မနေ့ညက စမ်းချောင်း ဖမ်းဆီးခြင်းခံရသောလူငယ် ၁၅ ဦးအနက် ၁၁ ဦးပြန်လွှတ်ပြီး ၄ ဦးကို ဆက်ဖမ်းထား

စမ်းချောင်းမြို့နယ်တွင် သြဂုတ် ၂ ရက်နေ့ညက စစ်တပ်၏ ဖမ်းဆီးခြင်း ခံခဲ့ရသော လူငယ် ၁၅ ဦးအနက် ၁၁ ဦးကို ပြန်လွှတ်ပေးပြီး ၄ ဦးကို ဆက်လက်ဖမ်းဆီး ချုပ်နှောင်ထားဆဲ ဖြစ်ကြောင်း သိရသည်။

“အဖမ်းခံရတဲ့သူ စုစုပေါင်းက ၁၅ဦး။ ညကစမ်းချောင်းရဲစခန်း အချုပ်မှာထားတယ်။၁၅ ယောက်ထဲက သံပုံတီးတဲ့သူရယ်၊ ဧည့်စာရင်းမတိုင်တဲ့ သူတွေကို ပြန်လွှတ်ပေးလိုက်တယ်။ ကျန် ၄ ဦးကိုတော့ ဆက်ချုပ်ထားတယ်” ဟု ပြန်လွတ်မြောက်လာသူ တဦးက MPA သို့ ပြောသည်။

၎င်းညတွင် စစ်တပ်မှ တိုက်ခန်းများထဲအထိ ဝင်ရောက်ရှာဖွေပြီး အင်္ဂပူလမ်းမှ တဦး၊ ဇလွန်လမ်းမှ ၄ ဦး၊ သံတံတားလမ်းမှ ၁၀ ဦးဖမ်းဆီးခြင်း ခံခဲ့ရသည်။

စစ်တပ်ကတိုက်များကို တံခါးဖွင့်ခိုင်းခြင်း၊ ဒူးထောက်ပြီး သံပုံးတီးခိုင်းခြင်း၊ အထပ်မြင့်တိုက်များရှိ ခေါင်းလောင်းကြိုးများ ဆွဲခြင်းများပြုလုပ်ပြီး လူအချို့ကို ဖမ်းဆီးခဲ့သည်။

စစ်တပ်အနေဖြင့် လတ်တလောတွင် မြို့ကြီးအတော်များများတွင် ယာဥ်များ၊ နေအိမ်များနှင့်လက်ကိုင်ဖုန်းများကို ပိုက်စိပ်တိုက် စစ်ဆေးခြင်းများပြုလုပ်ပြီး ဖမ်းဆီးမှုများပြုလုပ်သည်။

စစ်တပ်၏ ပိုက်စိပ်တိုက် ဖမ်းဆီးရှာဖွေမှုများကြောင့် စစ်ကြောရေးတွင်ပင် ဖမ်းဆီးခံလူငယ်တချို့ သေဆုံးသည်အထိ ဖြစ်နေသည်။

သတင်း- MPA

Leave a Reply

Your email address will not be published. Required fields are marked *