ပြည်သူချစ်တော်လှန်ရေးသမားကြီးမင်းမော်ကွန်းရေးသားခဲ့တဲ့ အမှန်တရားတွက်ဆိုဘာလိုသေးလဲ…………

ဘာလိုသေးလဲ…………

 

“မျှစ်လား” အပေါဆုံးပဲ

မိုးတွင်းဆိုတော့

မျှစ်စို့ကြီးတွေက

လတ်ဆတ်လို့

နုဖတ်လို့။

 

မန်ကျည်းသီးခူးပြီး

အစိမ်းထောင်းစားစား

မန်ကျည်းသီးချက်စားစား

မျှစ်ပြုတ်နဲ့က လျှာလည်။

 

ချဉ်ပေါင်ခင်းကလည်း

အဆင်သင့်ဆိုတော့

ဟင်းရည်သောက်သောက်

မျှစ်နဲ့ချဉ်ပေါင်ကြော်ကြော်

သိပ်မြိန်တဲ့ဟင်းတွေ။

 

မှိုတွေကလည်းအခင်းလိုက်

ဟင်းချက်စားမလား

ဟင်းချိုသောက်မလား

ကန်စွန်းပါချိုးကြော်လိုက်တော့

စားသောက်ဆိုင် ထိုင်ရသလို။

 

ဂွေးတောက်လား

ကြောင်လျာလား

ခရမ်းကဆော့သီးလား

သရက်ရွက်လား

အပြည့်အစုံကြိုက်တာတို့

ငါးပိထောင်းလည်း ကောင်းမှကောင်း။

 

ငှက်ပျောတွေက

အသီးပုပုလေးတွေနဲ့

သီးမှသီး ချိုမှချို

ငှက်ပျောအူတော့ မကိုက်ဘူး

ဝမ်းသာစရာသတင်းကြားရင်

မွင်းငါးချက်စားပစ်လိုက်တယ်။

 

ငါးကလည်းရှာလို့လွယ်သေး

ငါးခူ ငါးကြင်းကအစ

နာမည်မသိလည်းစားကောင်းတဲ့ငါး

အကောင်ကြီးကြီး

အလေးပြည့်ပြည့်တွေ

ကင်စားစား ပြုတ်စားစား

ဟင်းချက်မလား

အခြောက်လှမ်းမလား

ကြိုက်သလိုစား။

 

ရွာထဲဝက်ပေါ် အမဲပေါ်ရင်တော့

ကိုယ့်အကြိုက် ဆုံး

ဝက်လက် ဝက်ရိုးပြုတ်

အမဲနှပ်တွေ တခါတလေကြိတ်ရသေး

ဒါမှမဟုတ်လို့ ရန်ကုန်လွမ်းလာရင်

အသားကြိတ် အရိုးပြုတ်

အသင့်စားကြာဆံတစ်ထုတ်ဖေါက်ထည့်ပြီး

ကြေးအိုး ဆွဲလို့ရတယ်ဗျာ။

 

​လက်ဆောင်လာပေးတဲ့ကြက်တွေ

မသတ်ရက်လို့မွေးထားတာ

ကြက်ဥကလည်းရ

အကောင်ကလည်းပွား။

 

ဆေးဝါးရှားတယ်ဆိုပေမယ့်

ချွေးထွက်များတော့

ကျန်းမာရေးကဒီရောက်မှ

ရန်ကုန်ထက်ကို ပိုမာနေသေး။

 

အဝတ်အစားကောင်းကောင်းမရှိပေမယ့်

နှလုံးသားကောင်းကောင်းတွေ

ဝတ်ဆင်ထားတဲ့သူတွေကိုသာ

တွေ့ရတဲ့နေရာ။

 

မိတ်ဆွေဟောင်းတွေကို

အမြဲသတိရပေမယ့်

ခုမှတွေ့ရတဲ့ ရဲဘော်ရဲဘက်တွေကလည်း

အသက်နဲ့ရင်းပြီးချစ်ကြခင်ကြတယ်။

 

မိန်းမနဲ့သားသမီးတွေဟာ

အမြဲဆင်းရဲတူတူ

ချမ်းသာတူတူ

စိတ်တူကိုယ်တူအနစ်နာခံနိုင်ကြောင်း

သိခွင့်ရခဲ့တယ်။

 

ဘဝမှာ

အသက်ရှင်နေထိုင်ရေးမှာ

ဘယ်အရာတွေကအဓိကကျပြီး

ဘယ်အရာတွေက

အပေါ်ယံဆိုတာသတိထားမိလာတယ်။

 

အမှန်တရားဘက်ကရပ်တည်ရင်

ဘယ်နေရာရောက်ရောက်

ဘယ်သူနဲ့တွေ့တွေ့

ဘယ်တော့မဆိုလိပ်ပြာသန့်ပြီး

မျက်နာမငယ်ရဘူးဆိုတာ

လက်တွေ့ကြုံရတယ်။

 

အခုထဲက

အမှန်တရားအရ

တရားမျှတခြင်းအရ

စိတ်ဓါတ်ခွန်အားအရ

အရှက်တရားအရ

ပြည်သူပါဝင်မှုအရ

အားလုံးပြည့်စုံစွာ

မတိုက်ခင်ထဲက

ကြိုအောင်မြင်နေတဲ့

ကျွန်တော်တို့တော်လှန်ရေးဟာလည်း

မကြာခင်အပြီးတိုင်

အောင်မြင်တော့မယ်။

 

ကဲ…….ကျွန်တော့်တို့အတွက်

ဘာလိုသေးလဲ။ဟု ရေးသားခဲ့ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *