြိုးစားတော့တယ်။  တစ်လကျော်ကြာပြီးမှ စစ်တပ်ထဲက လွတ်မြောက်နိုင်ခဲ့..

ဧပြီလ ရက်နေ့ ၂၀၂၁ ခုနှစ်ပေါ့..။အဲဒီ ညက စစ်သမီးနဲ့ ချစ်သူတို့ နှစ်ယောက် တစ်ညလုံးအိမ်မရပါ။ မအောင်မြင်ပဲ ပြန်မိသွားရင် သေဒါဏ်အထိ ရနိုင်တညကိုး။နောက်ဆုံးတော့ စစ်သမီးနဲ့ ချစ်သူဟာ အဲဒီ့နေ့က အိမ်နေရင်းအဝတ်အစားနဲ့ ဂိတ်ကို မရမက ဖြတ်ပြီး စစ်ယူနီဖောင်းတို့နဲ့ဝေးရာကိုပြေးထွက်ခဲ့တယ်။

အဲဒီ့နေ့က ဂိတ်ကပေးလိုက်တဲ့ အပြင်ထွက်ခွင့် အချိန်က မနက် ၉နာရီနေ ၁၁ အထိပဲ။  ၁၁နာရီအထိ သူတို့ တက်ထိုင်နေတဲ့ ကားကမထွက်နိုင်ဘူး .. ရန်ကုန်ကနေ မထွက်နိုင်ရင် ပြန်မိတော့မှာပဲဆိုပြီး စစ်သမီးကြောက်ခဲ့တာ..။အဲဒီနေ့ကပေါ့.. စစ်ယူနီဖောင်းတွေကို သူမ ကြောက်ခဲ့ပြီ..

ယူနီဖောင်းတွေရဲ့နောက်ကွယ်မှာ စစ်သမီးအတွက်စိတ်ပိုင်းဆိုင်ရာခံစားချက်တွေ အမြဲရှိနေပါတယ်။စစ်သမီးရဲ့ယူနီဖောင်းဟာ သူမကို သက်တောင့်သက်သာဖြစ်စေခဲ့ဖူးတယ်။စစ်သမီးရဲ့ ယူနီဖောင်းဟာ သူမကို လုံခြုံံံစိတ်ချမှုတွေပေးခဲ့ဖူးတယ်။အဲ့ဒီယူနီဖောင်းကြောင့်ပဲ စစ်သမီးဟာ စစ်တပ်နဲ့ ခိုင်မာတဲ့ သံယောဇဉ် ဆက်သွယ်မှုတွေ ခံစားရခဲ့ဖူးတယ်။

အဲ့ဒီယူနီဖောင်းဟာ စစ်သမီးကို တပ်ထဲက လုပ်ဖော်ကိုင်ဖက်တွေနဲ့ စည်းလုံးစေခဲ့..။စစ်သမီး မြတ်နိုးခဲ့တဲ့ယူနီဖောင်းဆိုတာ တာဝန်ယူမှု တာဝန်ခံမှုကို  ကိုယ်စားပြုတဲ့ အဝတ်အစားတစ်စုံကို ဆိုလိုပါတယ်။

အာဏာရှိပုဂ္ဂိုလ်တွေရဲ့ ရာထူးအာဏာကိုကိုယ်စားပြုပြီး ခြိမ်းခြောက်၊ အနိုင်ကျင့် သတ်ဖြတ်..သွေးစွန်းအဝတ်အစားဆိုရင်တော့ စစ်သမီး မလိုချင်တော့ပါ။ယူနီဖောင်းတစ်စုံကို သွေးမစွန်းခင်လွှတ်ချနိုင်ခဲ့တာကိုလည်းစစ်သမီး ဂုဏ်ယူပါတယ်။

မရွှေမိုးကိုရီးယားSeptember 25th,2021. ချစ်ရတဲ့ CDM တပ်ကြပ်ကြီး မယဉ်လဲ့လဲ့ထွန်းအတွက် အမြဲဂုဏ်ယူနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *