မြန်မာပြည်သူများနှင့်အတူထပ်မံရပ်တည်နေကြောင်း အမေရိကန်ထုတ်ပြန်

လွတ်လပ်မှုနှင့် ဒီမိုကေရစီကို လိုလားသည့် မြန်မာပြည်သူများနှင့်အတူ ရပ်တည်ကြောင်း ယနေ့ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၁၅) ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့တွင် ဥရောပသမဂ္ဂ EU၊ ဗြိတိန်နှင့် အမေရိကန် သံရုံးများက ထပ်လောင်းအတည်ပြုသည်ဟု ထုတ်ပြန်ထားသည်။

ယနေ့ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့တွင် EU အနေဖြင့် ဒီမိုကရေစီအခြေခံအုတ်မြစ်ကို ကာကွယ်မြှင့်တင်ပေးမည်ဟု ပြတ်သားစွာ သန္နိဋ္ဌာန်ချထားကြောင်း ထပ်လောင်းအတည်ပြုပါသည်။ ဖေဖော်ဝါရီ ၁ ရက်နေ့၌ မြန်မာနိုင်ငံ၏ ဒီမိုကေရစီ အသွင်ကူးပြောင်းမှုစံချိန်သည် နှစ်ပေါင်းများစွာ နောက်ကြောင်းပြန် ဆုတ်ယုတ်ခဲ့ရသည်။

ထိုအချိန်ကတည်းကပင် EU သည် ၂၀၂၀ ခုနှစ် နိုဝင်ဘာလတွင်ကျင်းပပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲရလဒ်များကို ခြွင်းချက်မရှိ အသိအမှတ်ပြုလက်ခံပြီး ဒီမိုကေရစီကို ချက်ချင်း ပြန်လည်ပေးအပ်ရန် တောင်းဆိုခဲ့ပါသည်။ EU သည် လွတ်လပ်မှုစံတန်ဖိုးများနှင့် လူ့အခွင့်အရေးအပေါ် အေလးထားမွုတို့ကို ကာကွယ်စောင့်ရှောက်ပြီး အဆိုပါရည်မှန်းချက်အား ဖြည့်ဆည်းပေးနိုင်မည့် နည်းလမ်းမှန်သမျှကို ချိန်ရွယ်အသုံးပြုရန် ကြိုးပမ်းနေသူများနှင့်အတူ ခိုင်မာစွာ ရပ်တည်လျက်ရှိသည်။ ဒီမိုကရေစီသည် စိတ်ကူးယဉ်အတွေးသက်သက်မဟုတ်ဘဲ နေရာဒေသမရွေးရှိ လူသားတိုင်း ရရှိခံစားနိုင်သော လက်တွေ့ဘဝတစ်ရပ်ဖြစ်လာရန် လိုအပ်ပါသည်။ဟု EU က ထုတ်ပြန်သည်။

အာဏာသိမ်းပြီးချိန်မှစ၍ မြန်မာနိုင်ငံတွင် ခန့်မှန်းခြေအားဖြင့် လူပေါင်း (၁၀၈၁) ဦးသေဆုံးကာ နိုင်ငံရေးအကျဉ်းသား (၃၁၄၁)ဦးနှင့် ရွှေ့ပြောင်းရသူ (၂၃၀၀၀၀)ဦးရှိနေသည်ဟု ဗြိတိန်က ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီပြန်လည်ဖော်ဆောင်ရမည်ဖြစ်သည်။ စစ်အာဏာရှင်၏ ဖိနှိပ်မှုအပေါ်မြန်မာပြည်သူလူထူ၏ ခုခံဆန့်ကျင်မှု၊ စစ်တပ်အာဏာသိမ်းမှုနှင့် အခြေခံဒီမိုကရေစီအခွင့်အရေးရရှိရေးအတွက် တိုက်ပွဲဝင်နေကြသည့် မြန်မာလူထု၏ခွန်အားနှင့် ကြံ့ခိုင်မှုစွမ်းရည်ကို မိမိတို့ ယနေ့ထပ်လောင်းအသိအမှတ်ပြုလိုက်သည်။မြန်မာပြည်သူလူထုနှင့်အတူ ကျွန်ုပ်တို့ အတူရပ်တည်လျက်ရှိသည်။ ဟု ဗြိတိန်က ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

ယနေ့ကျရောက်သည့် အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့တွင် မြန်မာနိုင်ငံသည် လူမဆန်သော စစ်အာဏာရှင်စနစ်အောက်တွင် တစ်ဖန် ရောက်ရှိလျက်ရှိပြီး ဖေဖော်ဝါရီလ အာဏာသိမ်းချိန်မှစ၍ စစ်အာဏာရှင်သည် ဒီမိုကရေစီရေး၊ တရားဥပဒေစိုးမိုးရေးနှင့် မြန်မာနိုင်ငံပြည်သူလူထု၏ ဒီမိုကရေစီဆန္ဒကို ဆက်လက်ဖိနှိပ်လျက်ရှိသည်ဟု ဗြိတိန်က ထုတ်ပြန်ချက်တွင် ဖေါ်ပြသည်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီလုပ်ငန်းတွေ ပြန်လည်ထူထောင်ရေးကို ပြင်သစ်နိုင်ငံက တောင်းဆိုလိုက်ပြီး ၂၀၂၀ ပြည့်နှစ်နိုဝင်ဘာ ၈ ရက္က အထွေထွေရွေးကောက်ပွဲမှာ ထုတ်ဖော်ပြသခဲ့တဲ့မြန်မာနိုင်ငံသားတွေရဲ့ ဆန္ဒမဲတွေနဲ့ ပြတ်ပြတ်သားသား ရပ်တည်ကြောင်း ပြင်သစ်သံရုံးက ဒီနေ့ စက်တင်ဘာ ၁၅ ရက်မှာထုတ်ပြန်လာပါတယ်။ ဒီနေ့ဟာ လူထုရဲ့ ပူးပေါင်းပါဝင်မှု၊ လူ့အခွင့်အရေးနဲ့ လွတ်လပ်မှုမြှင့်တင်ရေး၊ လူသားနဲ့ လူမှုဖွံ့ဖြိုးတိုးတက်ရေးတွေကို အာမခံတဲ့ ဒီမိုကရေစီတန်ဖိုးတွေကို ပြင်သစ်နိုင်ငံက ထောက်ခံကြောင်း ထပ်မံအတည်ပြုဖို့အခွင့်အလမ်းလည်း ဖြစ်ပါတယ်လို့ ပြင်သစ်သံရုံးကထုတ်ပြန်ပါတယ်။

ပြည်သူတွေအတွက် ပြည်သူတွေကရွေးကောက်တင်မြှောက်ထားတဲ့ ပြည်သူ့အစိုးရရှိတာဟာ ဒီမိုကရေစီဖြစ်ပြီး ငြိမ်းချမ်းရေး၊ သာယာဝပြောရေးနဲ့ လုံခြုံရေးကို တိုးတက်အောင်ဆောင်ရွက်ဖို့အတွက် လူ့လောကရဲ့ အဓွန့်ရှည်တည်တံ့ဆုံးနည်းလမ်းဖြစ်တယ်ဆိုတဲ့ အခြေခံအမှန်တရားတစ်ရပ်ကို အခုလို အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့မှာ မိမိတို့ ထပ်လောင်းအတည်ပြုပါတယ်။ မြန်မာစစ်တပ်ရဲ့ အာဏာသိမ်းမှုနဲ့ သူ့ရဲ့ ပြည်သူတွေအပေါ် ကျယ်ကျယ်ပြန့်ပြန့် အကြမ်းဖက်မှုဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနည်းကျအုပ်ချုပ်ရေး ပြန်လည်အသက်ဝင်ဖို့ အရေးတကြီးလိုအပ်နေတယ်ဆိုတာ မီးမောင်းထိုးပြနေပါတယ်။ လွတ်လပ်မှုနဲ့ ဒီမိုကရေစီအတွက် လိုလားတောင်းတနေတဲ့ မြန်မာပြည်သူတွေနဲ့အတူ မိမိတို့အတူတကွရပ်တည်နေပြီး အကြမ်းဖက်မှုတွေအဆုံးသတ်ဖို့နဲ့ ပြည်သူတွေရဲ့ ဆန္ဒကိုလေးစားတန်ဖိုးထားဖို့အတွက် စစ်အာဏာရှင်တို့ကို တောင်းဆိုပါတယ်။ဟု အမေရိကန်သံရုံးထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

စက်တင်ဘာလ (၁၅) ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့တွင် မြန်မာနိုင်ငံသည် စစ်အာဏာသိမ်းမှုအောက်တွင် ကျရောက်နေ၍ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေရသည့် မြန်မာပြည်သူလူထုနှင့်အတူ ရပ်တည်ကြောင်း ပြင်သစ်၊ ဥရောပသမဂ္ဂ EU၊ ဗြိတိန်နှင့် အမေရိကန်သံရုံးများက အသီးသီးထုတ်ပြန်ဖေါ်ပြလာကြသည်ကို တွေ့ရသည်။

Leave a Reply

Your email address will not be published. Required fields are marked *