NUG အစိုးရကို ကုလအသိအမှတ်ပြုဖို့ကမ္ဘာထိပ်သီးပညာရှင်များတိုက်တွန်း

ကုလသမဂ္ဂအဖွဲ့အနေနဲ့ အာဏာသိမ်းစစ်ကောင်စီကို လက်မခံဘဲ NUG အမျိုးသား ညီညွတ်ရေးအစိုးရကို အသိအမှတ်ပြု လက်ခံဖို့ ကမ္ဘာ့ထိပ်တန်း ဥပဒေပညာရှင်တွေနဲ့ လန်ဒန်အခြေစိုက် Myanmar Accountability Project (MAP) အဖွဲ့က အိတ်ဖွင့်စာတစ်စောင် ပေးပို့ပြီး တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံကို ဘယ်သူ ကိုယ်စားပြုမလဲ ဆိုတာကို မန‌က်ဖြန် စက်တင်ဘာလ ၁၄ ရက်နေ့မှာ ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ ၉ နိုင်ငံပါ အရည်အချင်းစစ် ကော်မတီ “Credentials Committee” မှာ သုံးသပ် ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ ဒီဆုံးဖြတ်ချက်ဟာ မြန်မာပြည်သူ သန်း ၅၀ ကျော်ရဲ့ ဘဝအပေါ် အကြီးအကျယ် ရိုက်ခတ်မှုကြီး ဖြစ်လာနိုင်တယ်လို့ အဲဒီ အိတ်ဖွင့်ပေးစာထဲမှာ ဖော်ပြထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီက သူတို့ကို အသိအမှတ်ပြု လက်ခံဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ထံ စာရေး တောင်းဆိုထားခဲ့ကြောင်း၊ ဒါပေမဲ့ ကုလသမဂ္ဂသမိုင်းတစ်လျှောက် ဒီလို အသိအမှတ်ပြုခဲ့မှုတွေမှာ အရေးပါတဲ့ အချက်အလက်မှန်သမျှကို သုံးသပ်ကြည့်ခဲ့ရာမှာ စစ်ကောင်စီကို လက်မခံဖို့ ခိုင်မာတဲ့ အကြောင်းအချက်တွေ တွေ့ခဲ့ရကြောင်း MAPအဖွဲ့ရဲ့ ဒါရိုက်တာ ခရစ်စ် ဂန်းနက်စ်က ပြောပါတယ်။

အာဏာသိမ်း စစ်ကောင်စီရဲ့ လက်ချက်နဲ့ လူ တစ်ထောင်ကျော် သေဆုံးခဲ့ပြီး လွှတ်တော်အမတ်တွေအပါအဝင် လူ ၆ ထောင်လောက် မတရားဖမ်းဆီး ထိန်းသိမ်းခံခဲဲရကြောင်းနဲ့ ထိန်းသိမ်းထားစဉ်အတွင်း ညှဥ်းပန်းနှိပ်စက်ခံရပြီး သေဆုံးခဲ့သူ အများအပြား ရှိတယ်လို့ ဆိုပါတယ်။

မြန်မာပြည်သူတွေအပေါ် အာဏာသိမ်း စစ်ကောင်စီရဲ့ လုပ်ရပ်တွေဟာ ရက်စက်တဲ့ အကြမ်းဖက်လုပ်ရပ်တွေဖြစ်ပြီး လူမဆန်တဲ့ ရာဇဝတ်မှုတောင် မြောက်နိုင်တယ် ဆိုပြီး မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က ဖော်ညွှန်းပြောဆိုထားတယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ သုံးသပ်ဆွေးနွေးတဲ့အခါ နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းတွေကို လေးစားလိုက်နာရေးနဲ့ ပြည်သူတွေရဲ့ ဆန္ဒသဘောထားကို ကိုယ်စားပြုရေး ဆိုတဲ့ အချက်တွေက ထည့်သွင်းစဉ်းစားဖို့ အရေးပါတဲ့ အချက်တွေ ဖြစ်ကြောင်း တခြားနိုင်ငံတွေနဲ့ ဥပမာပေး ဖော်ပြထားပါတယ်။

စစ်ကောင်စီကို အသိအမှတ်ပြုတာဟာ စစ်အစိုးရ နောက်ထပ် အဓွန့်ရှည်အောင်နဲ့ ဖိနှိပ်မှုတွေ ဆက်လုပ်နိုင်အောင် မီးစိမ်းပြလိုက်တဲ့ သဘော ဖြစ်ပြီး နိုင်ငံတကာနဲ့ ဒေသတွင်းက ကြားဝင်ဆောင်ရွက်ပေးနေမှုတွေကို ထိခိုက်သွားစေလိမ့်မယ်လို့ အဲဒီအိတ်ဖွင့်ပေးစာထဲမှာ ဖော်ပြထားပါတယ်။

NUG အစိုးရကို အသိအမှတ်ပြုလိုက်ခြင်းအားဖြင့် ကုလသမဂ္ဂအနေနဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို အခိုင်အမာ ထောက်ခံကြောင်းနဲ့ မြန်မာ့အရေးကို ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးတဲ့ နည်းနဲ့ဖြေရှင်းဖို့ ကြိုးပမ်းနေတယ် ဆိုတာကို ပေါ်လွင်ထင်ရှားစွာ ပြသလိုက်နိုင်မှာ ဖြစ်တယ်လို့ အိတ်ဖွင့်စာထဲမှာ ဖော်ပြထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *