SBS ရိုက်ကူး ရေးရဲ့ အတွေ့အကြုံတစ်ချိူ့ကိုပြောပြလာတဲ့ ဆရာမလေး ချမ်းမြမြသော်

မနေ့က SBSရုပ်သံဌာနရဲ့ The master in the house အစီအစဥ် ရိုက်ကူးရေး ပြီးမြောက်ခဲ့ပါပြီ။ ရိုက်ကူးရေးမှာ တွေ့ကြုံရတာနဲ့ ဆွေးနွေးဖြစ်တဲ့ အကြောင်းအရာတွေကတော့

တွေ့ကြုံမှုများ

၁။ MCအနေနဲ့ the master in the house အဖွဲ့သားများက(Lee Seung Gi, Cha Eun Woo, Yang Sae Hyung, Kim Dong Hyun) ဦးဆောင်ကြပြီး

၂။ ပါဝင်ဆွေးနွေးသူများအဖြစ် ကိုရီးယား နိုင်ငံမှာ နာမည်ကျော် အနုပညာသည်အနေနဲ့ ရပ်တည်နေကြတဲ့ အမေရိကန်လူမျိုး Tylor, ပြင်သစ်လူမျိုး Robin, အီတလီလူမျိုး Alberto, အိန္ဒိယလူမျိုး Lucky, တရုတ်လူမျိုး Magukjinတို့ ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။

၃။ ဒီတစ်ခေါက် ရိုက်ကူးရေးဟာ တိုက်ရိုက်တင်ဆက်မှု အစီအစဥ် မဟုတ်တာကြောင့် ရိုက်ကူးချိန် ပိုမို ကြာမြင့်ပြီး အမေးအဖြေတွေလည်း အများကြီး ရှိခဲ့ပါတယ်။ ကိုရီးယားဘာသာစကား ကျွမ်းကျင်မှုနဲ့ ပုံမှန် လူအများနဲ့ ပြောဆိုတဲ့ အလေ့အကျင့် မရှိရင် အရမ်း အခက်တွေ့နိုင်တဲ့ တွေ့ဆုံ ဆွေးနွေးမှု တစ်ခု ဖြစ်ပါတယ်။

၄။ ဆွေးနွေးချိန် ၂နာရီနီးပါး ကြာမြင့်ပေမယ့် ဒါကို ပြန်ပြီး စိစစ်တည်းဖြတ်ပြီးမှ ၆လပိုင်း ၆ရက်နေ့ ​ဖန်သားပြင်မှာ တင်ဆက်မှာ ဖြစ်ပါတယ်။

၅။ MCများ အားလုံးနဲ့ နိုင်ငံခြားသား အနုပညာသည် အားလုံးတို့ဟာ မြန်မ့ာအရေးကို အမှန်တကယ် စိတ်ဝင်တစား ရှိနေကြပြီး စိတ်ရင်းနဲ့ ပူပန်စိုးရိမ်နေကြတာကို သိခဲ့ရပါတယ်။ မင်းသား Lee Seung Giဆိုရင် ကျွန်မကို ဘာကြောင့် ဒီလို ဖြစ်ရသလဲကို သူ စဥ်းစားမရနိုင်တဲ့အကြောင်း ထပ်ခါထပ်ခါ ပြောခဲ့ပါတယ်။ Idol Cha Eun Wooကလည်း အစီအစဥ် ပြီးတဲ့အထိ ကျွန်မနဲ့ စကားပြောရင်း မြန်မာလို ကျွန်မ သင်ပေးလိုက်တဲ့ “အားတင်းထား”ဆိုတဲ့ စကားလေးကို ထပ်ခါထပ်ခါ ပြောပေးခဲ့ပါတယ်။ ကလေးအဖေ ဖြစ်တဲ့ အားကစား ချန်ပီယံ Kim Dong Hyunကဆိုရင် ကလေးငယ်တွေ သေဆုံးမှုအကြောင်း နားထောင်ပြီး ကျွန်မ ဘေးကနေ သက်ပြင်း အကြိမ်ကြိမ် ချနေခဲ့ပါတယ်။ အမေရိကန် လူမျိုး Tylorကလည်း မြန်မာလူမျိုးတွေအနေနဲ့ USအပေါ် ယုံကြည်အားကိုးမှုတွေ ရှိတာ သိရပေမယ့် ထိရောက်တဲ့ လုပ်ဆောင်မှုတွေ မပေးနိုင်တာကြောင့် သူ အားနာမိကြောင်းနဲ့ မြန်မာ့အရေးကို သူ့ ကိုယ်ပိုင် snsမှာ တင်ပေးမယ့်အကြောင်း ပြောခဲ့ပါတယ်။

ဆွေးနွေးခဲ့တဲ့ အချက်များ

၁။ အာဏာ သိမ်းစဥ်ကတည်းကနေ ယနေ့ထိ ဖြစ်ပျက်နေတာတွေကို ခြုံငုံ့ပြီး ပြန်ပြောတဲ့ ပုံစံနဲ့ ဆွေးနွေးခဲ့ပါတယ်။

၂။ အခု ဒီ ကိစ္စတွေ အားလုံးကို ဖြစ်စေတဲ့ အဓိက အကောင်ရဲ့ နာမည်က ဘာလဲလို့ မေးလို့ မအလလို့ ပြောပြခဲ့ပါတယ်။ ; )

၃။ ၇နှစ် သမီးလေးကို အဖေ့ ရှေ့တင် ပစ်သတ်ခဲ့တဲ့ ကိစ္စ၊ သမီးလေး ကြယ်စင်အကြောင်း၊ အပြစ်မဲ့ ပစ်သတ်ခံရတဲ့ လူတွေအကြောင်းနဲ့

၄။ အခု လတ်တလောမှာ နေရာအနှံ့ ဗုံး ပေါက်ကွဲမှုတွေနဲ့ မီးလောင်မှုတွေ ဖြစ်နေပြီး

၅။ လက်ရှိ မင်းတပ်မြို့မှာ ရဟတ်ယဥ် သုံးပြီး ပစ်ခတ်တဲ့အထိ ဖြစ်နေကြောင်း

စတာတွေကို ဆွေးနွေး တင်ဆက်ခဲ့ပါတယ်။ ပရိုဂရမ် တာဝန်ရှိသူတွေက ဒါကို အဆင်ပြေသလို တည်းဖြတ်ပြီး ၆လပိုင်း ၆ရက် TVမှာ ထုတ်လွှင့်ပါမယ်။

မင်းသား နှစ်ယောက်ကိုလည်း မြန်မာပြည်က ပရိသတ်တွေက အရမ်း ချစ်ပြီး အားပေးနေကြောင်း ထပ်ခါထပ်ခါ ပြောပြခဲ့ပါတယ်။ ကွန်မန့်တွေ ဆက်တိုက် ဝင်နေချိန်မှာ ပြရင် အဆင်မပြေတာကြောင့် ဖန်တွေ ရေးပေးတဲ့ ကွန်မန့်တွေ ပါတဲ့ ကျွန်မ ပို့စ်ကို only me လုပ်ပြီး ပြခဲ့ပါတယ်။ နှစ်ယောက်လုံးက တကယ်ကို ​ချစ်ဖို့လည်း ကောင်းသလို အရမ်းလည်း ချောကြပါတယ်။ Idol Cha Eun Wooဆိုရင် ဘယ်လောက်ကြည့်ကြည့် အလှမပျက်တဲ့ ချစ်စရာ မျက်နှာပိုင်ရှင်မျိုး ဖြစ်တာမို့ ကိုယ့်မောင်လေးသာ ဖြစ်လိုက်ပါတော့လို့ တွေးမိပါတယ်။ ဒီလို ကမ္ဘာကျော် နာမည်ကြီး မင်းသားလေးက ဘေးနားကနေ အားတင်းထား? အားတင်းထားဆိုတာလေးကို သူ တတ်နိုင်သလောက် ကပ်ကပ် ပြောပေးတာကို မြင်ပြီး စိတ်မကောင်း ဖြစ်ခဲ့ရပါသေးတယ်။ အခြားနိုင်ငံက လူမျိုးတွေတောင် လူသားချင်း ဒီလို စာနာမှု ထားကြပေမယ့် ကိုယ့် အမိမြေမှာတော့ သတ်တာဖြတ်တာတွေနဲ့ ပြည့်နေတာမို့ ဝမ်းနည်းခဲ့ရပါတယ်။ ဓာတ်ပုံလည်း အတူတူ ရိုက်ဖြစ်ခဲ့ပေမယ့် ပရိုဂရမ် သက်ဆိုင်သူတွေအတွက် ယဥ်ကျေးမှုအရ TV လွှင့်တဲ့ နေ့မှ တင်ပါမယ်။ လောလောဆယ် သားတော်မောင်နဲ့ ရိုက်ခဲ့တဲ့ ပုံလေးတွေပဲ တင်လိုက်ပါတယ်။

အကောင်းဆုံး မဖြစ်နိုင်ရင်တောင် အတတ်နိုင်ဆုံး ကြိုးစားလုပ်ဆောင်ခဲ့ပါတယ်။ အစီအစဥ် အပြီးမှာ အားလုံး လက်သုံးချောင်း ထောင်ပြီး မြန်မာလို အားတင်းထားလို့ ဟစ်ကြွေးရင်း အဆုံးသတ်ခဲ့ပါတယ်။

ကျေးဇူးတင်ပါတယ်။ အရေးတော်ပုံ အောင်ရမည်။

ချမ်းမြမြသော်
2021.05.18

Leave a Reply

Your email address will not be published. Required fields are marked *