NUG နဲ့ ပူးပေါင်းဆောင်ရွက်ပေးဖို့ အာဆီယံ မြန်မာအထူးသံတမန်ကို ဒေါ်ဇင်မာအောင် တောင်းဆို

လူသားချင်း စာနာထောက်ထားပေးရေး လုပ်ငန်းတွေနဲ့ ကိုဗစ်ကပ်ရောဂါ တိုက်ဖျက်ရေး လုပ်ငန်းတွေမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ပူးပေါင်းဆောင်ရွက်ပေးဖို့ အာဆီယံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အဖြစ် ခန့်အပ်ခံရတဲ့ ဘရူနိုင်း ဒုနိုင်ငံခြားရေးဝန်ကြီးကို NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဩဂုတ်လ ၅ ရက်နေ့မှာ သဝဏ်လွှာပေးပို့ တောင်းဆိုလိုက်ပါတယ်။

“ဒီအချက်ကို အာဆီယံရဲ့ ထိပ်တန်းဦးစားပေးအဖြစ် ဆောင်ရွက်ပေးနိုင်ဖို့ ပန်ကြားလိုပါတယ်” လို့ ဘရူနိုင်း ဒုနိုင်ငံခြားရေးဝန်ကြီးကို ပေးပို့တဲ့ သဝဏ်လွှာမှာ ရေးသားထားပါတယ်။

ကိုဗစ်တိုက်ဖျက်ရေး အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်ရာမှာ AHA စင်တာနဲ့ အတူတကွပူးပေါင်း ဆောင်ရွက်မှုတွေကနေတဆင့် နှစ်ဘက်ပူးပေါင်းဆောင်ရွက်လိုကြောင်းလည်း သဝဏ်လွှာမှာ ရေးသားတောင်းဆိုထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အဖြစ် ခန့်အပ်ခံရတဲ့ ဘရူနိုင်း ဒုနိုင်ငံခြားရေးဝန်ကြီးကို NUG က ကြိုဆိုကြောင်းနဲ့ မြန်မာပြည်သူတွေ ကြုံနေရတဲ့ အခြေအနေတွေကို ပြောင်းလဲရာမှာ ဘရူနိုင်းနိုင်ငံရဲ့ အာဆီယံအတွင်း ဦးဆောင်မှုဟာ အရေးပါကြောင်းလည်း ဆိုပါတယ်။

အာဆီယံနဲ့ ဆက်စပ်အစည်းအဝေးတွေမှာ စစ်ကောင်စီက မြန်မာကိုယ်စားပြု ဆက်လက်တက်ရောက်နေတာကို တွေ့ရတဲ့အတွက် စိုးရိမ်မိကြောင်းလည်း ပြောထားပါတယ်။

စစ်ကောင်စီဟာ အာဆီယ့ပဋိဉာဉ် အပိုဒ် (၁) နဲ့ အပိုဒ် (၂) ပါ ပြဌာန်းချက်တွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ပြီး မြန်မာပြည်သူတွေအပေါ် ခြိမ်းခြောက်နေတဲ့ လုပ်ရပ်ဟာ အာဆီယံအဖွဲ့ကြီးရဲ့ ရည်ရွယ်ချက်နဲ့ အခြေခံမူတွေကို မျက်ကွယ်ပြုရာရောက်နေတယ်လို့လည်း သဝဏ်လွှာမှာ ရေးထားပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေဟာ ယိုယွင်းပျက်စီးလာနေတဲ့ လူသားချင်း စာနထောက်ထားမှုဆိုင်ရာ အခြေအနေတွေကို ဖြစ်စေပြီး စစ်ကောင်စီလက်ထက် ကိုဗစ်ပျံ့နှံ့ကူးစက်မှု အရှိန်မြင့်လာနေတာကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်တွေနဲ့ ကိုဗစ်ကပ်ရောဂါ တိုက်ဖျက်ရေးမှာ အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ NUG က အသင့်ရှိကြောင်း သဝဏ်လွှာမှာ ရေးသားထားပါတယ်။

 

Leave a Reply

Your email address will not be published. Required fields are marked *