တရုတ်အစိုးရ၏ အာရှရေးရာကိုယ်စားလှယ် မြန်မာနိုင်ငံကို တိတ်တဆိတ်လာရောက်ခဲ့

တရုတ်အစိုးရရဲ့ အာရှရေးရာ အထူးကိုယ်စားလှယ် ဆွန်ကော့ရှန်ဟာ ဩဂုတ်လနှောင်းပိုင်းက မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး ဒီသတင်းကို အာဏာသိမ်းစစ်ကောင်စီဖက်က လျှို့၀ှက်ထားခဲ့ပါသည်။

ဩဂုတ်လ ၂၁ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ ၈ ရက်တာကြာမြင့်ခဲ့တဲ့ ဆွန်ကော့ရှန်ရဲ့ခရီးမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် အာဏာသိမ်းစစ်တပ်က ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ရက်ပိုင်းမှာ သတင်းထုတ်ပြန်ခဲ့ပါသည်။

စစ်ကောင်စီတပ်တွေနဲ့ မြောက်ပိုင်းက ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA တို့အကြား တိုက်ပွဲတွေ မြင့်တက်နေတဲ့အချိန်၊ အိန္ဒိယသမုဒ္ဒရာကနေ မြန်မာနိုင်ငံကိုဖြတ်ပြီး တရုတ်ကို ကုန်စည်ပို့မယ့် လမ်းကြောင်း ပွင့်သွားပြီး စမ်းသပ်နေတဲ့အချိန်နဲ့ တိုက်တိုက်ဆိုင်ဆိုင် တရုတ်ကိုယ်စားလှယ် မြန်မာနိုင်ငံကို လာရောက်ခဲ့တာဖြစ်ပါတယ်။

တရုတ်အစိုးရဟာ အာဏာသိမ်းစစ်ကောင်စီကို ကျောထောက်နောက်ခံပေးထားပြီး အနောက်နိုင်ငံတွေရဲ့ အရေးယူဖို့ ဆောင်ရွက်္မှု့ကို အဓိက ကန့်ကွက်တားဆီးပေးနေတာပါ။

ဆွန်ကော့ရှန်ရဲ့ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၊ အတိုက်အခံနိုင်ငံရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့လားဆိုတာ မသိရပါဘူး။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ၀မ်ဝင်ဘင်က အထူးကိုယ်စားလှယ်ဟာ စစ်ခေါင်း​ဆောင်တွေနဲ့ တွေ့ဆုံမှုအတွင်း နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုအခြေအနေတွေ၊ တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှုကိစ္စ၊ ကိုဗစ်ကပ်ရောဂါ ကိုင်တွယ်ဖြေရှင်းမှု အခြေအနေတွေအကြောင်းကို ဆွေးနွေးခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ ဆွန်ကော့ရှန်က တိုင်းပြည်တည်ငြိမ်အောင်၊ ဒီမိုကရေစီပြန်လည် ဖြစ်ထွန်းအောင် စစ်ကောင်စီရဲ့ ကြိုးပမ်းမှုတွေကို အားပေးထောက်ခံတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

ဆွန်ကော့ရှန်ရဲ့ ဒီခရီးစဉ်ကို အာဏာသိမ်းစစ်ကောင်စီဖက်က တရားဝင် သတင်းထုတ်ပြန်တာမျိုး မရှိဘဲ၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အပြီးမှာ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက အတည်ပြုခဲ့ပါသည်။

(ဓာတ်ပုံ – တရုတ်အစိုးရ၏ အာရှရေးရာ အထူးကိုယ်စားလှယ် ဆွန်ကော့ရှန်)

Leave a Reply

Your email address will not be published. Required fields are marked *