မြန်မာနိူင်ငံကနေ အပြီးထွက်ခွါသွားတော့မည့် ဖြစ်ကြောင်း METRO ကြေညာ
ရန်ကုန်၊ စက်တင်ဘာ ၁
မြန်မာနိုင်ငံတွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံခွင့်ပြုလုပ်ထားသောလက်ကားကုမ္ပဏီတစ်ခုဖြစ်သည့် METRO wholesale Myanmar က ၎င်းတို့၏ လုပ်ငန်းလည်ပတ်မှုကို အောက်တိုဘာလကုန်မှစ၍ ရပ်စဲသွားမည်ဖြစ်ကြောင်း ယနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။
၂၀၁၇ခုနှစ် ဖေဖော်ဝါရီတွင် မြန်မာနိုင်ငံသို့စတင်ဝင်ရောက်ခဲ့သည့် METRO wholesale Myanmar သည် သီလဝါအထူးစီးပွားရေးဇုန်တွင် တည်ဖောက်ထားသည့် ပင်မသိုလှောင်ရုံ ကတစ်ဆင့် အစားအသောက်နှင့် အခြား အရည်အသွေးမြင့် ကုန်ပစ္စည်းများကို ဒီဂျစ်တယ်နည်းပညာဖြင့် ဟိုတယ်များ၊ စားသောက်ဆိုင်များနှင့် အစားအသောက် တည်ခင်းဧည့်ခံပေးသော ဝန်ဆောင်မှုလုပ်ငန်းများလုပ်ကိုင်သည့် ကုမ္ပဏီဖြစ်သည်။
ထို့ပြင် တစ်ဦးချင်း လက်လီရောင်းချလိုသူ စတိုးဆိုင်များကိုလည်း ဝန်ဆောင်မှုပေးလျက်ရှိသော နိုင်ငံတကာ ထိပ်တန်း လက်ကားရောင်းဝယ်ရေး ကုမ္ပဏီတစ်ခု ဖြစ်သည်။
စစ်တပ်ကအာဏာသိမ်းလိုက်ပြီးနောက် မြန်မာနိုင်ငံအတွင်း လုပ်ငန်းများ ဖွင့်လှစ်လုပ်ကိုင်နေသည့်လုပ်ငန်းများ တစ်ခုပြီးတစ်ခုပိတ်သိမ်းလျက်ရှိရာ ယင်းတို့အနက် နိုင်ငံပေါင်း ၃၆နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ထားသော METRO လည်းပါဝင်လာခဲ့ပြီဖြစ်သည်။
လတ်တလောနိုင်ငံရေးအခြေအနေတွင် METRO ကချမှတ်ထားသည့် မြင့်မားသော စံနှုန်းများနှင့် အညီလုပ်ငန်းလည်ပတ်ရန်အခက်အခဲများရှိသဖြင့် လုပ်ငန်းရပ်စဲရန်ဆုံးဖြတ်ရခြင်းဖြစ်ကြောင်း METRO က ထုတ်ပြန်ချက်ထဲတွင် ဆိုထားသည်။
စစ်တပ်က အာဏာသိမ်းမှုကြောင့် နိုင်ငံခြားဆောက်လုပ်ရေးလုပ်ငန်းတစ်ချို့ ၎င်းတို့၏ရင်းနှီးမြှုပ်နှံမှုတစ်ချို့ကိုရပ်ဆိုင်းလိုက်သလို ပြစ်သစ်နိုင်ငံအခြေစိုက် အပြည်ပြည်ဆိုင်ရာ လုပ်ငန်းစု တစ်ခုဖြစ်သည့် Electricite de France ကလည်း စစ်အာဏာသိမ်းမှုကို တုံ့ပြန်သည့်အနေဖြင့် မြန်မာနိုင်ငံမှာ အကောင်အထည်ဖော်ဖို့ ပြင်ဆင်နေသည့် ရေအား လျှပ်စစ် စီမံကိန်းတစ်ခုကို ရပ်ဆိုင်းလိုက်ကြောင်း မတ်လက ထုတ်ဖော်ပြောဆိုခဲ့သည်။
မြန်မာ့အဓိကဆက်သွယ်ရေးအော်ပရေတစ်ခုဖြစ်သည့် နော်ဝေနိုင်ငံအခြေစိုက် တယ်လီနောကုမ္ပဏီကလည်း ၎င်းတို့၏ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းတွေကို အာဏာသိမ်းပြီး ၆လာအကြာတွင် ရောင်းထုတ်ခဲ့ရသလို အခြား ပြည်ပရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများလည်း လုပ်ငန်း ရပ်ဆိုင်းပြီး နိုင်ငံမှ ထွက်ခွာသွားခဲ့ပြီဖြစ်သည်။
Burma Associated Press
Photo – METRO