ဝ ဒေသသို့ ကုန်အဝင်အထွက်တွေကို စစ်ကောင်စီက ပိုမိုတင်းကြပ်လာနေ

UWSA ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဝ ဒေသထဲသို့ မြန်မာပြည်တွင်းဘက်ကနေ တင်သွင်းနေတဲ့ ကုန်ပစ္စည်းတွေကို စစ်ကောင်စီက ပိုမိုတင်းကြပ်လာနေပြီး ဝ ဒေသက မြန်မာပြည်ဘက်ကို တင်တွင်းလာတဲ့ ကုန်ပစ္စည်းအားလုံးကို ဒီရက်ပိုင်းအတွင်း စစ်ကောင်စီက ပိတ်ပင်လိုက်ပါသည်။

မူလကလည်းက ဆန်၊ ဆီ၊ ဆား၊ ပဲ အစရှိတဲ့ စားသောက်ကုန်ပစ္စည်း (၁ဝ)မျိုးကို UWSA ထိန်းချုပ်နယ်မြေထဲသို့ တင်သွင်းခွင့် ပိတ်ပင်ထားခဲ့တာဖြစ်ပြီး နားလည်မှုနဲ့ စားသောက်ကုန်အချို့ တင်သွင်းခွင့်ပြုခဲ့ပေမယ့် ဒီရက်ပိုင်းအတွင်း ပြန်လည်တင်းကြပ်လာတာ ဖြစ်ပါသည်။

“အရင်ကတော့ နားလည်မှုနဲ့ တင်သွားလို့ရတယ်။ အခုက အဲပစ္စည်းတွေပါလာရင် ဖမ်းတာတော့ မလုပ်ဘူး။ ချက်ချင်း ပြန်လှည့်ခိုင်းတယ်။ နောက်ပြီးတော့ ဝ ထဲက ပစ္စည်းတွေလည်း ဒီမြန်မာဘက်ကို လုံးဝ တင်လာလို့ မရတော့ဘူး။ ကျနော်သွားတဲ့ ရက်တုန်းကဆို ကားတွေအများကြီး ပြန်လှည့်လာခဲ့ရတယ်” လို့ ကားသမားတစ်ဦးက ပြောပါသည်။

အခုလို စစ်ကောင်စီဘက်က ကုန်ပစ္စည်း အဝင်အထွက်တွေကို ပိုမိုတင်းကျပ်လာတာဟာ နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ် ဖြစ်တယ်လို့ ကားသမားတွေက ဆိုကြပါသည်။

“အဓိကတော့ သူတို့စစ်တာက ဆန်ပဲ။ အဲဒါ ပါလို့မရဘူး။ နောက်ပြီးတော့ ပရိဘောဂတွေလည်း တင်လို့မရဘူး။ အချိုရည်နဲ့ ဘီယာတွေတော့ ရတယ်။ ဝဘက်ကနေလာရင် ဘာမှသယ်လာလို့မရဘူး။ ပါလာရင် အကုန်ပြန်ပို့ခိုင်းတယ်။ ဝနယ်စပ်အထိ ပြန်လှည့်ပြီး သွားပို့ရတယ်” လို့ ၎င်းက ဆက်ပြောပါသည်။

မြန်မာဘက်ကနေ တင်သွင်းတဲ့ ကုန်ပစ္စည်းတွေဟာ ဝဒေသရောက် မြန်မာက အလုပ်သမားတွေ အများစု မှာယူစားသောက်နေကြတာ ဖြစ်ပါသည်။

ဝဘက်သို့ တက်ရောက်္မယ့် ကားသမားတွေဟာ တာကောအပ်တံတားအနီးရှိ စစ်ကောင်စီစခန်းမှာ ဝင်ရောက်စစ်ဆေးခံရပြီး သွားလာနေရတာ ဖြစ်ပါသည်။

ဒီရက်ပိုင်းအတွင်းမှာ အဲဒီဒေသတစ်ဝိုက် စစ်ကောင်စီဘက်က တပ်အပြောင်းအလဲ ပြုလုပ်ခဲ့ပြီးနောက်ပိုင်း အခုလို တင်းကြပ်လိုက်တာဖြစ်ပါသည်။

ဝဘက်ကတော့ ကိုဗစ်ကာလ ဖြစ်တာကြောင့် လူနဲ့ အသားစိမ်းတွေကိုသာ တင်ဆောင်ခွင့် ပိတ်ပင်ထားပြီး ကျန်တဲ့ ကုန်တွေကိုတော့ ဝင်ခွင့်ပြုထားတာကြောင့် ကုန်ပစ္စည်းတွေကို ကားသမားတွေက ဝ-မြန်မာနယ်စပ်ရှိ မက်မန်းဆိုင်မှာ အလဲအလှယ် ပြုလုပ်ကြရတာဖြစ်ပါသည်။

ဒီလို ကန့်သတ်မှု့တွေကြောင့် ကားသမား အများစုဟာ ကားပြေးဆွဲခြင်းကို ရပ်နားထားကြပြီး အချို့ကားသမားတွေကတော့ အချိုရည်နဲ့ ဘီယာတွေကို ဆက်လက် သယ်ယူပို့ဆောင်နေကြတယ်လို့ ကားသမားတွေက ပြောပါသည်။

UWSA ထိန်းချုပ်တဲ့ ဝ ဒေသကို ၂ဝဝ၉ ခုနှစ် ဧပြီလအတွင်း စစ်အစိုးရက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို BGF အဖြစ် အသွင်ပြောင်းခိုင်းရာကနေ UWSA က ငြင်းဆန်ခဲ့တဲ့ကိစ္စနဲ့ ပြီးခဲ့တဲ့ ၂ဝ၁၅ ခုနှစ် ကိုးကန့်ဒေသက MNDAA နဲ့ စစ်ကောင်စီတို့ရဲ့ တိုက်ပွဲပဋိပက္ခအတွင်း MNDAA ကို ဝတပ်ဖွဲ့က ကူညီထောက်ပံ့နေတယ်ဆိုတဲ့စွပ်စွဲချက်တွေနဲ့ ကန့်သတ်မှု့တွေ လုပ်လာခဲ့တာ ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *