မြန်မာ့အရေး ကို သတင်းရယူတင်ပြနိူင်ခဲ့သည့် CNA မြန်မာဗျူရိုအဖွဲ့ သတင်းထောက်ဆုရရှိ

နွေဦးတော်လှန်ရေးမှာ အာဏာသိမ်းစစ်တပ်နဲ့ရဲတပ်ဖွဲ့တွေရဲ့ အကြမ်းဖက်ဖြိုခွဲမှုတွေကို နိုင်ငံတကာသိအောင်ရိုက်ကူးတင်ပြနိုင်ခဲ့တဲ့ စင်ကာပူအခြေစိုက် Channel NewsAsia (CNA ) ရဲ့ မြန်မာဗျူရိုက VJ သတင်းထောက် (၂) ဦးကို Hinzpeter သတင်းထောက်ဆုပေးအပ်ဖို့ရွေးချယ်ကြောင်း တောင်ကိုရီးယားနိုင်ငံ Hinzpeter ဆု ရွေးချယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ဆုရရှိသူ (၂) ဦးရဲ့အမည်ကိုတော့ လုံခြုံရေးအရ ထုတ်ဖေါ်ပြောဆိုခြင်းမရှိပဲ CNA ရုံးချုပ်ကတဆင့် ဆက်သွယ်အသိပေးမယ်ဆိုပါတယ်။ ရန်ကုန် ကမာရွတ်လှည်းတန်းပစ်ခတ်ဖြိုခွဲမှုဗီဒီယိုနဲ့ ဆုရွေးချယ်ခံခဲ့ရတာလို့ CNA သတင်းဌာနကဖေါ်ပြပါတယ်။

၁၉၈၀ ခုနှစ် မေလထဲက စစ်အာဏာရှင်ကိုတော်လှန်ခဲ့ကြတဲ့ တောင်ကိုရီးယား ဂွမ်ဂျုးကျောင်းသားဆန္ဒပြပွဲကို ခက်ခက်ခဲခဲ အသက်စွန့် သွားရောက်ရိုက်ကူးခဲ့သူ ဂျာမန်သတင်းထောက် Jurgen Hinzpeter ကို ဂုဏ်ပြုတဲ့အနေနဲ့ ချီးမြှင့်တဲ့ဆုဖြစ်ပါတယ်။

တောင်ကိုရီးယားဗီဒီယိုသတင်းထောက်များအသင်းနဲ့ ဂွမ်ဂျူးအောက်မေ့ဖွယ်အသင်း (the May 18 Memorial Foundation) တို့ ပူးပေါင်းပြီး ရွေးချယ်ချီးမြှင့်တာပါ။

ဂျာမန်သတင်းထောက် Hinzpeter ဟာ ၂၀၁၆ ခုနှစ် အသက် ၇၈ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့တာဖြစ်ပြီး ၁၉၈၀ ခုနှစ်က သူ့ရဲ့ အသက်စွန့်ရိုက်ကူးတင်ပြမှုကြောင့် နိုင်ငံတကာကနေ တောင်ကိုရီးယားစစ်အာဏာရှင်ရဲ့ရက်စက်ကြမ်းကြုပ်မှုတွေကို သိခွင့် မြင်ခွင့်ရခဲ့ကြတာဖြစ်ပါတယ်။

မြန်မာပရိတ်သတ်တွေသာမက နိုင်ငံတကာမှာပါ အောင်မြင်ခဲ့တဲ့ Taxi Driver ရုပ်ရှင်ဖြစ်လာဖို့ အဓိက ဖန်တီးခဲ့သူလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *