၃ ရက်ကြာ နစက စစ်‌ေကာင်စီတပ်မှ လက်နက်ကြီးစမ်းသတ်ပစ်ခတ်မှု့ ပြုလုပ်မည်ဖြစ်

Unicode :ဩဂုတ်လ ၂၂ ရက်နေ့။

ရခိုင်ပြည်နယ်ရှိ စစ်တွေမြို့နယ်နှင့် ပေါက်တောမြို့နယ်ရှိ ပင်လယ်ရေပြင်နယ်နိမိတ်တို့တွင် နစက စမ်းသပ်ပစ်ခတ်မှုများ ပြုလုပ်မည်ဖြစ်၍ ဒေသငါးဖမ်းလှေများအား ငါးဖမ်းမထွက်ကြရန် သတိ‌ပေးထုတ်ပြန်ထားကြောင်း ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ သိရှိရပါသည်။

ပင်လယ်ရေပြင်အတွင်း လက်နက်ပစ်ခတ်မှုများမှာ ပြုလုပ်မည်ဖြစ်ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူး ရုံးမှ အကြောင်းကြားစာရောက်၍ ငါးဖမ်းလှေများကို သတိပေးလိုက်ရခြင်းဖြစ်ကြောင်း ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန၏ ဦးစီးမှူး ဦးသက်ဦး က Eighty 8 Burmese News ကိုပြေကြားခဲ့သည်။

“ပင်လယ်ပြင်မှာလက်နက်ကြီးပစ်ခတ်မှုတွေပြုလုပ်မှာကြောင့် ဒေသငါးဖမ်းလှေတွေကို ပင်လယ်ထဲငါးဖမ်းမထွက် ဖို့အကြောင်းကြားထားတာဟုတ်ပါတယ်။ အစိုးရအဖွဲ့ရုံးတွေကနေတစ်ဆင့်အကြောင်းကြားတာ လို့သိရပါတယ်။ ကျနော်တို့ကိုတော့ ခရိုင်အုပ်ချုပ်ရေးမှူးရုံး တွေကနေပြောတာဖြစ်ပါတယ်။ နေရာကတော့ ပေါက်တောနဲ့ စစ်တွေ ဘက်နယ်နိမိတ်တွေပါ” ဟုပြောပါသည်။

ရေပြင်သို့ ငါးဖမ်းမထွက်ကြရန် ယမန် ဩဂုတ် ၂၁ ရက်နေ့ကအကြောင်းကြားထားပြီး ၃ ရက်ကြာစမ်းသတ်ပစ်ခတ်မှုပြုလုပ်မည်ဟု လည်းပါရှိကြောင်း ပစ်ခတ်မည့်နေရာမှာ ငါးဖမ်းထွက်သည့်နေရာနှင့်နီးသောကြောင့် အသိပေးလာခြင်းဖြစ်သည်ဟု ပေါက်တောမြို့နယ် ဆင်တမော်ကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးလှထွန်းစိန် ကပြောသည်။

“မနေ့ကစပြီး ငါးလုပ်ငန်းဦးစီးဌာနကအကြောင်းကြားလာတာပါ။ ၂၁ ရက်နေ့ကနေစတာ ၃ ရက်ကြာမယ်လို့ပြောတယ်။ ရွာက ငါးဖမ်းထွက်တဲ့သူတွေကိုတော့ အကုန်ပြောထားပြီ။ သူတို့က သဲချောင်းဘက်ကနေ ၁၀ မိုင်အကွာကို နေဗီ(စစ်ရေယာဉ်) တွေကနေပြီး လက်နက်ကြီးစမ်းပစ်မှာလို့ပြောတယ်။ ကျနော်တို့က အဲဖက်ကိုငါဖမ်းထွက်ကြတာ။ အဲဒါကြောင့် အထိခိုက်ရှိနိုင်လို့ သတိပေးထားတာနေမှာပေါ့” ဟုဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သတ်၍ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရအား ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်လို့ မရရှိခဲ့ပေ။

ရခိုင်ပြည်နယ်တွင် ယခုလပိုင်းအတွင်း မြန်မာ့စစ်တပ်မှ လုံခြုံရေးတင်းကျပ်မှုနှင့် ဒေသတွင်းစစ်ဆေးမေးမြန်းမှုများ ကို ဒေသလုံခြုံရေးဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များနှင့်ပူပေါင်း၍ လုပ်ဆောင်မှုများရှိနေပြီး ယခုတစ်ဖန် ပင်လယ်ပြင်အတွင်း လက်နက်ကြီး စမ်းသတ်ပစ်ခတ်မှုများပြုလုပ်မည့်အပေါ် ဒေသခံများက ဝေဖန်နေကြသည်။

ဓာတ်ပုံ-၂၀၁၇ ခုနှစ်တွင် စစ်ရေယာဥ်တပ်ပေါင်းစု စုပေါင်းလေ့ကျင့်ခန်းလုပ်စဉ်

Leave a Reply

Your email address will not be published. Required fields are marked *