မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက်အက်ဥပဒေ နဲ့ စွဲထားတဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး သြစတြေးလျနိုင်ငံသား မစ္စတာ ရှောင်တာနယ် နဲ့ ဝန်ကြီး ၃ ဦးကို နေပြည်တော်မှာ ဒီကနေ့ ပထမဆုံးအကြိမ် လူကိုယ်တိုင် ရုံးထုတ်ပါတယ်။
ဒက္ခိဏခရိုင် တရားရုံးမှာ ရုံးထုတ်ခဲ့တာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကတော့ ရုံးချိန်းကို လူကိုယ်တိုင်မလာရောက်ဘဲ ဗီဒီယိုကွန်ဖရန်းဇင်းကနေ ပဲ တက်ရောက်တယ်လို့ ရှေ့နေတွေကပြောပါတယ်။
ရှောင်တာနယ်နဲ့ စီမံ/ဘဏ္ဍာ ဝန်ကြီးဟောင်းတွေဖြစ်တဲ့ ဦးစိုးဝင်း၊ ဦးကျော်ဝင်းနဲ့ ဒုဝန်ကြီး ဦးဆက်အောင်တို့ PPE ဝတ်စုံတွေနဲ့ ရုံးချိန်းကိုရောက်လာခဲ့ပါတယ်။
ရန်ကုန်မှာ စွဲဆိုထားတဲ့ဒီအမှုကို နေပြည်တော်ကိုရုံးပြောင်းစစ်ဖို့ အမိန့်ချလို့ ရှောင်တာနယ် နဲ့ စီမံ/ဘဏ္ဍာ ဝန်ကြီးဟောင်းတွေဟာ အင်းစိန်ထောင်ကနေ နေပြည်တော်ကိုပြောင်းရွေ့လာရတာ ဖြစ်ပါတယ်။
ဒါကြောင့် ရှောင်တာနယ် နဲ့ စီမံ/ဘဏ္ဍာ ဝန်ကြီးဟောင်းတွေဟာ ကျန်းမာရေးကောင်းကြပေမယ့်လို့ ပင်ပန်းနွမ်းနယ်ပုံပေါ်နေတယ် လို့ ရှေ့နေဦးခင်မောင်ဇော်ကပြောပါတယ်။
ရုံးပြင်မှာ မိသားစုဝင်တွေလည်းရောက်နေခဲ့ကြပေမယ့်လို့ တွေ့ခွင့်မရခဲ့ဘူး လို့သိရပါတယ်။
တရားသူကြီးက စွပ်စွဲခံရသူတွေရဲ့ ရှေ့နေတွေရဲ့ လျှောက်လဲချက်တွေကို ကြားနာခဲ့ပြီး နောက်ရုံးချိန်းမှာ နှစ်ဘက်ကြားနာမှာဖြစ်ပြီး အပတ်စဥ် ကြာသပတေးနေ့တွေမှာ ရုံးထုတ်မှာပါ။
ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးကနေ နေပြည်တော်မှာပြောင်းရွေ့စစ်တဲ့အတွက် ရှေ့နေအပြောင်းအလဲ ရှိမရှိ တရားသူကြီးကမေးပါတယ်။
အမှု နှစ်မှုနဲ့ အစွဲခံထားရ ရှောင်တာနယ် အတွက် ဦးနေဝင်းနဲ့ ဦးရဲဝင်း တို့က ရှေ့နေ ပါဝါတင်ခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို တော့ သူ့ရဲ့ရှေ့နေအဖွဲ့တွေဖြစ်တဲ့ ဦးခင်မောင်ဇော်၊ ဦးကြည်ဝင်းနဲ့ ဒေါ်စန်းမာလာညွန့်တို့ကပဲ ဦးဆောင်ပြီး အမှုလိုက်ပေးမှာပါ။
ဒါပေမဲ့ ဝန်ကြီးဟောင်းဦးကျော်ဝင်းရဲ့ ရှေ့နေကတော့ ကိုဗစ် ၁၉ စည်းကမ်းချက်တွေကြောင့်နေပြည်တော်ဝင်လို့မရလို့ ရုံးရှေ့ကိုမရောက်လာနိုင်ခဲ့ပါဘူး။
ဒီအမှုဟာ မစ္စတာ ရှောင်တာနယ်ရဲ့ လက်(ပ်)တော့ နဲ့ စာရွက်စာတမ်းတွေမှာတွေ့ရတဲ့ အချက်အလက်တွေအရ စွဲဆိုထားတာဖြစ်ပြီး အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် ၁၄ နှစ်အထိချမှတ်ခံရနိုပါတယ်။