သူငယ်ချင်းဖြစ်သူပိုပိုအကြောင်းကို စိတ်မကောင်းစွာပြောပြလာတဲ့ အဆိုတော်ဟိဏ်းသစ်

ဂီတ လောကမှာ ပရိသတ် အခိုင်အမာ ကိုယ်စီရရှိထားတဲ့ ဟိဏ်းသစ်နဲ့ ပိုပို ကတော့ အချစ်ရဆုံးသူငယ်ချင်းတွေဆိုတာ သိရှိပြီးဖြစ်မှာပါ။ အရင်ထဲက သီချင်းတွေလည်း အတူတူလုပ်ခဲ့ကြသလို ပွဲတွေ အလှူတွေဆိုရင်လည်း စိတ်တူကိုယ်တူ တက်ရောက် လျက်ရှိတာလည်းဖြစ်ပါတယ်။ ဒီနေ့မှာတော့ ဟိဏ်းသစ်က သူငယ်ချင်းဖြစ်သူ ပိုပိုရဲ့မွေးနေ့လေးအတွက် အလှူအတန်းများပြုလုပ်ပေးဖြစ်ခဲ့ပါတယ်။

ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ ပိုပိုအတွက် စိတ်မကောင်းဖြစ်ကာ ယူကြုံးမရဖြစ်ရတဲ့ အကြောင်းကိုလည်း ခုလိုရေးသားဖော်ပြလာပါတယ်။သူနဲ့စသိခဲ့တာ ကျနော့်ပထမဆုံးအခွေ၊ သူ့ပထမဆုံးအခွေ စည်ပင်ကြော်ငြာဘုတ်အတွက် စည်ပင်ရုံးမှာ ကိုယ်တိုင်စာရွက်လေးတွေကိုင်ပြီး လူကြီးကိုမတ်တပ်ရပ်စောင့်ရတဲ့အချိန်မှာပေါ့။

သူလည်း နိုင်ငံကျော်မဟုတ်သေးဘူး။ ကျနော်လည်း ဘာမှမဟုတ်သေးဘူး။ နှစ်ယောက်သား မျက်စိသူငယ်နားသူငယ်နဲ့ စည်ပင်လူကြီးက မရောက်သေးလို့၊ ထမင်းစားနားလို့၊ tea time မို့လို့ဆိုပြီး ခွင့်ပြုကြောင်းလက်မှတ်မထိုးပေးချိန်မှာ အပြင်မှာထိုင်စရာမရှိ မတ်တပ်ရပ်စောင့်ရတဲ့အချိန်။ ကျနော်တို့ ယောက်လုံးက ကိုယ်တိုင်စာရွက်လေးတွေကိုင်ပြီး လက်မှတ်ထိုးရတာပေါ့။ အဲ့ချိန်စကားတွေပြော၊ ရင်တွင်းဖြစ်တွေပြောရင်း ရင်းနှီးခဲ့ကြတယ်။

နောက်ပိုင်း ပရိုမိုးရှင်းပွဲတခုကအပြန် သူကပွဲလာတော့ ဝတ်စား စားထားတာပေါ့။ ပြန်မယ်လုပ်တော့ သူ့မှာကားကလည်းမရှိ၊ taxi ကလည်းမစီးနိုင်၊ သူ bus ကားနဲ့ပြန်မယ်ပြောတော့ ကျနော်က မလုပ်ပါနဲ့ ကျနော်လိုက်ပို့မယ်ဆိုပြီးလိုက်ပို့ပြီး ရင်းနှီးမှုတွေပိုရခဲ့ပါတယ်။၂ယောက်စလုံးက စသိထဲက အရင်ထဲကသိတဲ့လူရင်းတွေလို၊ ပွင့်လင်းရင်းနှီးပြီး စိတ်ရှင်းရှင်းနဲ့ပေါင်းခဲ့တယ်။ တယောက်နဲ့တယောက် သာတယ် နာတယ်မရှိပဲ ကူညီဖေးမခဲ့တယ်။သူငယ်ချင်းတွေအပေါ် သူမှာရှိတာအကုန်စား၊ သူမှာရှိတာယူ၊ လိုအပ်တာမငြီးမညူ ကူညီပြီး အရမ်းကောင်းခဲ့တဲ့သူ။

မရှိ ဆင်းရဲသားနဲ့ အဖိုးအဖွားတွေတွေ့ရင် သူ့မှာရှိသမျှ ဟင်းဖိုး ဆွမ်းလောင်းဖိုးအတွက်ကလွဲရင် အကုန်လှူ၊ မရှိရင် ချေးငှားပြီးလှူတဲ့ထိ အလှူအတန်းရက်ရောတဲ့ ကျနော့်သူငယ်ချင်းပါ။ နှစ်တိုင်းနီးပါးတူတူ ဖြတ်သန်းခဲ့တဲ့ သူ့မွေးနေ့မှာ ဒီနှစ်သူနဲ့တူတူမဖြတ်သန်းရဘူး။ သူ ဒီနှစ်မွေးနေ့မှာ အလှူအတန်းတွေမလုပ်နိုင်ဘူး။ သူအဆင်ပြေရဲ့လား??သူငယ်ချင်းတစ်ယောက်အနေနဲ့ စိတ်အတော်မကောင်းဘူး။

ယူကြုံးမရဖြစ်တယ်။ ဝမ်းနည်းတယ်။ သူ့အတွက် သူ့အစား ဒီနှစ်မွေးနေ့မှာ ဘုန်းကြီးကျောင်းကို ဆွမ်းနဲ့သစ်သီးတွေ လှူဒါန်းပေးခဲ့တယ်။ သူ ပြန်လာရင် ဘယ်လောက်သတိရကြောင်းပြောရမယ် ခုလှူဒါန်းတဲ့ ကောင်းမှုကုသိုလ်ကြောင့် အဆင်ပြေအေးချမ်းပါစေ။ နေကောင်းကျန်းမာပါစေ။ အမြန်ပြန်လာပါစေ။ ပြည်သူများလည်းဘေးအန္တရာယ်ကင်းဝေးပါစေလိုရေးသားဖော်ပြထားရာ ပရိသတ်ကြီး အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *