စင်္ကာပူက မြန်မာသို့ ကန်ဒေါ်လာ ၁ သိန်းလှူဒါန်းမည်

ဩဂုတ် ၃။

အာဆီယံက မြန်မာကိုပေးမည့် လူသားခြင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့သို့ စင်္ကာပူက အမေရိကန်ဒေါ်လာ ၁၀၀,၀၀၀ ကို လှူဒါန်းသွားမည်ဖြစ်ကြောင်း ဒေသတွင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံဆွေးနွေးပြီးနောက် စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဗီဗီယံ ဘလာခရစ်နန် (Dr. Vivian Balakrishnan) က တနင်္လာနေ့ (ဩဂုတ် ၂) တွင် ပြောခဲ့သည်။

“ကျွန်တော်တို့ မြန်မာ့အရေးကိုဆွေးနွေးခဲ့ပါတယ်။ စိုးရိမ်ပူပန်မှုတွေတော့ ကျန်ရှိနေဆဲပါ။ ၂၀၂၁ ခုနှစ်၊ ဧပြီ ၂၄ က မြန်မာ့အရေးအာဆီယံထိပ်သီးဆွေးနွေးပွဲမှာ မြန်မာစစ်ခေါင်းဆောင်နဲ့ရယူခဲ့တဲ့ အာဆီယံ ဘုံ သဘောတူညီချက် ၅ ရပ် ကို လျင်လျင်မြန်မြန်နဲ့ထိထိရောက်ရောက် အကောင်အထည်ဖေါ်ပေးဖို့ကိုလည်း ကျွန်တော်တို့ တောင်းဆိုခဲ့ပါတယ်” ဟု စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးက အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ၏ရုပ်သံအစည်းအဝေးတက်ရောက်ပြီးနောက် ၎င်း၏ fb စာမျက်နှာတွင်ရေးသားခဲ့သည်။

မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက် ငါးချက်မှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ရန်၊ မြန်မာ ပြည်သူတွေရဲ့ အကျိုးအတွက် ငြိမ်းချမ်းတဲ့နည်းနဲ့ အဖြေရှာရေးအတွက် သက်ဆိုင်ရာအင်အားစု အဖွဲ့အစည်းအားလုံးနဲ့ အပြုသဘော တွေ့ဆုံဆွေးနွေးရန်၊ ဒီဆွေးနွေးမှုတွေ ဖြစ်ပေါ်ရေးအတွက် အာဆီယံအသင်းဥက္ကဋ္ဌရဲ့ အထူးသံတမန်က ကြားဝင်ကူညီပေးရန်၊ လူသားချင်းစာနာမှု အကူအညီတွေကို အာဆီယံကပေးရန်နှင့် အာဆီယံအထူးသံတမန်နှင့် ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံကို လာပြီး နိုင်ငံအတွင်း လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများတွင် သက်ဆိုင်တဲ့ အင်အားစု အဖွဲ့အစည်းအားလုံးနဲ့ တွေ့ဆုံရန်တို့ ပါဝင်သည်။

Leave a Reply

Your email address will not be published. Required fields are marked *