မင်းအောင်လှိုင်၏ ရွေးကောက်ပွဲကျင်းပမည့် အစီအစဉ်ကို ပယ်ချ၍ မြန်မာကို ဖိအားပိုပေးရန် အာဆီယံကို ကန် တောင်းဆို

မြန်မာဆိုင်ရာအထူးကိုယ်စားလှယ်ကို ခန့်အပ်ရန် အာဆီယံကိုတိုက်တွန်းလိုက်စဉ်တွင် အာဏာသိမ်း စစ်အုပ်စုသည် နှစ်နှစ်အတွင်း ရွေးကောက်ပွဲကျင်းပပေးမည်ဟု ပြောသည်မှာ အချိန်ဆွဲနေခြင်းသာဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တွန်နီ ဘလင်ကန် (Antony Blinken) က ဩဂုတ် ၂ ရက်တွင်ပြောလိုက်သည်။

ဘလင်ကန်သည် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများပါဝင်သည့် ရက်သတ္တပတ်ကြာ စည်းဝေးပွဲများကို ရုပ်သံမှတဆင့် ပါဝင်တက်ရောက်နေပြီး အရှေ့တောင် အာရှဒေသသည် သမ္မတ ဘိုင်ဒင် အုပ်ချုပ်ရေးအဖွဲ့၏ အမေရိကန် နှင့် တရုတ်အကြား ယှဉ်ပြိုင်ရာ နောက်ဆုံးမျက်နှာစာတစ်ခုဖြစ်လာနေသည်။

ယခုကဲ့သို့ အာဆီယံထိပ်တန်းအဆင့်အရာရှိများ၏ဆွေးနွေးပွဲမတိုင်ခင်တွင် မြန်မာအာဏာ သိမ်းစစ်အုပ်စုခေါင်းဆောင်က ရွေးကောက်ပွဲကို ကျင်းပ ပေးမည် ဖြစ်ကြောင်းနှင့် ဖေဖေါ်ဝါရီ ၁ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်၏ အရပ်သား အစိုးရကိုဖြုတ်ချပြီးနောက် ထုတ်ပြန်ခဲ့သည့် အရေးပေါ်ကာလကိုလည်း ၂၀၂၃၊ ဩဂုတ်ထိ တိုးလိုက်ကြောင်းကြေငြာခဲ့သည်။

“မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်က သူရဲ့ ကိုယ်ကျိုးစီးပွားအတွက် အချိန်ကို ဆွဲလိုတာကြောင့် အခုလိုကြေညာတယ်ဆိုတာ ရှင်းနေပါတယ်။ ဒါက အာဆီယံရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို အရှိန်မြှင့်လုပ်ဆောင်ဖို့ တောင်းဆိုရာ ရောက်ပါတယ်။ အာဆီယံအနေနဲ့ မြန်မာ့အရေးကို အာရုံစိုက်ပြီး စစ်ခေါင်းဆောင်နဲ့ သဘောတူရယူထားတဲ့ သဘောတူညီချက် ၅ ရပ်ကို အတည်ပြုအသက်သွင်းရပါမယ် “ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ဆိုခဲ့သည်။

“စစ်ခေါင်းဆောင်ရဲ့ ကြေညာချက်က ကျွန်တော်တို့ကို လမ်းကြောင်းမှန်ပေါ် ခေါ်သွားနေတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ကုလ နဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ တောင်းဆိုချက်တွေဖြစ်တဲ့ မြန်မာမှာ ဒီမိုကရေစီအုပ်ချုပ်ရေးကို ပြန်လည် ဖေါ်ဆောင်ပေးဖို့၊ နိုင်ငံရေးအကျဉ်းသမားများအားလုံးကို လွှတ်ပေးဖို့၊ အကြမ်းဖက်ဖြိုခွင်းမှုတွေကို ရပ်တန့်ပေးဖို့ဆိုတာတွေနဲ့ သူ့ကြေညာချက်က တခြားစီဖြစ်နေပါတယ်” ဟု ကုလ ပြောခွင့်ရပုဂ္ဂိုလ် စတီဖင် ဒူဂျာရစ် (Stephane Dujarric) ကလည်း ဆိုခဲ့သည်။

အာဏာသိမ်းပြီး ၆ လကြာကာလကို ၎င်းက “မြန်မာ၏ ပြိုကွဲလုမတက် မရေမရာ” ကာလများဟု ဆိုခဲ့ပြီး ကိုဗစ်-၁၉ ကပ်ရောဂါဘေးကြောင့် အခြေအနေများမှာ ပိုမိုဆိုးရွားလာကာ “ဒေသတွင်းတည်ငြိမ်မှုကို ခြိမ်းခြောက်နေတယ်” ဟု ဆိုခဲ့သည်။

“အီလေးဆွဲနေတဲ့ ဒီဘေးအကျပ်အတည်းကြောင့် မြန်မာပြည်သူတွေရဲ့ ပညာရေး၊ ကျန်းမာရေး နဲ့ ကိုဗစ်-၁၉ ရောဂါကို တိုက်ခိုက်မှုအပါအဝင် လူသားခြင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးမှုအပေါ်ကိုပါ ထိခိုက်မှုတွေရှိ နေပါတယ်။ ဒါက တကယ်တော့လည်း မြန်မာပြည်သူတွေရဲ့အခြေခံအခွင့်အရေးဖြစ်တဲ့ သူတို့ကိုယ်သူတို့ ဖေါ်ပြခွင့် နဲ့ သူတို့ကိုယ် ကိုယ်စားပြုတဲ့အစိုးရတစ်ရပ်ကို ရွေးချယ်ခွင့်တွေကို ထိခိုက်စေခဲ့တာပါ။ ကျွန်တော်တို့ ကတော့ တစ်စည်း တစ်လုံးတည်းဖြစ်သော နိုင်ငံတကာတုန့်ပြန်မှုတွေကို ထိပ်တန်းမှာထားပြီး ဆောင်ရွက်နေပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *