ဝါဆိုဝါခေါင်ရေတွေကြီးပေမယ့် ရန်ကုန်မြို့ကြီးလှေမစီးရတော့ဘူးလို့ နစက စစ်ကောင်စီရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးလှစိုးပြော

ဝါဆိုဝါခေါင်လများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်တတ်သည့် ရန်ကုန်မြို့တွင် ယခုနှစ်၌ ဝါဆိုဝါခေါင်လများတွင် ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရန် နှင့် ဖြစ်ပွားမှုများ ရှိလာပါကလည်း ရန်ကုန်မြို့ကြီးတွင် လှေမစီးရအောင် ဆောင်ရွက်ထားကြောင်း စစ်ကောင်စီရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးလှစိုးက ၎င်း၏ လူမှု့ကွန်ယက် စာမျက်နှာတွင် ရေးသားထား‌ေကြာင်းသိရှိရပါသည်။

ရန်ကုန်မြို့သည် ဝါဆိုဝါခေါင်လများတွင် မြစ်ရေကြီးမှုများ ဖြစ်ပေါ်တတ်သည့်အတွက် ရန်ကုန်မြို့တွင်းရှိ မြစ်များနှင့် ချောင်းများကိုလည်း စောင့်ကြည့်မှုများ ပြုလုပ်လျက်ရှိကြောင်း စစ်ကောင်စီရန်ကုန်တိုင်းဝန်ကြီးချုပ် ကဆိုပါသည်။

“သတင်းအချက်အလက်စုဆောင်းမှု့၊ လူမှန်နေရာမှန်စုဖွဲ့မှု၊ ကယ်ဆယ်ရေးယာဥ်များလှေများအပါအဝင် ချိန်းစောတွေ၊ ပေါက်တူးဂေါ်ပြားတွေ၊ သဲအိတ်တွေစတဲ့လက်နက်တပ်ဆင်မှု၊ကြိုတင်ပြင်ဆင်မှု ဇာတ်တိုက်လေ့ကျင့်မှုစတဲ့အင်္ဂါရပ်တွေနဲ့ ပြည့်စုံတဲ့ရန်ကုန်တိုင်းဒေသကြီးသဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေးစီမံခန့်ခွဲမှုကော်မတီနဲ့ လုပ်ငန်းကော်မတီအဆင့်ဆင့်က ရန်ကုန်တိုင်းနေ မိဘပြည်သူတွေကိုကူညီဖို့အသင့်ရှိနေပါကြောင်း၊ ဝါဆိုဝါခေါင်ရေတွေကြီးပေမယ့် ရန်ကုန်မြို့ကြီးလှေမစီးရတော့ပါဘူးလို့” ဟု စစ်ကောင်စီရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးလှစိုးက ၎င်း၏ လူမှု့ကွန်ယက်စာမျက်နှာတွင် ရေးသားခဲ့သည်။

ရန်ကုန်တိုင်းအတွင်း ယင်းသို့ ရေကြီးရေလျှံမှုများဖြင့် တွေ့ကြုံရပါက ရန်ကုန်တိုင်းဒေသကြီး ရှိ ပြည်သူများအနေဖြင့် လှေစီးရမည်ကို မိမိ အနေဖြင့်စိုးရိမ်ပြီး အကျိုးဆက် နောက်ဆက်တွဲ အခြေအနေများ ပါဝင်လာမည်ကို စိုးရိမ်သည့်အတွက် ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်ကြောင်း စစ်ကောင်စီရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးလှစိုးက ဆိုပ့သည်။

“ကျွန်တော်စိုးရိမ်တာက ဝါခေါင်လပြည့်ချိန်ရန်ကုန်မြစ်မှာ နှစ်စဥ်ပင်လယ်ဒီရေအမြင့်ဆုံးတက်လေ့ရှိတော့ ပင်လယ်ဒီရေထောက်တဲ့ရက်နဲ့အပေါ်ကမြစ်ရေ ချောင်းရေတွေဆင်းလာချိန်မှာဒေသတွင်းမှာလည်း မိုးတွေသွန်ချသလိုသာရွာခဲ့ရင် ရန်ကုန်တိုင်းကပြည်သူတွေ လှေစီးနေရမှာကိုပေါ့။ ကယ်ဆယ်ရေးရွှေ့ပြောင်းရေးတွေလုပ်ရလိမ့်မယ်။ မိုးရေကြောင့်အအေးမိပြီးကိုဗစ် ၁၉ ရောဂါတွေလည်း ဖြစ်နှုန်းတိုးလာလိမ့်မယ်။ စပါးခင်းတွေပျက်စီးဆုံးရှုံးလိမ့်မယ်။ တိရိစ္ဆာန်တွေဘေးလွတ်ရာရွှေ့ပြောင်းရတော့မယ်။ သူတို့အတွက်အစားအစာတွေရှားပါးခက်ခဲလိမ့်မယ်။မြွေဆိုးအန္တရာယ်တွေရှိလာလိမ့်မယ်။ သောက်သုံးရေတွေခက်ခဲလိမ့်မယ်။ ဝမ်းရောဂါအပါဝင်ရောဂါဘယတွေနှိပ်စက်လိမ့်မယ်။လမ်းတံတားတွေပျက်စီး၊ တာဝါတိုင်တွေပြိုလဲလျှပ်စစ်မီးတွေနဲ့ဖုန်းလိုင်းတွေပြတ်တောက်နဲ့တွေးတောင်မတွေးရဲဘူး” ဟု စစ်ကောင်စီ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးလှစိုးက၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားသည်။

လက်ရှိတွင် ရန်ကုန်တိုင်းအတွင်း သဘာဝဘေးအန္တရာယ်ကြုံလာပါကရင်ဖြေရှင်းနိုင်ရန်အတွက်မိုးမကျမီ ကြိုတင်ပြင်ဆင်ထားပြီး၊ ရန်ကုန်မြို့ရှိ ရေထုတ်မြောင်း၄၂ပေါက်ကအမှိုက်များကို ရှင်းလင်းဆယ်တင်ထားကြောင်း ၊ ကယ်ဆယ်ရေးလုပ်ငန်း နှင့် ကယ်ဆယ်ရေးပစ္စည်းများကို ကြိုတင် ပြင်ဆင်များဆောင်ရွက်ထားကြောင်း၊ အရေးပေါ်ဖြစ်ပွားပါကသဲအိတ်တွေအသင့်။ ရေတံခါးတွေဖွင့်နိုင်ပိတ်နိုင်အောင်ဇတ်တိုက်လေ့ကျင့်ထားပြီးမြို့တွင်းကရေတွေတမံတဖက်ခြမ်းမြစ်ဖက်ကိုအားကောင်းတဲ့ရေစုပ်စက်ကြီးတွေနဲ့စုပ်ထုတ်ဖို့တပ်ဆင်ထားကြောင်းဟု စစ်ကောင်စီရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးလှစိုးက၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *