D-Day ဆိုတာမျိုးက ဘယ်နေ့လို့ ကြိုသတင်းထွက်လေ့ မရှိသလို ကိုယ်လည်း မသိပါဘူးဟု ပန်ဆယ်လိုပြောကြား

D-Day နဲ့ ပတ်သက်တာတွေ ရေးဖို့ ကိုယ်ရှောင်လေ့ရှိတယ်။ ဘာလို့လဲဆိုတော့ ဒီစကားကို ခဏခဏ ရေးနေ၊ သုံးနေရင် တန်ဖိုးကျမှာ စိုးလို့ရယ်၊ D-Day ဆိုတဲ့ အသံကြားရင် ခွေးဝဲစား အက်ဆစ်ထိသလို ထွန့်ထွန့်လူးပြီး ပြည်သူကို နှိပ်စက်ကလူပြုတဲ့ အောက်တန်းစားတွေကြောင့် ဒီစကားလုံးကို တော်ရုံထည့်ရေးလေ့မရှိဘူး။

အခုနောက်ပိုင်း ပြည်သူတွေဟာ D-Day ကို အရမ်းစိတ်ဝင်စားမှု မြင့်တက်လာသလို စစ်အာဏာရူးတွေကို ဖြုတ်ချနိုင်ဖို့ D-Day ကို အမျှော်လင့်ကြီး မျှော်လင့်လာကြတယ်။ အဲ့လိုပဲ ဟိုနေ့က D-Day, ဒီနေ့က D-Day ဆိုတဲ့ ကောလာဟလတွေလည်း ပြည်သူတွေကြားမှာ ပျံ့နှံ့နေတယ်။

ပိုစိတ်ညစ်တာက ကိုယ့်ကို လာလာမေးကြတာပဲ။ 

ကိုယ်နားလည် သဘောပေါက်ထားတဲ့ D-Day အကြောင်း ပြောပြချင်ပါတယ်။ မြန်မာပြည်ရဲ့ သမိုင်းထဲမှာ ရုတ်တရက် သတိမထားမိတဲ့ D-Day ရှိခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းက ဖက်ဆစ်ဂျပန်ကို တော်လှန်ကြောင်း ကြေညာခဲ့တဲ့ ၁၉၄၅၊ မတ်လ ၂၇ရက်နေ့၊ ဖက်ဆစ်တော်လှန်ရေးနေ့ဟာ သမိုင်းထဲက D-Day ပါပဲ။

D-Day ဟာ တစ်ရက်တည်းလို့ မဆိုလိုပါဘူး။ ဒီနေ့ တိုက်ပြီး မနက်ဖြန် ဒီမိုကရေစီရတော့မယ်လို့ အတော်များများက မသိစိတ်က တွေးထင်မျှော်လင့်နေတာကိုလည်း ရင့်ကျက်ဖို့ ပြင်ဆင်ထားရပါမယ်။

D-Day မှာ တစ်နိုင်ငံလုံး ရရာလက်နက်ဆွဲကိုင် တော်လှန်ကြမယ်။ တညီတညာတည်း တိုက်ပွဲဝင်ကြမယ်ဆိုတာမျိုးက ဖြစ်လာနိုင်ပါတယ်။ ဖြစ်ဖို့လည်း အကုန်ကြိုးစားနေကြသလို ပြည်သူလူထုက တခဲနက် ပါဝင်မယ်ဆိုတာလည်း ယုံမှားသံသယ ရှိစရာ မရှိပါဘူး။

ဒါပေမယ့် D-Day ဟာ တစ်ရက်တည်းနဲ့ အောင်ပွဲခံနိုင်တာမျိုးလည်း ဖြစ်လာနိုင်သလို D-Day ကစ တိုက်ပွဲဝင်ရတော့မှာလည်း ဖြစ်နိုင်ပါတယ်။ နောက်ဆုံးမှာ ပြည်သူကသာ အောင်ပွဲခံမှာပါ။

D-Day ခေါ်ပြီး မနက်ဖြန် ဒီမိုကရေစီရ၊ ပြည်သူတွေ လမ်းပေါ်ထွက်ကကြဆိုတာ နည်းနည်းတော့ ဘောလိဝုဒ် ဆန်ပါတယ်။ စိတ်ကူးယဉ်လို့ ကောင်းပေမယ့် အခုအချိန်မှာ တကယ့်reality ကို သိမြင်ထားဖို့ လိုအပ်လာချိန်ပါ။ ဘာလို့ လိုအပ်တာလဲဆိုတော့ D-Day ဟာ ရောက်ကိုရောက်လာမှာမို့ပါ။ ဒါ့ကြောင့် မကြိုက်လည်း သည်းခံဖတ်ပေးပါ။

D-Day ဟာ စစ်ပွဲကို စလိုက်တာပါ။ အဲ့အချိန်မှာ ပုံမှန်အခြေအနေမျိုး ဖေ့စ်ဘုတ်မှာ စိတ်ပူကြ၊ Speak Out လုပ်ကြဖို့ အခြေအနေလည်း ရှိချင်မှ ရှိမှာပါ။ မအလတွေဟာ ဆက်သွယ်ရေးကွန်ယက်တွေကို ဖြတ်တောက်ထားနိုင်သလို ဖြတ်လေးဖြတ် ဖြတ်မှာကိုလည်း ကြိုတင်ပြင်ဆင်ထားရပါမယ်။ တိုင်းရင်းသားဒေသတွေမှာ ဖြစ်ခဲ့တဲ့ စစ်မြေပြင်ဟာ မြို့တွေပေါ်ကို ရောက်လာနိုင်ပါတယ်။

အခုအချိန်ကစပြီး စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ကြရပါမယ်။ စစ်ဆိုတာကို စိတ်ထဲက နှစ်နှစ်ကာကာ လက်ခံရပါမယ်။ နှစ်ဖက်တိုက်ပွဲဖြစ်တဲ့အတွက် အကျအဆုံးတွေမှာ ကိုယ့်ဘက်က လူတွေလည်း ပါနိုင်သလို ကိုယ်ချစ်ခင်ရသူတွေလည်း ပါသွားနိုင်ပါတယ်။

အထိအခိုက်အနည်းဆုံး D-Day ဖြစ်ဖို့ ခေါင်းဆောင်တွေ ကြိုးပမ်းနေကြတယ်လို့ သတင်းပေးပါရစေ။ ဒါပေမယ့် အဆိုးဆုံးထိ စိတ်ကို ကြိုတင်ပြင်ဆင်ထားရပါမယ်။ စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်ပြီး တည်တည်ငြိမ်ငြိမ်ဖြတ်သန်းနိုင်ဖို့က ဒီတိုက်ပွဲမှာ အများကြီး အရေးကြီးပါတယ်။

စစ်ဖြစ်တော့မယ်လို့ ခံယူထားပါ။ နေရာအနေအထားအလိုက် ကိုယ်ဘယ်က ပါဝင်မလဲ ကြိုတွေးထားပါ။ စစ်ဖြစ်ရင် ဘယ်လိုရင်ဆိုင်မယ်၊ ဘာတွေ ပြင်ဆင်မယ်ဆိုတာ ကြိုစီစဉ်ထားပါ။ အရေးပေါ်ကုသနည်းတွေ လေ့လာပါ။ လိုအပ်မယ့်ဆေးဝါးတွေ တစ်နိုင်စာ ကြိုတင်ပြင်ဆင်ပါ။ မီးမလာ ရေမလာရင်တောင် ဗိုက်ဝအောင် စားလို့ရမယ့် ရိက္ခာ စုဆောင်းပါ။ နေရာစွန့်ခွါရမယ်ဆို လိုအပ်တဲ့ အရေးကြီးပစ္စည်းအိတ် တစ်နိုင်စာ ပြင်ဆင်ပါ။ သတင်းအချက်အလက်တွေရဖို့ ရေဒီယို ဆောင်ထားပါ။

D-Day ဆိုတာမျိုးက ဘယ်နေ့ဟေ့လို့ ကြိုသတင်းထွက်လေ့ မရှိပါဘူး။ ကိုယ်လည်း မသိပါဘူး။ ဒါပေမယ့် လာမယ် ကြာမယ် မဟုတ်ဘူး။လာကို လာမယ်။ အရမ်းကြီး မကြာလောက်ဘူး။ ဒီ့ထက်လည်း ကိုယ်မသိဘူး။ သိလည်း မပြောဘူး။D-Day ဟာ ဘယ်နေ့ဖြစ်ဖြစ် ရောက်လာချိန် အဆင်သင့်ဆိုတဲ့စိတ်နဲ့ ကြိုတင်ပြင်ဆင်ကြဖို့ပါပဲ။ဟုရေးသားခဲ့ပါသည်။

 

Leave a Reply

Your email address will not be published. Required fields are marked *