စစ်ကောင်စီနှင့် NUG ယှဉ်ပြိုင်နေမှုကြောင့် ကုလ ရွေးချယ်ဖို့အခက်တွေ့နေ

မြန်မာနိုင်ငံ၌ အာဏာထိန်းသိမ်းထားသည့် စစ်တပ်နှင့် NUG တို့သည် ကုလသမဂ္ဂအထွေထွေညီလာခံ၌ မြန်မာနိုင်ငံကိုယ်စားပြုခွင့်ရရှိရေးအတွက် ယှဉ်ပြိုင်ကြိုးပမ်းနေသောကြောင့် ကုလသမဂ္ဂအတွက် ရွေးချယ်ရခက် ဆုံးဖြတ်ချက်ချရခက်သည့် အခြေအနေသို့ ဆိုက်ရောက်နေပြီဖြစ်သည်။

ဖေဖော်ဝါရီတွင် အာဏာထိန်းသိမ်းခဲ့သည့်စစ်တပ်သည် လက်ရှိကိုယ်စားလှယ်ဖြစ်သည့် ဦးကျော်မိုးထွန်းနေရာတွင် အစားထိုးနိုင်ရန် ကြိုးပမ်းနေသည်။

ကုလအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ၏ ကိုယ်စားပြုခွင့်ဆိုင်ရာနှင့်ပတ်သက်၍ အထွေထွေညီလာခံသို့တင်ပြရသည့် ကော်မတီ (UN’s credential committee) သို့ လျှောက်ထားလွှာများကို နှစ်ဘက်အသီးသီးတင်ပြခဲ့ပြီးဖြစ်သည်။

စစ်တပ်ကရွေးချယ်ထားသူကို ကုလကကိုယ်စားလှယ်အဖြစ် အတည်ပြုလိုက်ပါက မြန်မာနိုင်ငံတွင်းရှိအခြေအနေများ ပိုမိုဆိုးရွားလာနိုင်ကြောင်း သတိပေးပြောဆိုမှုများလည်းရှိနေသည်။

တချိန်တည်းမှာပင် NUG က တင်ပြသည့် ကိုယ်စားလှယ်လောင်းကို ကုလကအတည်ပြုလိုက်ပါက အာရှဒေသတွင်းရှိအဖွဲ့အစည်းများက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးပို့နိုင်ရေး အပစ်အခတ်ရပ်စဲပေးရန် တောင်းဆိုကြိုးပမ်းမှုများထိခိုက်ကာ စစ်တပ်ကိုပိုမိုအထီးကျန်သွားစေမည်ဖြစ်ကြောင်း ပြောဆိုမှုများလည်းရှိနေသည်။

လူ့အခွင့်အရေးချိုးဖောက်မှုများကိုအကြောင်းပြု၍ NUG မှနာမည်စာရင်းတင်သွင်းထားသည့် ကိုယ်စားလှယ်လောင်းကိုသာ လက်ခံပေးရန် နာမည်ကျော် ဥပဒေပညာရှင် ၁၁ ဦးတို့က ကုလသမဂ္ဂထံ လက်မှတ်ရေးထိုးတောင်းဆိုခဲ့သည်။ NUG သည် မြန်မာနိုင်ငံ၌ နယ်မြေထိန်းချုပ်နိုင်ခြင်းမရှိသလို လက်ရှိ အာဏာထိန်းချုပ်ထားသည့် စစ်တပ်သည်လည်း နယ်မြေထိန်းချုပ်နိုင်ခြင်းမရှိကြောင်း လက်မှတ်ရေးထိုးတင်ပြထားသည့် ဥပဒေရေးရာအမြင်တွင် ဖော်ပြထားသည်။

လက်မှတ်ရေးထိုးထားသူများတွင် ယခင် ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါဆိုင်ရာ ကုလသမဂ္ဂ နိုင်ငံတကာရာဇဝတ်ခုံရုံးတည်ထောင်ရာတွင်ပါဝင်သလို ဥပဒေအရာရှိချုပ်အဖြစ်လည်းတာဝန်ထမ်းဆောင်ခဲ့သည့် ရစ်ချတ် ဂိုးစတုန်း၊ မြန်မာဆိုင်ရာအထူးအကြံပေးကောင်စီဝင် ခရစ် ဆီဒိုတီ၊ အာဆီယံလူ့အခွင့်အရေးဆိုင်ရာ အစိုးရများကော်မရှင်ရှိ အင်ဒိုနီးရှားကိုယ်စားလှယ် ယူယန် ဝါယုနင်ဂရွမ်နှင့် အာဆီယံကော်မရှင်ဆိုင်ရာ ထိုင်းကိုယ်စားလှယ်လောင်း ဒေါက်တာဆရီပရာဖာပတ်ချာရာမက်စ်ရီတို့ပါဝင်သည်။

ကိုယ်စားလှယ်လောင်းရွေးချယ်မှုဆိုင်ရာ တရားဝင်စည်းမျဉ်းများကို ရှင်းလင်းစွာထုတ်ပြန်ထားခြင်းမရှိသော်လည်း နယ်မြေထိရောက်စွာထိန်းချုပ်နိုင်မှု၊ ဒီမိုကရေစီနည်းကျ အာဏာပိုင်မှုှနှင့် နိုင်ငံတကာ လူ့အခွင့်အရေးလေးစားလိုက်နာမှု အစရှိသည့် စည်းမျဉ်းများကိုအခြေခံကာ စဉ်းစားလေ့ရှိကြောင်း Myanmar Accountability Project အဖွဲ့၏လေ့လာမှုအရ သိရသည်။

ကုလ၏ credential committee သည် ဆုံးဖြတ်ချက်မချသေးရန် ရွေးချယ်ခွင့်ရှိနေသည်။ ယင်းကြောင့် မြန်မာကိုကိုယ်စားပြုသည့် ကိုယ်စားလှယ်နေရာကိုမရွေးချယ်သေးခြင်း (သို့မဟုတ်) လက်ရှိတာဝန်ထမ်းဆောင်ဆဲ ဦးကျော်မိုးထွန်းအား အခြေအနေပေါ်မူတည်ကာ ယာယီတာဝန်ထမ်းဆောင်စေခြင်းတို့ကို ပြုလုပ်ဖွယ်ရှိနေသည်။ ဦးကျော်မိုးထွန်းကိုရာထူးမှ ဖယ်ရှားခဲ့ပြီးဖြစ်ကြောင်း နစက၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပြီးဖြစ်သည်။

မြန်မာကိုကိုယ်စားပြုမည့်ကိုယ်စားလှယ်ကို မရွေးချယ်ဘဲထားရှိခြင်းသည်သာ လက်တွေ့အကျဆုံးဖြစ်ကြောင်း လေ့လာသူတချို့က သုံးသပ်သည်။ မြန်မာအရေးနှင့်ပတ်သက်၍ အာဆီယံသည် ပိုမိုအကျပ်တွေ့လာနိုင်ကြောင်းလည်း စင်ကာပူရှိ ISEAS-YusofIshak Institute ရှိ အာဆီယံလေ့လာရေးဌာနမှ ရှာရွန် ဆီယာလီ-လျန်းက သုံးသပ်ပြောဆိုခဲ့သည်။ ကုလကော်မတီသည် ဆုံးဖြတ်ချက်မချနိုင်ခြေများကာ ဒီဇင်ဘာအထိ သတင်းထူးရှိလာမည်မဟုတ်ကြောင်း ၎င်းက ပြောဆိုခဲ့သည်။

Source: The Guardian
သက်အေး

Leave a Reply

Your email address will not be published. Required fields are marked *