တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်မြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေး တပ်စခန်းအား စစ်ကောင်စီ တပ်ဖွဲ့ဝင်များမှ ဝင်ရောက် စီးနင်း မီးရှို့ခဲ့ခြင်းကြောင့် ငွေကျပ်တန်ဖိုး သိန်း ၁ ထောင်ဖိုးခန့် ဆုံးရှုံးခဲ့ရကြောင်း သိရှိရသည်။
ထားဝယ်ပြည်သူ့ ကာကွယ်ရေးတပ်က “စစ်ကောင်စီက မီးရှို့သွားတဲ့အချိန်မှာ စက်လှေတွေ ကုန်ကြမ်းတွေ လက်နက်တွေ သိန်း ၁ ထောင်ဖိုးလောက်ရှိတယ်။ စက်လှေအကြီးတွေ ရိက္ခာခြောက်တွေ၊ သေနတ်တွေ၊ စခန်းတွေ အကုန် မီးရှို့ခံရ တယ်” ဟု ပြောပါသည်။
ထို့ပြင် စစ်ကောင်စီမှ ဝင်ရောက်စီးနင်းသည့် ထားဝယ်ပြည်သူ့ ကာကွယ်ရေးတပ်၏ စခန်းတည်ရှိရာ ထားဝယ်မြို့နယ် ကြက်စားပြင် တဖက်ကမ်းတွင်ရှိသည့် ဓနိတောရှိ တဲများအား မီးရှို့ဖျက်ဆီးပြီးနောက် ရွာသားအယောက် ၂၀ ကျော်အား ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း သိရသည်။
“သတင်းပေးတဲ့ သူတစ်ယောက်က နေရာကို ညွှန်လိုက်တာ။ နေရာက ခပ်ကြီးကြီးဆိုတော့ သူတို့လည်း အဆင်မပြေဘူး ထင်တယ် ရှာရတာ။ လာကြတော့ အင်အား ၇၀၀ လောက်ရှိတယ်။ ကျနော်တို့ကို ရှာမတွေ့ဘူးဆိုတာနဲ့ စက်လှေတွေရယ် တဲ ၇ လုံးရယ်ကို မီးရှို့သွားတယ်။ ကျွန်းတောက်လျှောက် တဲတွေ အကုန်လုံးကို မီးရှို့သွားတယ်။ ကျနော်တို့ PDF တွေ ကတော့ အဖမ်းမခံရဘူး။ ရွာသားတွေကို ဖမ်းသွားတာ။ အယောက် ၂၀ ကျော်ပါသွားတယ်။ ဒီထဲမှာ မိန်းကလေး ၄ ယောက်ပါ သွားတယ်” ဟု ထားဝယ်ပြည်သူ့ ကာကွယ်ရေးတပ်က ပြောကြားထားပါသည်။
Dawei People Defense Force အဖွဲ့ စခန်းသို့ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၇၀၀ ကျော်မှ ဩဂုတ်လ ၂၇ ရက် နေ့လယ်ပိုင်းမှ စတင်၍ ရှာဖွေမှုများပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
လက်ရှိ ထွက်ပေါ်နေသည့် သတင်းများအရ ၎င်းတို့၏ စခန်းအား စီးနင်းပြီးနောက် Dawei People Defense Force စာမျက်နှာအား ထိန်းချုပ်ထားသည့် သတင်းမှာလည်း မဟုတ်မှန်ကြောင်း သိရှိရသည်။
“DPDF ကို ဝင်စီးတယ်။ စခန်းကို မီးရှို့တယ်။ သတင်းဌာနတခုက ရေးထားသလို ၁၀ ယောက် အဖမ်းခံရတာ မဟုတ်ဘူး။ အဖမ်းခံရတာက လာခိုလှုံနေတဲ့ ပြည်သူတွေနဲ့ လူငယ်တွေပေါ့။ ငါးဖမ်းလှေ လုပ်သမားတွေလည်း အဖမ်းခံရတယ်။ DPDF က အဖမ်းခံရခြင်း မရှိဘူး။ သတင်းမှားတဲ့ ပို့စ်တွေ တက်လာတယ်။ ပထမဆုံး တက်လာတဲ့ သတင်းဌာနကို မေးကြည့် တယ်။ အဲဒီမှာ သူတို့က ကျနော်တို့ အဖွဲ့မှာပါတဲ့ ခေါင်းဆောင်က ပြောလို့ တင်ပေးရတာပါ ဆိုပြီးတော့ ပြောတယ်။ အဲဒီ တယောက်ကို စုံစမ်းကြည့်တဲ့အခါမှာ ကျနော်တို့ကို မလိုလားတဲ့သူ တယောက်ယောက်က ဒီလို ပြောလိုက်တယ်လို့ ထင်ပါ တယ်” ဟု DPDF အဖွဲ့ဝင်များက ပြောသည်။
လက်ရှိတွင် Dawei People Defense Force အဖွဲ့ဝင်များမှာ လွတ်မြောက်နယ်မြေသို့ ရောက်ရှိနေပြီဖြစ်ပြီး ဒေသခံပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ ၉ ဖွဲ့နှင့် မဟာမိတ် အဖွဲ့ ဖွဲ့စည်းထားကြောင်း သိရှိရပါသည်။