လာမယ့် ကုလညီလာခံမှာ NUG အတွက် အလားအလာကောင်းမယ်လို့ အထူးအကြံပေး ကောင်စီ SAC-M ခန့်မှန်း

ရှေ့လမှာ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ အမျိုးသား ညီညွတ်ရေး အစိုးရ NUG အနေနဲ့ မြန်မာ ပြည်သူတွေကို ကိုယ်စားပြုခွင့်ရလိမ့်မယ်လို့ မျှော်လင့်ကြောင်း မြန်မာ့အရေး ကျွမ်းကျင်သူ ကုလသမဂ္ဂ အရာရှိတွေပူးပေါင်း ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး အကြံပေးကောင်စီ SAC-M က တာဝန်ရှိသူတွေက ပြောလိုက်ပါသည်။

 

လာမယ့် စက်တင်ဘာလ ၁၄ ရက်နေ့မှာ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေ ညီလာခံ နီးကပ်လာချိန်မှာ မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်ကောင်စီနဲ့ ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ အမတ်တွေ အများစု ပါဝင်ဖွဲ့စည်းထားတဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ NUG တို့ ဟာ ဒီညီလာခံမှာ မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး တက်ရောက်ခွင့်ရဖို့ ကြိုးပမ်းအားထုတ်မှုတွေ ပိုပြီး အာေးကာင်းလာနေပါတယ်။

ကုလသမဂ္ဂ အထွေထွေ ညီလာခံ စတင်တဲ့ အချိန်မှာ နိုင်ငံ ကိုးနိုင်ငံက ကိုယ်စားလှယ်တွေ ပါဝင်တဲ့ credentials committee ဟာ အဖွဲ့ဝင်နိုင်ငံတွေကို ကိုယ်စားပြုပြီး တက်ရောက်လာသူတွေရဲ့ တရားဝင် ဖြစ်မှုကို စစ်ဆေးမှာဖြစ်ပြီး၊ တရားဝင်ဖြစ်ကြောင်း credentials committee က အတည်ပြုပြီးတဲ့နောက် သက်ဆိုင်ရာ ကိုယ်စားလှယ်တွေဟာ နိုင်ငံကိုယ်စားပြုပြီး အစည်းအဝေး တက်ရောက်ခွင့် နဲ့ မဲပေးခွင့်တွေ ရရှိမှာဖြစ်ပါသည်။

 

“ရှေ့လမှာ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မြန်မာနိုင်ငံကို ကုလသမဂ္ဂ မှာ ဘယ်သူက ကိုယ်စားပြုခွင့် ရမလဲဆိုတာကို ဆုံးဖြတ်တော့မှာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပက်သက်လို့ ကျွန်မတို့ SAC-M အဖွဲ့က သုတေသန စာတမ်း တစ်စောင် ထုတ်ဝေထားပါတယ်။ တကယ်လို့ အာဏာသိမ်းစစ်ကောင်စီရဲ့ ကိုယ်စားလှယ်တွေကိုသာ မြန်မာနိုင်ငံကို ကိုယ်စားပြုဖို့ ဆုံးဖြတ်လိုက်မယ်ဆိုရင် ကုလသမဂ္ဂ အဖွဲ့ကြီးရဲ့ ပဋိညာဉ် စာချုပ် တစ်ခုလုံးကို ချိုးဖောက်ရာ ရောက်မှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ထင်မထားတာတွေလည်း ဖြစ်လာနိုင်ပါတယ်။”

 

ဒါကတော့ SAC-M အဖွဲ့ရဲ့ တည်ထောင်သူနဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ဟောင်း မစ္စယန်ဟီလီက ပြောသွားတာပါ။

 

အမျိုးသားညီညွတ်ရေး အစိုးရ NUG အနေနဲ့ ဒီလို နိုင်ငံကိုယ်စားပြုပြီး တက်ရောက်ခွင့် ရမယ်ဆိုရင်၊ မြန်မာနိုင်ငံမှာ ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင်နေသူအားလုံးရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို အသိအမှတ်ပြုရာရောက်မယ်လို့ ဩဂုတ်လ ၂၇ ရက်နေ့က ကျင်းပတဲ့ SAC-M အဖွဲ့ရဲ့ ဆွေးနွေးပွဲကို တက်ရောက်လာသူတွေက ပြောကြားခဲ့ပါတယ်။

 

SAC-M အဖွဲ့က ထုတ်ပြန်ထားတဲ့ သုတေသန စာတမ်းမှာ အတိတ်က ညီလာခံတွေကို အခြေခံပြီး၊ လာမယ့် ကုလ အထွေထွေ ညီလာခံမှာ ဖြစ်လာမယ့် ဖြစ်နိုင်ခြေတွေကို မှန်းဆထားရာမှာ၊ NUG ကို မြန်မာနိုင်ငံရဲ့ တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြုလိုက်တာ၊ ဒါမှမဟုတ် အာဏာသိမ်း စစ်ကောင်စီကို တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြု လိုက်တာ၊ ဒါမှမဟုတ် လက်ရှိ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ သံအမတ်ကြီးကိုပဲ မြန်မာနိုင်ငံ ကိုယ်စားပြုသူအဖြစ် ဆက်လက်ထားရှိပြီး၊ တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြုတဲ့ ဆုံးဖြတ်ချက်ကို ရွေ့ဆိုင်းထားတာ၊ ဒါမှမဟုတ် ၊ မြန်မာနိုင်ငံအတွက် ကိုယ်စားပြုသူ မရှိပဲ၊ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်နေရာကို ထိုင်ခုံအလွတ်အဖြစ် ထားရှိပြီး၊ အစိုးရအဖြစ် တရားဝင် အသိအမှတ်ပြုတဲ့ ဆုံးဖြတ်ချက်ကို ရွေ့ဆိုင်းထားတာ စတဲ့ ဖြစ်နိုင်ခြေ လေးမျိုးကို ဖော်ပြထားပါတယ်။

 

ဒီဖြစ်နိုင်ခြေအားလုံးဟာ ကုလသမဂ္ဂ အဖွဲ့ကြီးရဲ့ ဥပဒေနဲ့ စည်းမျဉ်းတွေနဲ့ ကိုက်ညီဖို့ လိုအပ်မှာဖြစ်ပြီး၊ ဒီ အထဲမှာ NUG ကို မြန်မာနိုင်ငံရဲ့ တရားဝင် အစိုးရအဖြစ် သတ်မှတ်လိုက်တာနဲ့ လက်ရှိ မြန်မာ သံအမတ်ကြီးကို မြန်မာနိုင်ငံကို ကိုယ်စားပြုခွင့် ဆက်လက်ပေးထားတာ နှစ်မျိုးဟာ ဖြစ်နိုင်ခြေ အများဆုံး ရှိကြောင်းလည်း သုံးသပ်ထားပါတယ်။

 

ကုလသမဂ္ဂ အထွေထွေ ညီလာခံဟာ ၂၀၂၀ နိုဝင်ဘာ ၈ရက် ရွေးကောက်ပွဲ ရလဒ်တွေကို လေးစားလိုက်နာဖို့ အာဏာသိမ်း စစ်ကောင်စီကို တိုက်တွန်းကြောင်း non-binding resolution တစ်ခု ထုတ်ပြန်ခဲ့တာကို ထောက်ပြပြီး၊ လာမယ့် စက်တင်ဘာလမှာလုပ်မယ့် အထွေထွေညီလာခံမှာ NUG အစိုးရဘက်က အလေးသာမယ်လို့ မျှော်လင့်တဲ့အကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလ အချက်အလက်ရှာဖွေရေးမစ်ရှင်မှာ ဥက္ကဌ အဖြစ် ဆောင်ရွက်ခဲ့တဲ့ မစ္စတာ မူဇူကီ ဒရူစ်မန်က ပြောပါတယ်။

 

“လာမယ့် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ အမျိုးသား ညီညွတ်ရေး အစိုးရ NUG နဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ စစ်ကောင်စီကို အနိုင်ရပြီး မြန်မာနိုင်ငံကို ကိုယ်စားပြုခွင့် ရလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ပြီးခဲ့တဲ့ ရက်သတပတ် တွေက အာဖဂန် နစ္စတန် နိုင်ငံမှာ ဖြစ်သွားတဲ့ ဖြစ်ရပ်တွေကလည်း မြန်မာ့အရေးကို အတိုင်းအတာတစ်ခုအထိ လွှမ်းမိုးမှု ရှိနိုင်ပါတယ်။ ဒါပေမယ့် ဘာပဲ ဖြစ်ဖြစ် မြန်မာနိုင်ငံအရေးကို အခြား နိုင်ငံတွေက အရေးကိစ္စတွေရဲ့ လွှွမ်းမိုးမှု မပါပဲ သီးခြား ရှုမြင်ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ အခုဆိုရင် မြန်မာ စစ်ခေါင်းဆောင်တွေဟာ နယူးယောက်မြို့က သံအမတ်ကြီး ဦးကျော်မိုးထွန်းကို တားဆီးဖို့ အသည်းအသန် ကြိုးစားနေတကိုလည်း တွေ့နိုင်ပါတယ်။ တစ်ဖက်မှာလည်း NUG ကို တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြုလိုက်ရုံနဲ့ ပြဿနာတွေ ပြီးသွားမှာ မဟုတ်ပဲ ရေရှည် ဆက်ပြီး ရုန်းကန်ကြရမှာကိုလည်း နားလည်ထားဖို့ လိုပါတယ်။ မကြာခင်မှာ ကုလထွေထွေ ညီလာခံ ကျင်းပတဲ့အခါ ကျွန်တော်တို့ မျှော်လင့်ထားတဲ့အတိုင်း ဖြစ်လာဖို့ ဖြစ်နိုင်ခြေရှိပါတယ်။ မကြာခင်က ကုလ အထွေထွေ ညီလာခံကနေ ထုတ်ထားတဲ့ မြန်မာ့အရေးဆိုင်ရာ ဆုံးဖြတ်ချက်ကို ကြည့်မယ်ဆိုရင် နိုင်ငံတကာအနေနဲ့ မြန်မာနိုင်ငံမှာ ဘာတွေ ဖြစ်ပျက် နေသလဲဆိုတာကို ကောင်ကောင်း နားလည်သိရှိထားတဲ့အပြင်၊ NUG အစိုးရနဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံနဲ့ မြန်မာ ပြည်သူတွေကို ကိုယ်စားပြုတဲ့ တရားဝင် အစိုးရအဖြစ် သတ်မှတ်လိုက်ရင် ရလာမယ့် အကျိုးကျေးဇူးနဲ့ဖြစ်လာမယ့် နောက်ဆက်တွဲ ပြဿနာ အားလုံးကို နားလည် သဘောပေါက်တာကို မြင်နိုင်ပါတယ်။ “

 

အတိတ်က ကုလသမဂ္ဂ အထွေထွေ ညီလာခံရဲ့ credential committee ဟာ ၁၉၉၂ခုနှစ် ဟေတီနိုင်ငံအရေး၊ ၁၉၉၇ ခုနှစ် ဆီယာလီယွန် နိုင်ငံတွေအရေး ဆုံးဖြတ်ရာမှာ အာဏာသိမ်းစစ်တပ်ကို အသိအမှတ်မပြုပဲ၊ အရပ်သားအစိုးရကိုသာ တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြုခဲ့ပြီး ၁၉၉၆ခုနှစ် အာဖဂန် နစ္စတန် နိုင်ငံအရေး နဲ့ ၁၉၉၇ ခုနှစ် ကမ္ဘောဒီးယားနိုင်ငံအရေးဆုံးဖြတ်ရာမှာတော့ ဆုံးဖြတ်ချက် ချမှတ်ခြင်း မရှိပဲ ရွေ့ဆိုင်းခဲ့တာတွေ့ရပါတယ်။

 

တကယ်လို့သာ အာဏာသိမ်း စစ်ကာင်စီကို မြန်မာနိုင်ငံရဲ့ တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြုလိုက်မယ်ဆိုရင် စစ်ကောင်စီအနေနဲ့ မြန်မာနိုင်ငံရဲ့ ဥပဒေအားလုံးကို ကြိုက်သလို ပြင်ဆင်ရေးဆွဲ၊ အသစ်ပြဒါန်းခွင့် ရသွားမှာဖြစ်သလို၊ နိုင်ငံတကာ ညီလာခံ၊ အစည်းအဝေးနဲ့ ဆွေးနွေးပွဲတွေမှာ မြန်မာနိုင်ငံ ကိုယ်စားပြု တက်ရောက်ပြီး သူတို့ လိုသလို ဆုံးဖြတ်ချက် ချတော့မှာ ဖြစ်တဲ့အတွက် မြန်မာပြည်သူတွေအတွက် အလွန်အန္တရယ်ကြီးတယ်လို့ NUG ရဲ့ လူ့အခွင့်အရေး ဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။

 

လက်ရှိ အချိန်မှာ ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ မြန်မာနိုင်ငံက စေလွှတ်ထားတဲ့ ကုလသမဂ္ဂ သံအရာရှိတွေထဲမှာ ရာထူးအမြင့်ဆုံးဖြစ်ပြီး၊ ဦးကျော်မိုးထွန်းဟာ ဖေဖော်ဝါရီလ ၂၆ရက်မှာ ပြုလုပ်တဲ့ အထွေထွေညီလာခံမှာ မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်တပ်ကို အသိအမှတ်မပြုကြဖို့ ကုလသမဂ္ဂ အဖွဲ့ဝင်တွေကို တိုက်တွန်းပြောကြားခဲ့ပြီး NUG အစိုးရကို ထောက်ခံကြောင်း ပြသခဲ့တဲ့နောက်၊ အာဏာသိမ်း စစ်ကောင်စီဟာ သံအမတ်ကြီး ဦးကျော်မိုးထွန်းနေရာကို အစားထိုးဖို့ ကြိုးစားခဲ့ပေမယ့် အောင်မြင်မှုမရခဲ့ပါဘူး။

 

အဲဒီနောက်ပိုင်း ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ အေဂျင်စီတွေရဲ့ အစည်းအဝေးတွေမှာ မြန်မာနိုင်ငံ အတွက် ကိုယ်စားပြုသူကို ဆုံးဖြတ်နိုင်ခြင်းမရှိတဲ့အတွက် မတ်လ ၁၂ရက်အထိ ဂျနီဗာမှာ ကျင်းပတဲ့ ကုလလူ့အခွင့်အရေးညီလာခံ၊ မေလမှာ ကျင်းပတဲ့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ ရဲ့ ညီလာခံ နဲ့ ဂျွန်လမှာ ကျင်းပတဲ့ ILO ညီလာခ ံတွေမှာ မြန်မာနိုင်ငံအတွက် တရားဝင် ကိုယ်စားပြု တက်ရောက်္မှု မရှိပဲ ကျင်းပခဲ့တာဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *